.

.

.

February 1, 2011

ကျင်းပနေဆဲ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) လေးလပတ် အစည်းအဝေးမှာ အမှန်ကို တင်ပြရဲရဲ့လား

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၃၁) ရက်နေ့နဲ့ ဖေဖေါ်ဝါရီလ (၁/၂) ရက်နေ့တို့တွင် ရန်ကုန်မြို့ မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်မှာ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) လေးလပတ် အစည်းအဝေး ကျင်းပလျက် ရှိနေကြောင်း စစ်ဘက်နှင့် နီးစပ်သူများက သတင်းပေးပို့လာပါတယ်။

အဲဒီအစည်းအဝေးမတိုင်ခင်က ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းက ပျံသန်းရေး၊ စက်မှုလက်မှု၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် သက်သာချောင်ချိရေးဆိုင်ရာတွေမှာ အခြေအနေအမှန်အတိုင်း တင်ပြကြဖို့ ပြင်ဆင်လာပါလို့ ညွှန်ကြားခဲ့သလို လေတပ်အတွက် လုပ်သင့်တဲ့ အကြံဥာဏ်တွေကိုပါ စုဆောင်းပြင်ဆင်လာခိုင်းတာမို့ ထူးထူးခြားခြား ဖြစ်နေတယ်လို့ လက်အောက်ခံ လေတပ်စခန်းမှူး ဗိုလ်မှူးချုပ်တွေနဲ့ အုပ်မှူးတွေက အံ့သြနေကြပါတယ်။

တပ်ချုပ် ဗိုလ်သန်းရွှေ လေတပ်စခန်းဌာနသို့ သွားရောက် စစ်ဆေးနေပုံ

လေတပ်စခန်းမှူးတစ်ချို့က ဘေးကြပ်နံကြပ် ဖြစ်နေတဲ့ အခက်အခဲတွေနဲ့ လက်အောက်ခံ အရာရှိ/စစ်သည်တွေရဲ့ ရုန်းကန်နေရတဲ့ ဒုက္ခတွေကိုတော့ အမှန်အတိုင်း တင်ပြကြဖို့ အားယူနေပါတယ်။ ဒါပေမယ့် ယနေ့ကျင်းပနေဆဲ ကက(လေ) လေးလပတ် အစည်းအဝေးမှာတော့ အမှန်အတိုင်း တင်ပြဖို့ သတ္တိရှိ/မရှိ စခန်းမှူးတွေရဲ့ လုပ်ရပ်ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လေတပ်ရှိ အရာရှိ/စစ်သည်တွေရဲ့ ကိုယ်စား စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်မှ ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းထံသို့ အိတ်ဖွင့်ပေးစာ အနေနဲ့ အရာရှိ/စစ်သည်တွေရဲ့ ဆန္ဒကို အောက်ပါအတိုင်း ဖော်ထုတ်ပေးလိုက်ပါတယ်။

စစ်မှုမထမ်းမနေရ ဥပဒေ လျှို့ဝှက်ရေးဆွဲထားတယ်ဆိုတဲ့ သတင်းက လက်ရှိတပ်ထဲက အရာရှိ/စစ်သည် တွေတောင် အခက်အခဲ အမျိုးမျိုးနဲ့ အဆင်မပြေမှုတွေ ရင်ဆိုင်နေရဆဲ အခြေအနေမှာ ဘာတွေထပ်ဖြစ်ဦးမှာလဲလို့ စိုးရိမ်ပူပန်မှုတွေ ရှိလာပါတယ်။

စားဝတ်နေရေးဆိုတဲ့ အခြေခံ လိုအပ်ချက် (၃) ခုမှာ စားဖို့အတွက် တပ်ရိက္ခာက ဆန်၊ ဆီ၊ သကြား၊ နို့ဆီ ဒီ (၄) မျိုးဘဲရတော့သလို စစ်တပ်ရဲ့ မပါမဖြစ်အရာတစ်ခုဖြစ်သော ပဲ (ကုလားပဲခြမ်း) ကိုတောင် မပေးနိုင်တဲ့ ဒေသများ/တပ်များ ရှိတဲ့အတွက် ဒီ (၄) မျိုးထဲနဲ့ မိသားစုများရော၊ ရိပ်သာများပါ စားလို့ ဖြစ်ရုံ စခန်းသွားနေရတာ ကြာလှပါပြီ။ ရတဲ့ ရိက္ခာဆန်ကလည်း အရပ်ထဲမှာ ၀က်တွေ ကျိုကျွေးတဲ့ ဆန်ကွဲ အဆင့်သာသာပါ။ ငပိ၊ ဆား၊ လက်ဘက်ခြောက် စတာတွေက နာမည်သာရှိပြီး ဝေပေးလို့ မသင့်တော်လောက်အောင် မကောင်းတဲ့ အခြေအနေနဲ့ ထောက်ပို့က အမည်ပြည့်အောင်သာ ထုတ်ခဲ့ရတာတွေပါ။ ဒီတော့ သူတို့ပေးတဲ့ ရိက္ခာစိုကြေးတစ်နေ့ ၃၀၀ ကျပ်+ငရုတ်သီးခြောက်+ထင်းဖိုး= ၃၅၈ ကျပ် နဲ့ စားစရာ ဖန်တီးကြည့်လိုက်ပါ။ အမှန်တကယ် ဒီစရိတ်ငွေတွေနဲ့ပြင်ပ ကုန်ဈေးနှုန်း တွက်ချက် ၀ယ်ကြည့်ရင် စိတ်ကူးထဲမှာတင် ရူးလောက်ပါလိမ့်မယ်။ ဒီ မလောက်မင လစာစရိတ်တွေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိ/စစ်သည်များနဲ့ သူတို့ရဲ့ ပါရမီ ဖြည့်ဘက်များ ဘ၀ကို မိဘပြည်သူများအပါအ၀င် ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်း သိစေချင်ပါတယ်။ ဒီလို မလောက်ငရတဲ့အထဲ လူပျိုရိပ်သာများအတွက် ရရှိတဲ့ ရိက္ခာတွေ၊ စိုကြေးတွေကို တပ်မှူးတွေက ဖြတ်တောက် သုံးစွဲကြတာကြောင့် လူပျို အရာရှိ/စစ်သည်တွေမှာ ပိုပြီးနစ်နာကြရပါသေးတယ်။ အိမ် ထောင်သည်တွေ အတွက်ကြတော့လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေး ခေါင်းစဉ်အရ (၁၀) မျိုး (၁၀) ဘောင် စိုက်ခိုင်းတာတွေ၊ တပ်မတော်စည်းရုံးရေးကော်မတီ၊ တပ်မတော် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အစစ်ခံဖို့ အတင်းလုပ်ခိုင်းနေတာတွေ၊ အမျိုးသမီးများရဲ့ တူညီဝတ်စုံတွေ အတွက် ကုန်ကျစရိတ်တွေကလည်း ဒုက္ခတစ်မျိုး ဖြစ်နေတယ်ဆိုတာတွေကို လေချုပ်ကြီး သိစေချင်ပါတယ်။

ဝတ်စရာ စစ်ဝတ်စုံကျတော့လည်း အရာရှိတွေ အတွက် ကိုယ့်စရိတ်နဲ့ကိုယ် ၀ယ် ၀တ်နေရသလို၊ စစ်သည်တွေ အတွက် No Return System စစ်ဝတ်တွေက တစ်နှစ်လုံးနေပါမှ ပခုံးသိုင်းကြိုးရလိုက်၊ အောက်ခံဘောင်းဘီ ရလိုက်၊ စွပ်ကျယ်ရလိုက် ဖြစ်နေတာ လေချုပ် မသိသေးဘူး ထင်ပါတယ်။ လေတပ်စခန်း တစ်ခုလုံးမှာမှ စစ်ဘိနပ်ကြီး၊ ခြင်ထောင်၊ ယူနီဖောင်း ရသူ တစ်နှစ်မှာ ၁၀ ယောက် မကျော်တာကတော့ တပ်ထောက်ရဲ့ ဂွင်တွေပဲ ဆိုတာ လေတပ်သားတို့ သိနေလို့ အိပ်ချင်ယောင်ဆောင်တဲ့သူ နိုးပြီး ပြောရမလို ဖြစ်နေပါတယ်။ အရာရှိ ကုန်ဝယ်စာအုပ်ဆိုတာကလည်း ပျောက်ရင် Service Cut ထိမှာစိုးလို့ သေတ္တာထဲ ထည့်သိမ်းရုံက လွဲပြီး ဘာမှ အသုံးမ၀င်တာ ကြာခဲ့ပါပြီ။ ရဲမေ စစ်ရေးပြ သင်တန်းအတွက် ရှိတာလေးထဲက ယူနီဖောင်းပြေးဝယ်ရတာကိုလည်း ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းရဲ့ဇနီး အသိဖြစ်ပါတယ်။

နေစရာ လိုင်းခန်းမှာ အမိုးပေါက်၊ နံရံပြိုတာတွေ၊ အိမ်သာ မရှိတာတွေ၊ ရေ/မီး မစုံတာ၊ လိုင်းခန်းငှါးစားတာ၊ မုန့်ဆိုင်လေးအတွက် တပ်ရေးဗိုလ်ကြီးနဲ့ တပ်ထောက်ဗိုလ်ကြီးတို့ကို အခွန်သဘော လိုင်းကြေး အကောက်ပေးရတာ၊ စတာ စတာတွေကတော့ ပြောလို့မကုန်အောင် များပြားလှပါတယ်။ လူပျိုရိပ်သာဆို တခါးပေါက်တောင်မရှိ၊ အိမ်သာက မလုံမလောက်၊ ဧည့်သည်လာရင်တောင် ရိပ်သာလို့ခေါ်တဲ့ (ထမင်းစားခန်းဆိုပြီး လူကြီးတွေ တပ်စစ်လာရင်ပြဖို့) အဆောင်ကို ခေါ်တွေ့ကြရပါတယ်။ အဲဒီမှာတော့ TV၊ စလောင်းနဲ့ ထမင်းစားပွဲက အကောင်းစားနဲ့ ဟန်ပြထားပေမယ့် အဲဒီရိပ်သာကို စစ်သည်တွေကတော့ တခါမှ ထိုင်မစားဖူးပါဘူး။ ထမင်းချက်တဲ့ မီးဖိုနားမှာပဲ ကြုံသလို စားနေကြရတာပါ။

ရိက္ခာကဒ်ပေါင်တာ၊ လစာကြိုရောင်းတာ၊ ကင်းတာဝန် အငှါးစောင့်တာ၊ လစာထုတ်ပြီး အကြွေးဆပ်ရင် ၁၀၀ ကျပ် တောင် မကျန်တဲ့ စစ်သည်တွေ၊ လစာကမလောက်ငှတဲ့ ရဲမေတွေ အပြင်မှာ အလုပ်အမျိုးမျိုးလုပ် ၀င်ငွေရှာနေရတာ၊ ဌာနအတွက် လိုင်းကြေး အကောက်သဘော ငွေပေးပြီး စစ်သည်တွေ အပြင်မှာအလုပ်သွားလုပ်နေတာ၊ တရားမ၀င် အကြံအဖန်လုပ်နိုင်ပြီး ဆီရောင်း ကောင်းတဲ့ လေယာဉ်အုပ်က စစ်သည်ရဲ့ လိုင်းခန်းနဲ့ ဘာမှ ရစရာမရှိတဲ့ လေတပ်စက်မှုလက်မှု ဌာနလိုမျိုး မြေပြင်ဌာနက စစ်သည်တို့ဟာ လိုင်းခန်းချင်း ကပ်နေပြီး အခြေအနေ အဆင့်အတန်း ကွာတာကြောင့် ပြဿနာမျိုးစုံ တက်နေတဲ့ အသံတွေ၊ တပ်ကထွက်ခါနီး အရာခံဗိုလ်ကြီးခမျာ နေစရာအတွက် ရတက်မအေးရတဲ့ အသံတွေ၊ အရာရှိတွေလစာချက်ကို အများကြီးပွါးပြီး ငွေလိမ်ချေးတာနဲ့ ချမ်းသာတဲ့ ကောင်မလေးတွေဆီက အရာရှိတွေရဲ့ ပုခုံးပေါ် အပွင့်လေးပြ ငွေချူစားနေတာတွေ စတဲ့အသံဗလံတွေအပြင် တချို့ စားဝတ်နေရေးကြပ်တည်းလို့ တပ်ထဲက ပစ္စည်းတွေခိုးနေတာ၊ လောင်းကစားမျိုးစုံလုပ် ဒိုင်ကိုင် လုပ်နေတာတွေ..... စတဲ့ ရင်ဖွင့်သံတွေကို ကြေညာ ပေးလိုက်ပါတယ်။ ဒီရင်ဖွင့်သံတွေကို အကြီးအကဲတွေအနေနဲ့ ဆရာ့ ဆရာကြီးများထံ တင်ပြရဲ ပါရဲ့လားလို့ မေးလိုက်ပါရစေ..

No comments: