.

.

.

June 13, 2011

လိုင်းကောင်းရဖို့ လေချုပ်ကတော်ထံ ဖားကြစို့


လေတပ်အရာရှိများဟာ ရာထူးတိုးမြင့်ရေးအတွက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းရဲ့ကတော်ထံ လိုင်းဝင်ရတာနဲ့ ပတ်သက်ပြီး လေတပ်နှင့်နီးစပ်သူ အသိုင်းအဝိုင်းက “စည်းလုံးခြင်းရဲ့အင်အား” ဝက်ဘ်ဆိုဒ်သို့ ယခုလို သတင်းပေးပို့လာပါတယ်။ စစ်တပ်မှာ ရာထူးတက်ဖို့ အဖါးတော်၊ အမျိုးတော်၊ ကိုယ်တိုင်တော် ဆိုတဲ့ “တော်သုံးတော်” ဆိုရိုးစကားရှိပေမဲ့ ယခုအခါ စစ်ဖက်နီးစပ်သူများက ခေတ်နဲ့အညီ “တော်လေးတော်” တိုးလာကြောင်း သတင်း ပေးပို့လာပါတယ်။ ထပ်တိုးလာတဲ့ “တော်” တစ်တော်ကတော့ ဒေါ်ကြိုင်ကြိုင်ရဲ့ ဇာတာစစ်ဆေးမှုအရ ဇာတာကောင်းဖို့ တော်ဖို့လိုကြောင်း သိရပါတယ်။

တဖန် အဲဒီတော်လေးတော်ထဲက အဖားတော်ဟာ ကြည်းတပ်တွင်သာမက လေတပ်တွင်ပါ ရှိလာကြောင်း လေတပ်နှင့်နီးစပ်သူ အသိုင်းအဝိုင်းက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ တင်ပြလာပါတယ်။ လေတပ်မှာ ဖွဲ့စည်းပုံအရ တပ်ဖွဲ့အသစ်များ ဖြစ်ကြတဲ့ UAV Squadron, meteorological Squadron နဲ့ IT Research Squadron သို့ ပြောင်းရွေ့လိုပါက ပြောင်းရွေ့နိုင်ရန် လေသူရဲနဲ့ စက်မှုအရာရှိတွေကို စတင် ဆန္ဒတောင်းခံနေကြောင်း သိရှိရပါတယ်။ အဲဒီတပ်ဖွဲ့များရဲ့ ဌာနချုပ် တည်နေရာများကတော့ နေပြည်တော်၊ရန်ကုန်နဲ့မိတ္ထီလ (၃) နေရာမှာဘဲရှိလို့ အရာရှိများအကြိုက် အနေချင်ဆုံး နေရာများအဖြစ် မက်လုံးပေးထားပါတယ်လို့ ဆိုပါတယ်။ Plan သေချာမရှိဘဲ ဖုတ်ပူမီးတိုက် လုပ်နေကျ ထုံးစံအတိုင်း လုပ်နေပြန်ပြီဖြစ်ကြောင်း လေတပ်အရာရှိများက ပြောကြတယ်လို့ သိရှိရပါတယ်။

အဆင့်တိုးပေးရာမှာ ညီမျှမှု မရှိတာတွေ၊ အဆင့်တိုးမပေးနိုင်တော့တဲ့ သူတွေအတွက် ဘာမှ စီစဉ်မပေးနိုင်တာတွေ၊ အငြိမ်းစားလစာနဲ့ ဆုကြေးမရဘဲ ထွက်ရတာတွေ၊ တပ်ကနေ မိမိဆန္ဒအလျှောက် နှုတ်ထွက်ခွင့် တင်ကြအောင် တမင် ဖန်တီးလာနေတာတွေကြောင့် အရာရှိအတော်များများက ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းအပေါ် မကျေမနပ် ဖြစ်နေကြတယ်လို့ ကြားသိရပါတယ်။ ကာကွယ်ရေးဦးစီးချုပ် (လေ) ကလည်း စစ်သည် အပြောင်းအရွေ့ကအစ သူကိုယ်တိုင် ကိုင်တွယ်နေသလို အရပ်ဘက်ပြောင်းချင်ရင်ဖြစ်ဖြစ်၊ နှုတ်ထွက်ခွင့် ကျချင်ရင်ဖြစ်ဖြစ် ကာကွယ်ရေးဦးစီးချုပ် (လေ) ရဲ့ ဇနီးဖြစ်သူ ဒေါ်ထွေးထွေးညွန့် ကတဆင့် ရွှေ (၅) ကျပ်သား ပေးရတယ်လို့ ကာယကံရှင်များကိုယ်တိုင် တိုးတိုးတိတ်တိတ် ရင်ဖွင့်နေပါတယ်။ လေကြောင်းလိုင်းများကို ပြောင်းချင်ရင်တော့ လိုင်းကြေးက (၁၀) သိန်း လို့ သိရပါတယ်။ ဒါတောင် မြန်မာ့လေကြောင်းနဲ့ ပုဂ္ဂလိကလိုင်းတို့အတွက် ဈေးနှုန်းချင်း မတူပါကြောင်း လေတပ်နဲ့နီးစပ်သူများက လေတပ်ရဲ့ ဇာခန်းစီးနောက်ကွယ်မှ သတင်းများကို ပေးပို့လာလို့ တင်ပြလိုက်ပါတယ်။

No comments: