.

.

.

January 20, 2011

တပ်မတော် (လေ) ဘာတွေ လုပ်နေလဲ - အပိုင်း (၂)


စာဖတ် ပရိတ်သတ်များ ခင်ဗျား

စစ်အာဏာရှင်တွေဟာ တိုင်းပြည် ဘဏ္ဍာငွေထဲမှ နိုင်ငံခြား ငွေများအား ပြည်သူလူထု အတွက်လုံးဝ မသုံးစွဲဘဲ စစ်အင်အား ဖြည့်တင်းဖို့သာ ကြိုးစားနေပြီး စစ်တပ်တွင် ငွေကြေး အင်အားသုံးစွဲမှု အကြီးမားဆုံးဖြစ်တဲ့ ရေတပ်ပြီးရင် လေတပ်ကို ၀ယ်ယူဖြည့်တင်း နေကြပုံ၊ လေတပ်ရဲ့ လေယာဉ်စွမ်းပကားနှင့် တပ်ဆင်ထားသော ဗုံး၊ Machine Gun လက်နက်များ၊့ Rocket Launchers၊ Missiles၊ စက်မှုဆိုင်ရာ Data အချက်အလက်များ၊ လေတပ် သမိုင်းကြောင်းနှင့် ဖွဲ့စည်းခဲ့ပုံ စတာတွေကို တပ်မတော်(လေ) မှ အရာရှိ Pilot တစ်ဦးက စာဖတ်သူများ ဗဟုသုတ ရရှိစေဖို့ ကျွန်တော်ကိုဖိုးတရုတ်ထံ ဆက်လက် ပေးပို့လာ ပါတယ်။ သို့သော်လည်း စစ်အာဏာရှင်တွေ အနေနဲ့ တပ်မတော် အင်အားရှိအောင် အမှန်တကယ် တော့ အကျိုးရှိအောင် မလုပ်ခဲ့ဘဲ တပ်ဆင်လိုက်တဲ့ စစ်လက်နက်ပစ္စည်း၊ တင့်ကားများ၊ တိုက်လေယာဉ်၊ ရေယာဉ်များဟာ အရည်အသွေး ညံ့ဖျင်းပြီး အလဟဿ ဖြစ်သွားရကြောင်း၊ တိုင်းပြည်ရော တပ်မတော်ပါ မိအေးနှစ်ခါနာ ဖြစ်ရကြောင်းများကို လက်တွေ့ကျကျ အဓိပ္ပာယ်ရှိရှိ တင်ပြရခြင်း ဖြစ်ကြောင်း ဆောင်းပါးရှင်က ပေးပို့ရင်း ပြောကြားလာ ပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက် တပ်မတော်(လေ)မှ အရာရှိ Pilot အား အထူး ကျေးဇူး တင်ရှိပါကြောင်းနဲ့ ပင်တိုင် ဆောင်းပါးရှင် အဖြစ်လည်း စည်းလုံးခြင်းရဲ့အင်အား Website မှ ဂုဏ်ပြု မှတ်တမ်းတင်ရင်း ဖေါ်ပြအပ်ပါတယ် ခင်ဗျား။

ကာကွယ်ရေး ဦးစီးချုပ်(လေ) အဆက်ဆက် နှိမ့်ချခံခဲ့ရပုံ

၆။ န၀တ စတင်ဖွဲ့စည်းစဉ်က ကာကွယ်ရေး ဦးစီးချုပ် (လေ) မှာ ဒုတိယ ဗိုလ်ချုပ်ကြီး တင်ထွန်းဖြစ်ပြီး ၀န်ကြီးဌာန သုံးလေးခုကိုလည်း ပူးတွဲကိုင်ရပါတယ်။ အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ ဆက်ဆံရေး မပြေမလည်ဖြစ်ခဲ့ရာမှ ဒုဗိုလ်ချုပ်ကြီးတင်ထွန်း ကိုင်တွယ်ရတဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနအား ဖြိုခွဲခံလိုက်ရကာ ရထားနဲ့ဆက်သွယ်ရေး ကော်ပို ရေးရှင်းများကို ၀န်ကြီးဌာနများ အဖြစ် အစိတ်စိတ် အမွှာမွှာ ခွဲထုတ်တာ ခံခဲ့ရ ပါတယ်။ အဲဒီနောက် သူဟာ သက်တော်ရှည် အမတ်ကြီးသဖွယ် ဒုတိယ၀န်ကြီးချုပ်အဖြစ် ရုပ်ပြနဲ့ ချောင်ထိုးခံရပြီး အနားပေး ခံခဲ့ရပါတယ်။ အဲဒီ ဆက်ဆံရေး အားနည်းချက်ကို ဖြည့်ဆည်းဖို့ နောက်ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဝင်း ပို့ဆောင်ရေးဝန်ကြီး ဖြစ်လာတော့ အတွင်းရေးမှူး (၁) ခရီးစဉ်နောက်သို့ တကောက်ကောက် လိုက်ပါကာ အစွမ်းကုန် ဖားရပါတော့တယ်။ သူလည်း ပြဿနာဖြစ်ပြီး လွှင့်သွားရပြန် ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ် (လေ) နောက်တစ်ယောက်ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး တင်ငွေ ကတော့ ပိုဆိုးသွားပြီး အလုပ်သမားဝန်ကြီး ရာထူးသာ ရရှိကာ ILO အရေး အခင်းကြောင့် အဖယ်ခံ ရပြန် ပါတယ်။ ဒီထက် ပိုဆိုးတာကတော့ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်သန်းဟာ S-2 နဲ့ အဖွဲ့ ဖါးးအံနားမှာ MI-17 ပျက်ကျလို့ တာဝန်ရှိတယ်ဆိုပြီး ၀န်ကြီး ရာထူးတောင် မပေးတော့ဘဲ ထိုင်း-မြန်မာ ချစ်ကြည်ရေးအဖွဲ့ ဥက္ကဌသာ ပေးခဲ့ပါတယ်။ နောက်ကာကွယ်ရေး ဦးစီးချုပ် (လေ) ဖြစ်လာမဲ့ စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်ချုပ် မြင့်ဆွေဟာ ဦးနေ၀င်း မြေးကိစ္စနဲ့ ပတ်သက်ပြီး ပြုတ်သွား ပါတယ်။ ယခု ကာကွယ်ရေးဦးစီးချုပ် (လေ) ကတော့ ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း ဖြစ်ပြီး DSA အပတ်စဉ် (၁၇) ကျောင်းဆင်းဖြစ်ကာ တော်တော်နှင့် ရာထူး မပေးသေးဘဲ လေ့လာခဲ့ပြီးမှ ပေးခြင်းဖြစ် ပါတယ်။ နိုင်ငံတကာမှာ ပြောင်းလဲလာတဲ့ စစ်ရေး ဗျူဟာများအရ လေတပ်ကို ဦးစားပေးသော်လည်း စစ်အာဏာရှင် တွေကတော့ လေတပ်အား အသုံးလိုမှ ခေါ်ခိုင်းတဲ့ အဆင့်သာ ရှိပါကြောင်း တွေ့ရှိရ ပါတယ်။

ဇာတ်လမ်းအစ တရုတ်က

၇။ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့ အချိန်မှာ တရုတ်ဝန်ကြီးချုပ် လီပင်းဟာ စစ်ခေါင်းဆောင်တွေကို ထောက်ခံ အသိအမှတ် ပြုကြောင်း မြန်မာပြည်ပေါ်မှ လေယာဉ်နဲ့ ဖြတ်သန်းစဉ် တရုတ်သံရုံးမှ တဆင့် အကြောင်းကြားခဲ့ပါတယ်။ န၀တအစိုးရ အနေနဲ့ အရေးအခင်း ကာလအတွင်း အမေရိကန် စစ်သင်္ဘောတွေ နိုင်ငံတကာရေပိုင်နက်နဲ့ မြန်မာနိုင်ငံ ရေပိုင်နက် စပ်ကြားသို့ အမေရိကန် သံရုံးက ၀န်ထမ်းများအား ကယ်တင်ရန် ရောက်လာတယ်လို့ သတင်း ရပြီးတဲ့နောက်မှာ အားကိုးရှာဖို့ တရုတ်နိုင်ငံကို ချဉ်းကပ်ခဲ့ ပါတော့တယ်။


၈။ တရုတ်အစိုးရက ဒေါ်လာ တစ်ဘီလီယံဘိုးရှိ တင့်ကားများ ၊ F-7 တိုက်လေယာဉ်များ နှင့် A-5 တိုက်လေယာဉ်များ၊ စစ်ရေယာဉ်များ၊ စစ်လက်နက်ပစ္စည်းများ၊ မော်တော်ယာဉ်များ အား အတိုးမဲ့ အကြွေးစနစ်နဲ့ တဖြည်းဖြည်းချင်း ပြန်ဆပ်ရန်ဆိုပြီး န၀တအား ပေးလိုက်လို့ စစ်အာဏာရှင်တွေလည်း တအံ့တသြ ဖြစ်ခဲ့ ကြရပါတယ်။ ယခင်တုန်းက နိုင်ငံခြားငွေ ရှားပါးမှုကြောင့် တိုက်လေယာဉ်များ ၀ယ်ယူပြီဆိုရင် လေယာဉ်အုပ် တစ်အုပ်စာ (၁၀) စီးခန့်ကို အနည်းဆုံး ၀ယ်ရမှာဖြစ်လို့ စစ်အာဏာရှင်တွေ အနေနဲ့ ခေါင်းကိုက်ခဲ့ရဖူး ပါတယ်။ ယခုတော့ တရုတ်က မဟာကရုဏာရှင်ကြီးသဖွယ် F-7 နှင့် A-5 တိုက်လေယာဉ်များအား ဖောဖောသီသီ ထုတ်ပေး ခဲ့တာကြောင့် န၀တလည်း တရုတ်ကို နေ့ချင်းညချင်း အဖေလို ကိုးကွယ် ကျေးဇူးရှင်ကြီးပမာ သတ်မှတ် ခဲ့ရပါတော့တယ်။
မျက်နှာမှာ “သနပ်ခါးပါးကွက် ပေါင်မှာတော့သေးစီးကြောင်း” တရုတ်ရဲ့ဇာတိဇာတ်ကြောင်း

၉။ ဒီလိုနဲ့ မြန်မာ့တပ်မတော်ဟာ တရုတ်လုပ် စစ်လက်နက်ပစ္စည်းများ၊ တင့်ကားများ၊ စစ်ရေယာဉ်များနဲ့ တိုက်လေယာဉ်များကို လက်ခံရယူဖို့ နယ်စပ်ကတစ်မျိုး၊ ရေကြောင်း၊ လေကြောင်းမှတစ်ဖုံ အဖွဲ့မျိုးစုံခွဲကာ ၀မ်းသာ အားရ သွားရောက် လက်ခံယူကြပါ တော့တယ်။ ပထမဦးဆုံး ပြဿနာ စပေါ်တာကတော့ တရုတ်လုပ် FAW နဲ့ LANJANG ကားတွေဟာ ဘော်ဒီပါးပြီး အကြမ်းမခံတဲ့အတွက် အကြမ်းသုံးရတဲ့တပ်နဲ့ မကိုက်ဘဲ ပျက်စီးမှု မြန်ဆန်လာ ပါတယ်။ တရုတ်လုပ် T-63 T-69 တင့်ကားများအနက် ကုန်းရေသွား တင့်ကားများ ဆိုရင် မိတ္ထီလာရေကန်ကြီးလို ရေသေအတွင်းမှာသာ မောင်းလို့ရပြီး ကြည်း/ရေ/လေ ပူးပေါင်း စစ်ဆင်ရေး လုပ်တဲ့ သာပေါင်းမြို့နယ် နဂါးမင်း ကမ်းတက် စစ်ဆင်ရေးမှာ အဲဒီ တင့်ကား တွေဟာ ပင်လယ်ထဲက ရေအရှင်မှာ တော်တော်နဲ့ မောင်းလို့မရဘဲ တ၀ဲလည်လည် နစ်မြုပ် သွားလို့ တော်တော် ခက်ခက်ခဲခဲ လေ့ကျင့်ယူရပါတယ်။ တရုတ်လုပ် စစ်သင်္ဘောများ ဟာလည်း ဘော်ဒီသံ ပါးလွှာခြင်း၊ သံချေးကိုက်နေခြင်း၊ ပေးထားသည့်ပုံစံက တစ်မျိုး၊ သွားယူတော့ ရခဲ့တဲ့ ပုံစံက တစ်မျိုး ဖြစ်နေကြောင်း ရေတပ်အသိုင်းအ၀ိုင်းမှ သိရှိခဲ့ရပါတယ်။

၁၀။ တပ်မတော် ကြည်း/လေ ခြေလျင်တင့် ပူးပေါင်းစစ်ဆင်ရေးကို မိတ္ထီလာနယ်မြေမှာ လေ့ကျင့်တဲ့အခါ တရုတ်နိုင်ငံလုပ် F-7 နှင့် A-5 တိုက်လေယာဉ်များဟာ မြေပြင်ရှိ ရန်သူ့ ပစ်မှတ်ကို တိုက်ခိုက်တဲ့အခါမှာ တိမ်တိုက်ကို ဖောက်ကာ အောက်ကိုနှိမ့်ပြီးမှ တိုက်ရတဲ့ အတွက် လေတပ်ဦးစီးချုပ် အပေါ် ကြည်းတပ် တပ်မမှူးများက အန္တရာယ်များကြောင်း မေးခွန်း ထုတ်ခဲ့ဖူးပါတယ်။ A-5 တိုက်လေယာဉ်များဟာ လေယာဉ်သက်တမ်း ကုန်နေလို့ ၅၀ ရာခိုင်နှုန်းဟာ လေထဲသို့ တက်ဖို့ မဖြစ်နိုင်တော့ကြောင်း သိလိုက်ရပါတယ်။

F-7 တိုက်လေယာဉ်များဟာလည်း အရည်အသွေး ညံ့ဖျင်းတာကြောင့် Flying Hour ရဖို့ Pilot တွေ လေ့ကျင့် ရာမှာ မိတ္ထီလာမှာပင် မကြာခဏ ပျက်ကျခဲ့တာမို့ ထူးချွန်တဲ့ လေသူရဲများ ဆုံးရှုံး နစ်နာခဲ့ရပါတယ်။ တစ်ကြိမ်မှာ မြေပြင်မှ အရှိန်ယူပြီး လေထဲသို့ ပျံသန်းဖို့ အားယူနေတဲ့ F-7 တစ်စီးဟာ ရုတ်တရက် စက်ချို့ယွင်း သွားတာကြောင့် Control tower မှ အဲဒီ လေယာဉ်က Pilot ကို လေယာဉ်မှ ခုန်ထွက်ဖို့ အမိန့်ပေးခဲ့သော်လည်း စစ်ခုံရုံးနှင့် တွေ့မှာ စိုးလို့ ပေကပ်ပြီး ကြိုးစားမောင်းခဲ့ပေမဲ့ လေယာဉ်ရော Pilot ပါ ဆုံးရှုံးခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်က တရုတ် နိုင်ငံမှ ၀ယ်ယူလိုက်တဲ့ F-7 တိုက်လေယာဉ်များ ရန်ကုန် မင်္ဂလာဒုံ လေဆိပ်သို့ ဆီဖြည့်ရန် ခေတ္တရောက်နေစဉ် သွားရောက်မေးမြန်း ကြည့်ရူသူများက သိရှိရသည်မှာ မြန်မာနိုင်ငံက ၀ယ်ယူတဲ့ F-7 ထက် အမျိုးအစား အဆမတန် ပိုမို ကောင်းမွန် နေကြောင်း သိရှိရပါတယ်။ တရုတ်တို့က န၀တအား ခေတ်မမှီတော့တဲ့ F-7 တွေကို အကြွေးနဲ့ နွားမရွံ့ပိတ် ထိုးထည့်လိုက်တာ အင်မတန် သိသာလှပါတယ်။

No comments: