.

.

.

August 16, 2011

K.I.A နှင့် စစ်တပ်အပြန်အလှန် တိုက်ပွဲများဖြစ်နေခြင်း



ရှေ့တန်းတနေရာမှ K.I.A စစ်သည်ရဲမယ်များ

ဩဂုတ်လ ၁၅ ရက် ညနေပိုင်း အချိန်တွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် (၈) မိုင်ကုန်းမှာ ခလရ (၅၈) နှင့် K.I.A တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း K.I.A နှင့် နီးစပ်သူများမှ သတင်း ပေးပို့ လာပါတယ်။

အလားတူ ဩဂုတ်လ ၁၅ ရက် မှာပင် K.I.A တပ်ဧရိယာ နယ်မြေအတွင်းဖြစ်တဲ့ ဆန်ဂန် ( San Gang ) ကျေးရွာဘက်တွင် စစ်တပ်မှ စစ်သားအပြည့်နှင့် စားနပ်ရိက္ခာ တင်ဆောင်လာသော ကား (၆) စီးစစ်ယာဉ်တန်းကို K.I.A တပ်ရင်း (၁၅) က ခြုံခိုဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း ဆန်ဂန် ကျေးရွာနှင့်နီးစပ်သူတွေက သတင်းပေးပို့ လာပါတယ်။

၎င်းအပြင် ဩဂုတ်လ ၁၅ ရက် မနက်ပိုင်း ၉း၃၀ နာရီ အချိန်ခန့်မှာ ကချင်ပြည်နယ် လိုင်ဇာသွားရာလမ်းတွင် ခဇူး ( Katsu ) ကျေးရွာအနီး K.I.A တပ်နှင့် စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွား ခဲ့သေးကြောင်း ၎င်းကျေးရွာနှင့် နီးစပ်သူများက သတင်း ပေးပို့လာပါတယ်။ တိုက်ပွဲ အသံတွေကြောင့် ကုန်တင်ကားတွေကို လိုင်ဇာသို့ ပြန်သွားခိုင်းခဲ့ကြောင်းကိုလည်း သိရှိရပါတယ်။

ဩဂုတ်လ ၁၄ ရက်နေ့ကလည်း ခဇူး၊ ဒဘတ် ( Katsu, Dabak ) ကျေးရွာမှာ K.I.A နှင့် စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ (၄) ဦး ကျဆုံးသွားကြောင်း ကျေးရွာနှင့် နီးစပ်သူထံမှ သတင်းပေးပို့လာပါတယ်။

ဩဂုတ်လ ၁၄ ရက်နေ့မှာပင် လိုင်ဇာ လမ်းတွင်ရှိတဲ့ နမ်ဆန်ယန် ( Nam San Yang ) ကျေးရွာအနီး K.I.A တပ်ရင်း (၁၈) နှင့် စစ်တပ်တို့ အပြန်အလှန် တိုက်ပွဲဖြစ်ကြရာ စစ်တပ်မှာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်ချို လက်အောက်ခံ ခလရ (၃၇)၊ စစ်ကြောင်း(၂) အဖွဲ့တို့ ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်တပ်ဘက်မှ (၁) ဦး ကျဆုံးသွားကြောင်းကိုလည်း ကျေးရွာနှင့် နီးစပ်သူများထံမှ သတင်းပေးပို့ လာပါတယ်။

No comments: