.

.

.

July 18, 2011

ကချင်ပြည်နယ် တနိုင်းမြို့တွင် Martial Law အမိန့်ထုတ်ပြန်ထား


ကချင်ပြည်နယ်၊ တနိုင်းမြို့အတွင်း အစိုးရတပ် ထောင်ထားသော မိုင်းကြောင့် ဒေသခံပြည်သူများ စား၊၀တ်နေရေးအတွက် လုပ်ကိုင်စားသောက်ဖို့ ခက်ခဲနေကြကြောင်း ဂျိန်ဖော့ကဆာ သတင်းဌာနမှ သတင်းပေးပို့လာပါတယ်။ “ အရင် ဒကစ မှူး ဗိုလ်မှူးချုပ် အောင်မြတ်ဦး ရှိစဉ် တနိုင်းဒေသဟာ အေးချမ်းပြီး သေနတ်သံ မိုင်းသံများလည်း မကြားရဘူး၊ ဗိုလ်မှူးချုပ် အောင်မြတ်ဦး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒုတိုင်းမှူးတာဝန်နဲ့ ပြောင်းသွားပြီး July (3) ရက်နေ့မှာ ပြန်ရောက်လာတဲ့ ဒု ဒကစမှူး ဗိုလ်မှူးကြီး အောင်တိုး လက်ထက်မှာတော့ တနိုင်း ဒေသခံပြည်သူများဟာ အမြဲ ကြောက်လန့် စိုးရိမ်နေရတယ်” လို့ ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။ ဗိုလ်မှူးကြီး အောင်တိုးသည် ယခင် မိုးမိတ်ဗျူဟာမှူး တာဝန်ယူနေစဉ် KIA တပ်ရင်း-၁၅ ဆန်ဂန် (Sang Gang) နဲ့ ဘွမ်ဆန် (Bum Sen) စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ပြီး ပြည်တွင်းစစ်ကို ဖန်တီးလိုက်တဲ့ အဓိက တရားခံလည်း ဖြစ်ပါတယ်။ ယခု တနိုင်း ဒု ဒကစမှူးတာဝန် နဲ့ July (3) ရက်မှာ ရောက်လာပြီး July (12) ရက်နေ့မှာ တနိုင်းမြို့ရှိ ဌာနဆိုင်ရာများကို အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး Martail Law ထုတ်ပြန်ရန် တနိုင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် ကို ညွန်ကြားခဲ့ကြောင်း စစ်ဘက်နှင့် နီးစပ်တဲ့သတင်းများအရ သိရပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်မှတဆင့် July (13) ရက်နေ့တွင် ရပ်ကွက်လူကြီးများအား “ ယနေ့မှစ၍

(၁) ည ၉:၀၀ နာရီ နောက်ပိုင်း အပြင်မထွက်ရ
(၂) အိမ်ထောင်စုစစ်ဆေးမည် ဖြစ်ကြောင်း
(၃) တောင်/လယ်ယာ လုပ်ကိုင်သူများအား တစ်ပတ်အတွင်း မိမိအိမ်၌ ပြန်ရောက်ရှိရမည်
(၄) ညနေပိုင်း ၄:၀၀ နာရီ ကျော်၍ မြို့ ပြင်မှာ သွားလာတာတွေ့ရင် သေနတ်နဲ့ပစ်ဖို့ စစ်သားများအား ညွန်ကြားထားကြောင်း
(၅) တနိုင်းမြို့ပြင် ၃မိုင် ပတ်လည်မှာ မိုင်းများထောင်ထားကြောင်း’’ ဟု ပြောကြားကြောင်း
အစည်းအဝေး တက်ရောက်ခဲ့တဲ့ ရပ်ကွက်လူကြီးတစ်ဦး ပြောကြားချက်အရ သိရှိရပါသည်။

လွန်ခဲ့တဲ့ July 7 မှာ ခလရ (၈၆) ထောင်ထားသောမိုင်းကြောင့် တနိုင်းဒေသခံ ဦးသီဟဇော် နှင့် ဦးဒိန်ရိန်တူးတို့ တောင်ယာမှပြန်လာချိန် မိုင်းနင်းမိပြီး ခြေထောက် နှစ်ဖက်လုံး ကျိုးသွားသည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။ တနိုင်းမြို့ အခြေစိုက်တပ်များတွင် ခလရ (၈၆)၊ ခလရ (၂၃၈)၊ ခမရ (၃၁၈) နှင့် အမြောက်တပ်ရင်းများရှိပြီး ၄င်းတို့ဟာ နေ့စဉ် မြို့ပြင်ဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်လေ့ကျင့်မူ၊ မိုင်းထောင်ခြင်း၊ သေနတ်ဖောက်သံများနှင့် Martial Law အမိန့်ကြောင့် ဒေသခံများဟာ မိမိလုပ်ကိုင်နေရသော လယ်၊ ယာများကို ဆက်မလုပ်နိုင်တော့ပဲ ကျွှဲ၊ နွားများကိုပါ စွန့်ခွာထားပြီး ရွာထဲသို့ ပြန်သွားကြရကြောင်း သိရသည်။ ယခုကဲ့သို့ ဟူးကောင်းဒေသ တနိုင်းမြို့တွင်း၏ Martial Law အမိန့်ကြောင့် ဒေသခံ ပြည်သူများ၏ ခရီးသွားလာမူနှင့် စားဝတ်နေရေး အခက်အခဲကြုံတွေ့နိုင်ဖွယ်ရှိကြောင်း ဂျိန်ဖော့ကဆာသတင်းဌာနမှ သတင်းပေးပို့ လာပါတယ်။

No comments: