.

.

.

March 17, 2011

လထခ (မင်္ဂလာဒုံ) ရဲ့ အိမ်ခန်းငှါး အရှုပ်တော်ပုံကြီး


လေတပ် စစ်သည်တစ်ဦးက အိမ်ထောင်သည်လိုင်းခန်း အရှုပ်တော်ပုံ ဇာတ်လမ်းတစ်ပုဒ်အား စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ ပေးပို့လာပါတယ်။ ဗူးပေါက်တစ်ရာထက် ပါးစပ်တစ်ပေါက်ကို ပိတ်ရန်ခဲယဉ်းသလိုပင် နည်းပညာခေတ်တွင် မည့်သည့်အရာမှ ဖုံးကွယ်မရသည်ကို၎င်း၊ ဖိပါများလျှင် ကြွတတ်သည်ကို၎င်း၊ လေတပ်သားတို့ကို အကြောင်းပြု၍ တပ်တွင်းမှ အခက်အခဲ ပြဿနာများကို ပြည်သူသို့ တင်ပြရာမှာ နစ်နာသူ၊ ထိခိုက်သူ အရာရှိ/စစ်သည်များ ရှိခဲ့ပါလျှင် ပြည်သူ့ အကျိုးအတွက် ပေးဆပ်ရသည်ဟု နားလည်ပေး စေလိုကြောင်း ရှေးဦးစွာ စစ်သည်က ဆိုလာပါတယ်။

လေယာဉ်ထုတ်လုပ် ပြင်ဆင်ရေးဌာနချုပ် (မင်္ဂလာဒုံ) ရဲ့ အိမ်ခန်းငှါး အရှုပ်တော်ပုံကြီးကို တင်ပြရာမှာ ၂၀၀၇ ခုနှစ်က စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်ရှေ့ရှိ တိုက်ခန်းများအား ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်မှ လထခ သို့ လွှဲပေးခဲ့ရာမှ အခုလို ဇာတ်လမ်းစခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ တိုက်ခန်းတွဲဟာ စုစုပေါင်း အခန်း (၄၀) ကျော်ရှိသလို လမ်းပန်းဆက်သွယ်မှု အနေအထားအရ ရန်ကုန်မှာ အတော် တန်ဖိုးရှိတဲ့ နေရာကောင်းတစ်ခု ဖြစ်ပါတယ်။ ယခင်က ဆေးတပ်မှ လိုင်းခန်းဖြစ်ခဲ့ပြီး ယခုအခါ ဖယ်ပေးရကာ လေတပ်လိုင်းခန်းအဖြစ် ပြောင်းလဲရန် ဖြစ်ပါတယ်။

လထခ စာရင်းပေါက်တဲ့ အရာရှိအားလုံး (မှော်ဘီတပ်မှလည်း သူတို့သည်လည်း လထခ အင်အားဖြစ်သောကြောင့် ခွဲတမ်း ၀င်ယူပါသေးတယ်) ဟာ အဲဒီတိုက်ခန်းတွေကို အသီးသီး ယူကြတဲ့အပြင် မူလ လထခ တပ်ထဲမှာ လိုင်းခန်း ယူထားပြီးသူရော၊ ရန်ကုန်မှာ ကိုယ်ပိုင်အိမ်ရှိပြီး တပ်ပြင်ပမှာ နေသူများပါမကျန် တစ်ယောက်တစ်ခန်း ယူကြပေမဲ့ အခန်းတွေက ပိုနေပါသေးတယ်။ ဒါတောင် ကကလေမှ စက်မူလက်မူ အရာရှိချုပ်၊ စစ်ဦးစီးမှူး ပထမတန်း (ဂျီဝမ်းကြီး) များကမူ တစ်ယောက် (၂) ခန်း ခွဲတမ်းချ ယူကြရာမှာတောင် ထပ်မံ ပိုနေသေးရာ ဒလခမှလည်း သူတို့အား ဝေစုမျှခိုင်းရာ တိုက်တစ်တိုက်စာ ပေးလိုက်ပါတယ်။

လိုင်းခန်းရှိပြီးသူများက ထိုပိုနေသော တိုက်ခန်းကို တစ်လ ငါးသောင်းဖြင့် ငှါးစားပါတယ်။ ငှါးစားတာကို သတင်းရလို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ လာရောက်စစ်ဆေးတဲ့အခါ အမည်ပေါက် အရာရှိရဲ့ မိသားစုပုံကို အိမ်ရှေ့ခန်းတွင် ချိတ်ထားပြီး သူ့ရဲ့ ညီ/ညီမ စသူတို့ အိမ်မှာ ရောက်နေသည့်ဟန်ဖြင့် ဖြေရှင်းလိုက်ကြပါတယ်။ အသစ်အသစ်သော လူပျို မျိုးဆက်အရာရှိတို့ အိမ်ထောင်သည် ဖြစ်လာလို့ လိုင်းခန်းလျှောက်လာတဲ့ အခါမှာတော့ (၂) ခန်းပိုင် Senior အရာရှိများက ဘယ်အခန်းကို ဖယ်ပေးရမည်မှန်း မရွေးချယ်နိုင်တော့ဘဲ ပေကပ်ကပ်လုပ်နေလို့ ငယ်သူများအား စည်းကမ်းတကျ ဆောင်ရွက်ရန် (ငှါးစားထားသောအခန်း ပြန်အပ်စေရန်) တပ်မှူးအချို့က ဆောင်ရွက်လာပါတယ်။ ဒါပေမဲ့ အဲဒီ တပ်မှူးများ ကိုယ်တိုင်က (၂) ခန်းပိုင်များ ဖြစ်နေလို့ လက်အောက်က ပြန်လည်ထောက်ပြပြီး အချင်းချင်း မကျေလည်မှုတွေ ပြဿနာတွေ ဖြစ်ပွားလျက်ရှိကြောင်း သတင်းပေးပို့လာပါတယ်။

No comments: