.

.

.

July 8, 2011

ကချင်ပြည်နယ်တွင် ယမ်းငွေ့တွေနဲ့ဝေ

စစ်တပ်ထုတ် M-14 မြေမြုပ်မိုင်းသေတ္တာအား ကားပေါ်သို့ တင်နေစဉ်

စစ်တပ်ဟာ ရန်သူအတွက် ဆိုပြီး မိုင်းတွေထောင်ရမယ်ဆိုသော်လည်း တကယ်တမ်း ပြည်သူတွေ ထိခိုက်ဒဏ်ရာရနေပြီး စစ်အစိုးရကြောင့် ကချင်ပြည်နယ်တစ်ခုလုံး ယမ်းငွေ့တွေ လှိုင်လှိုင်သင်းနေကြောင်း စစ်ဖက်နီးစပ်သူများက ဝေဖန်နေကြပါတယ်။ မိုင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာ မိုင်းမထုတ်လုပ်ဖို့ တားမြစ်ထားတဲ့စာချုပ် လက်မှတ်ရေးထိုးရန် စစ်အစိုးရက မသိချင်ယောင်ဆောင်နေပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတောင် မိုင်းကိစ္စနှင့် ပတ်သက်ပြီး မလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ တကယ်တမ်း မိုင်းဆိုတဲ့ လက်နက်ဟာ အလစ်အငိုက်ယူပြီး တိုက်ခိုက်ရတဲ့ လက်နက်ဖြစ်လို့ စစ်သားလောကမှာ မိုင်းတွင် ဆရာမရှိကြောင်း၊ ပြောစမတ် ပြုကြပါတယ်။ ဖြစ်စဉ်တစ်ခုကို တင်ပြရရင် ဇူလိုင် (၇) ရက်နေ့ တနိုင်းမြို့နယ်တွင် အစိုးရတပ်များမှ ထောင်ထားသော မိုင်းဗုံးကို ရွာသား (၂) ဦးက တက်နင်းမိကြောင်း ဂျိန်ဖေါ့ကဆာ (Jinghpawkasa)မှ သတင်းပေးပို့လာလို့ သိရှိရပါတယ်။ ဖြစ်ပွားတဲ့နေရာကတော့ တနိုင်းမြို့နယ်အတွင်းရှိ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) ဧရိယာ နယ်မြေအတွင်း တနိုင်း စုပေါင်းဂိတ် အနီးနားမှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ တနိုင်းမြို့နယ် မုန်ဒိန် ရပ်ကွက်တွင် နေထိုင်တဲ့ သီဟဇော် အသက်(၂၄)နှစ်ဟာ ညနေပိုင်း ၃း၃၀ လောက်မှာ အဲဒီမိုင်းဗုံး နင်းမိ၍ ခြေထောက်တစ်ဖက် ပြတ်သွားရပါတယ်။ အလားတူ တနိုင်းမြို့နယ် ဒူးကောင် ရပ်ကွက်တွင် နေထိုင်သော ဒိန်ရိန်တူး အသက်(၂၂)နှစ်ဟာ ညပိုင်း ၈း၄၀ တွင် ထပ်မံ ဗုံးနင်းမိကာ ခြေထောက်တစ်ဖက် ပြတ်သွားကြောင်း သိရှိရပါတယ်။ ယခု နင်းမိသော ဗုံးများသည် ကေအိုင်အို ဘက်မှ ထောင်ထားတဲ့ မိုင်းဗုံးမဟုတ်ဘဲ အစိုးရစစ်တပ် ခလရ (၈၆)မှ ထောင်ထားသော မိုင်းဗုံး ဖြစ်တယ်လို့ သိရှိရပါကြောင်း တင်ပြလိုက်ပါတယ်။

No comments: