.

.

.

March 6, 2011

စနစ်ဆိုးရဲ့ သားကောင်များ

ရုရှားနိုင်ငံမှာ ပျက်ကျသွားခဲ့တဲ့ လေယာဉ်အထဲတွင် ဒုဗိုလ်မှူးကြီးထိန်လင်းအောင်နဲ့ ဗိုလ်မှူး ဇော်ထွန်းအောင်တို့ နှစ်ယောက် သေဆုံးခြင်းနဲ့ ပတ်သက်ပြီး စည်းလုံးခြင်းရဲ့ အင်အားသို့ ပြည့်ပြည့်စုံစုံ သတင်းပေးပို့လာပါတယ်။ သေဆုံးသူတွေဟာ အလုပ်သင်ဗိုလ် အပတ်စဉ် (၂၂) မှဆင်းတဲ့ တစ်ပတ်စဉ်တည်း သူငယ်ချင်းများ ဖြစ်ကြပါတယ်။


အခု ရုရှားမှာ ပျက်ကျသွားတဲ့ AN-148 လေယာဉ်ဟာ လေတပ်က ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရေးမှာ သုံးစွဲဖို့ ဖြစ်တဲ့အပြင် လွှတ်တော်ခေတ်မှာ လိုအပ်သော သယ်ယူပို့ဆောင်ရေး ကဏ္ဍများမှာလည်း အသုံးပြုဖို့ ရည်ရွယ်ကာ စုစုပေါင်း ၂ စီး ၀ယ်ထားတာ ဖြစ်ပါတယ်။ ဒီလကုန် မြန်မာနိုင်ငံကို သယ်လာဖို့ စီစဉ်လေ့ကျင့်နေတုန်း ၀ယ်ထားတဲ့ (၂) စီးထဲက (၁) စီး ပျက်ကျသွားတာ ဖြစ်ပါတယ်။ မြန်မာပြည်ရောက်မှ သင်တန်း ထပ်ပေးဖို့ စီစဉ်ထားပြီး ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ၀ယ်ယူဖို့ စာချုပ်ချုပ်ဆိုရာမှာ မတိကျ မသေချာမှုတွေကြောင့်ရယ် လေတပ်မှ ကျွမ်းကျင်သူတွေရဲ့ အကြံပေးမှုတွေ မပါဝင်ပဲ ကကကြည်းမှသာ ဦးစီးဆောင်ရွက်ခဲ့ပြီး ပွဲခများ ရယူဆောင်ရွက်ခဲ့တာရယ်ကြောင့် လေသူရဲများအနေနဲ့ လေ့ကျင့်ရေးမှာ ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေရသော အခြေအနေတွင် လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ရုရှားကုမ္ပဏီမှ သူတို့ ငွေပိုမိုရရှိရန် လေသူရဲများကို မြန်မာပြည်တွင်သာ လေ့ကျင့်သင်တန်းပေးဖို့ ဆန္ဒရှိသလို Simulator အသုံးပြု လေ့ကျင့် သင်ကြားရေးကဲ့သို့သော ပျံသန်းရေးဆိုင်ရာ သင်ကြားမှုများနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲနေခဲ့ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ် (လေ) မှလည်း လေသူရဲများ ရုရှားသွားရောက် လေ့ကျင့်ပြီးမှသာ သင်ကြားရေး အစီအစဉ် စတင်ဖို့ စီစဉ်ခဲ့တာမို့ ကမောက်ကမ ဖြစ်နေတဲ့အပြင် အဆင်မပြေတဲ့ ၀ယ်ယူရေး အစီအစဉ်ကြောင့် အခုလို သေဆုံးခဲ့ကြရတဲ့အတွက် လေတပ်အတွင်း လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ပါတယ်။

လေသူရဲများ ရွေးချယ်စဉ်ကလည်း Y-8 နှင့် F-27၊ ATR-42 စသော သယ်ယူပို့ဆောင်ရေးလေယာဉ် မောင်နှင်ဖူးသူများထဲမှ နောက်ကြောင်းရှင်းသူ (Int Clear) ဖြစ်သူများကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ဒုဗိုလ်မှူးကြီး ထိန်လင်းအောင်ဟာ အမှတ်စဉ် (၅၉) လေယာဉ်မောင်း သင်တန်းဆင်းဖြစ်ပြီးတော့ ပို့ဆောင်ရေး လေယာဉ်မောင်း လေသူရဲတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ ရာထူးဟာ မြိတ်လေတပ်စခန်း ဌာနချုပ်မှ PC-6 လေယာဉ်အုပ်ဖြစ်သော အမှတ် (၅၆) ကင်းထောက်လေယာဉ်အုပ်မှ ဖြစ်သော်လည်း တာဝန်လက်ခံသော နာမည်သာရှိပြီး မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှာသာ နေပြီး တပ်ချုပ်ကြီးစီးတဲ့ ATR လေယာဉ်ကို မောင်းနေသူ ဖြစ်ပါတယ်။ သူဟာ အလုပ်သင်ဗိုလ်များထဲမှ ရှားရှားပါးပါး အုပ်မှူးဖြစ်လာသူ တစ်ဦး ဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ် (လေ) နဲ့လည်း နီးစပ်သူတစ်ဦး ဖြစ်ပါတယ်။


ဗိုလ်မှူးဇော်ထွန်းအောင်ဟာလည်း သူနဲ့တစ်ပတ်စဉ်ထဲဖြစ်ပေမဲ့ အဆင့်တိုးတင်စဉ်မှာ ထိန်လင်းအောင်ထက် နောက်ကျပြီး အဝေးသင်ဘွဲ့ရများကို ဒုဗိုလ်မှူးကြီး အဆင့် မပေးတော့ဘူး ဆိုတဲ့ မူဝါဒ ပေါ်လာလို့ ဗိုလ်မှူးဘ၀နဲ့ ကျန်ရစ်ခဲ့သူ ဖြစ်ပါတယ်။ သူဟာလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေစီးတဲ့ ATR လေယာဉ်ကို မောင်းနေသူတစ်ဦး ဖြစ်ပါတယ်။ ဒီလေယာဉ်တွေဟာ အသေးအဖွဲ ပျက်စီး ပြင်ဆင်ရမှု အများဆုံးသော လေယာဉ်တွေဖြစ်ပြီး တပတ်ရစ်တွေဖြစ်သလို လေ့ကျင့် သင်ကြားမှု ပြည့်ဝစွာ မရှိတာကြောင့် အခုလို ဖြစ်စဉ်မျိုး ကြုံတွေ့ခဲ့ရတာပါ။ ဒီဖြစ်စဉ်ဟာလည်း လေယာဉ်ကို မြန်မာပြည်သို့ သယ်ယူဖို့ ဆောင်ရွက်မှုအကြို အနေနဲ့ စမ်းသပ်ပြုလုပ်စဉ် ပျက်ကျသွားတာ ဖြစ်ပါတယ်။

လေယာဉ်များရဲ့ လုံခြုံစိတ်ချရမှု၊ အသုံးဝင်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ လေ့ကျင့်မှုတို့နဲ့ ပတ်သက်ပြီး လေတပ်အနေနဲ့ ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့် မရှိသမျှ ကာလပတ်လုံး ဒီလိုဖြစ်စဉ်တွေ ကြုံနေရဦးမယ် ဆိုတာ ရင်နာစွာနဲ့ စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်သို့ ပေးပို့တင်ပြလိုက်ပါတယ်။

No comments: