.

.

.

January 19, 2011

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်သန်းရွှေ ဘာတွေကြံစည်နေသလဲ

စာဖတ်သူများ ခင်ဗျား


မြန်မာနိုင်ငံရှိ ပြည်သူလူထုနဲ့ နိုင်ငံ တကာကပါ စိတ်ပါ ၀င်စား စောင့်ကြည့် နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည် အား စီရင်ချက် ချမဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ယနေ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်သန်းရွှေအနေနဲ့ ဘာတွေ ကြံစည်ထားနိုင်တယ် ဆိုတာ ပြည်တွင်းမှ စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်သို့ ပေးပို့လာလို့ စာဖတ်ပရိသတ်များအား တင်ပြပေးလိုက်ပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက် ကျွန်တော် ကိုဖိုးတရုတ်မှ စစ်ဖက်နီးစပ်သူများကို အထူး ကျေးဇူးတင်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည့် အလားအလာ ဘယ်လိုလဲ?


၁။ ဒေါ်အောင်ဆန်းစုကြည်အား မူလကတည်းက အကျယ်ချုပ် သက်တမ်းကုန်ပါက ပြည်တွင်းမှာ ဆက်လွှတ် ထားဖို့ မလိုလားလို့ ဗိုလ်သန်းရွှေအနေနဲ့ ဆင်ကြံ ကြံလျက် ရှိပါတယ်။ မစ္စတာ ဂျွန်ဝီလျံယက်တောကိစ္စ ဖြစ်လာရာ ၀မ်းသာအားရနဲ့ ထောင်ချမည်ဟု ကြံစည်လျက် ရှိနေစဉ် မမျှော်လင့်ဘဲ နိုင်ငံတကာဖိအားနဲ့ ပြည်သူလူထုရဲ့ မကျေနပ် ချက်များ ပေါက်ကွဲလာလို့ အကြံအိုက် သွားခဲ့ပါတယ်။ အလားတူ မစ္စတာ ဂျွန်ဝီလျံ ယက်တောဟာ စိတ္တဗေဒပညာ ဘွဲ့ရထားသူပီပီ ခေသူမဟုတ်ပဲ တရားရုံးမှာ စတင်ရင်ဆိုင် ကတည်းက ပညာသားပါပါ ပြောဆိုလုပ်ကိုင်ခဲ့ပါတယ်။ ပိုဆိုးသည်မှာ ၎င်းဟာ ဖမ်းဆီးခံရပြီး ၂ ရက်မှ စတင်၍ အစာမစားဘဲနေတာကို နအဖက ဘာသာရေးကြောင့် အစာမစားဘဲနေတာလို့ အရှက်ပြေ “ကာ” နေရင်း ယခုဆိုရင် ဆေးရုံကို ရောက်ရှိတဲ့အထိ ကျန်းမာရေးဆိုးဝါးနေတာမို့ ဗိုလ်သန်းရွှေဟာ ဘေးကျပ်နံကျပ် ရင်ဆိုင်နေရပါတယ်။ စိတ်ပညာရှင် မစ္စတာဂျွန်ဝီလျံယက်တောဟာ ဗိုလ်သန်းရွှေရဲ့ စိတ်ဓါတ်စစ်ဆင်ရေး နည်းဗျူဟာကို စိန်ခေါ်အံတုလျက် ရှိပါတယ်။ မစ္စတာဂျွန်ဝီလျံယက်တောသာ တစ်ခုခု ဖြစ်သွားရင် နအဖအဖို့ ခေါင်းခဲစရာ ဖြစ်နေပါတယ်။ အဲဒါဆို ဘယ်လိုဆက်လုပ်ရင်ကောင်းမလဲ?

၂။ အခု အချိန်မှာ ဗိုလ်သန်းရွှေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်၏ပတ်ဝန်းကျင်ကို သန့်ရှင်းရေး လုပ်ခိုင်းနေပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အား ထိန်းချုပ်ရန် ကြိုးစားတဲ့ အကြံအစည် တစ်ခု ချမှတ်ထားပါတယ်။ ဒါကတော့ သူ့ရဲ့လက်သုံး ကျင့်သုံးလေ့ ကျင့်သုံးထ နည်းဗျူဟာ တစ်ခုဖြစ်တဲ့ ဆိုင်းငံ့ပြစ်ဒဏ်ပေးပြီး နေအိမ်တွင် အကျယ်ချုပ် ပြန်လည် ထားမယ်လို့ ခန့်မှန်း သိရှိ ရပါတယ်။ ဆိုလိုသည်မှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အပြီး နအဖရဲ့ အာဏာအခြေအနေ တည်မြဲမှုရှိပါလျင် ဒေါ်အောင်ဆန်းစုကြည်ကို အချိန် မရွေး ပြန်လွှတ်လို့ရတဲ့ “ကြား” လိုင်းကို ဆွဲမည်ဖြစ်ပါတယ်။ ခက်တာက မစ္စတာ ဂျွန်ဝီလျံယက်တော ဟာလည်း ကျန်းမာရေး ဆိုးဝါးနေမှုကြောင့် တရားရုံးကို တပြိုင်တည်း တက်ရောက်နိုင်မည့် အခြေအနေမှာ မရှိသလို အမေရိကန် လွှတ်တော်အမတ် လာရောက်ပါက အခြေအနေ ရှုပ်ထွေးမှုနှင့် ကြုံတွေ့နိုင်လို့ ဗိုလ်သန်းရွှေ အခက်အခဲ ကြုံတွေ့ နေရပါတယ်။ ဗိုလ်သန်းရွှေရဲ့ အခြားစိတ်ကူးတစ်ခုမှာ မစ္စတာဂျွန်ဝီလျံ ယက်တောရဲ့ ကျန်းမာရေးကို အကြောင်းပြပြီး အမှုကို ရက်ချိန်းဆွဲဆန့်ကာ စက်တင်ဘာ ရွှေဝါရောင် အရေးအခင်းကဲ့သို့ နှစ်ပတ်လည် လူထု အုံကြွမှုနဲ့ ထိပ်တိုက် မဖြစ်စေလိုဘဲ ရှောင်ရှားချင်သလို ရွေးကောက်ပွဲဥပဒေ ပြဌာန်းပြီးမှ အမှုကို စီရင်ချက် ချဖို့လည်း စဉ်းစားလျက် ရှိကြောင်း သိရှိရပါတယ်။

ဒါကြောင့် ဗိုလ်သန်းရွှေအနေနဲ့ အမှုစီရင်ချက်ကို အခုလာမယ့် (၁၁) ရက်နေ့မှာ ချမှတ်ဖို့ တော်တော်လေး အားယူပြင်ဆင် ခေါင်းခဲနေပါတယ်။ မချမှတ်နိုင်ခဲ့ရင် လာမယ့် ရွေးကောက်ပွဲဥပဒေ ပြဌာန်းပြင်ဆင်မည့် ကာလကို လွတ်ကင်းအောင် ထပ်မံ အချိန်ဆွဲဆန့်ဖို့ သဘောထား လည်း ရှိကြောင်း သိရှိရပါတယ်။ အချိန်ဆွဲ နေတဲ့ အတောအတွင်း ပြတ်ပြတ်သားသား အရေးယူဖို့ တရား သူကြီးချူပ် ဦးအောင်တိုး ကိုလည်း ဖိအားပေး ပြောဆိုနေပါတယ်။ တဖက်ကလည်း ဗိုလ်သန်းရွှေအနေနဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ ရွေးကောက်ပွဲ တွေမှာလည်း မည်သည့် အနှောင့်အယှက်ကိုမှ မမြင်တွေ့လိုတာကြောင့် လာမဲ့ (၁၁) ရက်နေ့မှာ အမှုကို စီရင်ချက် ချချင်နေကြောင်း၊ အလားတူ ဒီမိုကရေစီ ၀က်ဘ်ဆိုဒ်များနှင့် မီဒီယာ များကို လမ်းရှင်း တိုက်ခိုက်ပြီး ပြည်တွင်းမှာလည်း KNU ကဲ့သို့ လက်နက်ကိုင် တပ်ဖွဲ့များကို တိုက်ခိုက်ကာ အားလုံးကို အပေါ်စီးရအောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြဖို့ ညွှန်ကြားထားကြောင်းလည်း သိရပါတယ်။

No comments: