.

.

.

August 17, 2011

ကာကွယ်ရေးဦးစီးချုပ်(လေ) နယ်လှည့် စစ်ဆေးတဲ့သတင်း

ကာကွယ်ရေး ဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်း(လေချုပ်)

ကာကွယ်ရေး ဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်း(လေချုပ်)ဟာ လေတပ်စခန်းများသို့ လွန်ခဲ့တဲ့ နှစ်ပတ်က လှည့်လည်စစ်ဆေးခဲ့ကြောင်း လေတပ်အသိုင်းအဝိုင်းက စည်းလုံးခြင်းရဲ့ အင်အားဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။

လေချုပ်အနေဖြင့် ယခင်ကကဲ့သို့ တင်ပြချက် Power Point ဖြင့် ပြသောနေရာများကိုသာ ကြည့်ခြင်းမျိုး မလုပ်တော့ဘဲ ၎င်းစိတ်ကူးတည့်ရာ ပျံသန်းရေးအုပ်များ၊ ရိပ်သာများနှင့် လိုင်းခန်းများ၊ တပ်အဆောက်အဦးများ အထိ လိုက်လံကြည့်ရှုခဲ့တယ်လို့ သိရှိရပါတယ်။ လေချုပ်ဟာ အရာရှိ စစ်သည်များထံမှ အသေးစိတ် အချက်အလက်များကို မေးမြန်းရာမှာ ယခင်ကတည်းက ရှိနေခဲ့သော အဆင်မပြေမှုများ ပေါ်ထွက်လာလို့ “အခုမှ ဘာလို့ တင်ပြရလဲ” ဆိုသော အပြစ်တင်မှုကို အုပ်မှူး/ တပ်မှူး အများစု ခံကြရကြောင်း သိရှိရပါတယ်။ အုပ်မှူး/ တပ်မှူးများအနေဖြင့် အဖြစ်မှန်များ အားလုံးကို မတင်ပြသော်လည်း သိနေလျက်နှင့် မတင်ပြလို့ လေချုပ်က သူမသိဟုဆိုသောစကားမှာ ၀ိနည်းလွတ် ရှောင်လွဲနည်းသုံးနေတာဖြစ်ကြောင်း အုပ်မှူး/တပ်မှူး များမှ ယူဆနေကြပါတယ်။

တပ်စခန်းတစ်ခုလုံးမှ အရာရှိ/စစ်သည် အားလုံးကို ယခင်ကကဲ့သို့ စုပေါင်း သြ၀ါဒပေးခြင်းမျိုး မလုပ်တော့ဘဲ တွေ့လိုသူများအားတွေ့ကာ သိလိုသည်များသာ မေးမြန်းသွားခဲ့ကြောင်း သိရှိရပါတယ်။ လေချုပ်လှည့်လည်ရတဲ့အကြောင်းရင်းမှာ လေတပ်မှ သတင်းဆောင်းပါးများ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်ပေါ်တွင် ပါရှိနေပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်ရှိ ဆောင်းပါးများမှ အချက်အလက်များနှင့် ပတ်သက်၍ တစ်ခုချင်း ဖြေရှင်းခိုင်းနေကြောင်း သိရှိရပါတယ်။ ၄င်းသတင်းနှင့်ဆောင်းပါးများရဲ့ အရင်းမြစ်များကို လေတပ်အတွင်းမှ ရာထူးအဆင့်မတိုးသူများ၊ ချောင်ထိုးခံရသူများ၊ တပ်မတော်တွင်နေရန် ဆန္ဒမရှိသူများ၊ မြန်မာ့စစ်တပ်၏ မူဝါဒများကို မကြိုက်မနှစ်သက်သူများထံမှ ရရှိနေတယ်လို့ လေချုပ်မှသုံးသပ်ကာ ယခုလို စစ်ဆေးတဲ့ အစီအမံများ ပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။ လောလောဆယ် အခြေအနေတွင် သတင်းနှင့်ဆောင်းပါးများပါ အချက်အလက်များကို သိသာစွာ ပြောင်းလဲပြင်ဆင်မှုများ ဆောင်ရွက်ပေးခြင်း မရှိသော်လည်း မှန်ကန်မှု ရှိမရှိ စစ်ဆေးခဲ့ခြင်းဖြစ်ရာ အများစုအနေဖြင့် အထက်ပါ တွေ့ဆုံမှုများအရ မှန်ကန်နေကြောင်း တွေ့ရှိရပါတယ်။ တပြိုင်တည်းလိုပင် လေချုပ်ရဲ့ မျက်နှာမှာ “ဒီအကြောင်းတွေ ဘယ်ကောင်တွေ ဖွနေတာလဲ”ဟု မပြောရုံတမယ် ပေါ်လွင်နေပြီး သတင်းများ ပေါက်ကြားမှုကို ကက(လေ) မှ စုံစမ်းလျက်ရှိကြောင်း သိရှိရပါတယ်။ လေတပ်မှ အရာရှိများအနေဖြင့် ဖိုးတရုတ်မှ ဆောင်းပါးများအား Download လုပ်ကာ Print ထုတ်၍ နီးစပ်ရာ ဝေငှဖတ်ရှုပြီး အကြီးအကဲများအနေဖြင့် မည်သို့သော ပြင်ဆင်ဆောင်ရွက်မှုများ ဆောင်ရွက်မည်ကို စောင့်ကြည့်နေကြကြောင်း သတင်းပေးပို့လာပါတယ်။

No comments: