.

.

.

June 20, 2008

မောင်ဝိတ် အဖမ်းခံနေရဆဲ ဖြစ်ဖွယ်ရှိ

မူးယစ်ဆေးဝါး ဖောက်ကားမှုတွင် ပတ်သက်သည်ဆိုသော စွပ်စွဲချက်ဖြင့် ခေါ်ယူ မေးမြန်းခြင်း ခံခဲ့ရသည့် လူငယ် စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်သည် အထိန်းသိမ်းခံနေဆဲ ဖြစ်သည်ဟု ယုံကြည်ရသည်။

စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် သဟဇာတဖြစ်သူ အသက် ၃၅ နှစ်အရွယ် မောင်ဝိတ်နှင့် မိသားစု ကုမ္ပဏီ လီမိတက်၏ မန်းနေးဂျင်း ဒါရိုက်တာ မောင်ဝိတ်ကို မူးယစ်မှုဖြင့်ပင် စစ်ဆေးခံရသည့် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်ကို ဖမ်းဆီးပြီးနောက် နှစ်ရက် အကြာတွင် ဖမ်းဆီးခဲ့သည်ဟု သတင်းရပ်ကွက်များက ပြောသည်။


မဇ္ဈိမက ရန်ကုန်မြို့ လမ်းမတော်လမ်းရှိ မောင်ဝိတ်နှင့် မိသားစု ကုမ္ပဏီ လိမိတက်သို့ ဖမ်းဆီးထားသည် ဆိုသော သတင်းနှင့် ပတ်သက်၍ ဆက်သွယ် အတည်ပြုချက် ရယူရာ ကောလဟလသာ ဖြစ်ပြီး ကျိုက်လတ်မြို့နယ်တွင် နာဂစ်ဆိုင်ကလုံးဒဏ်သင့် ဒုက္ခသည်များအတွက် ကျန်းမာရေး ၀န်ဆောင်မှုနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်လျှက် ရှိသည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

သို့သော် ကျိုက်လတ်တွင် မောင်ဝိတ် ရောက်ရှိနေခြင်း ရှိ မရှိ မဇ္ဈိမ အထောက်တော်များက သွားရောက် စုံစမ်းခဲ့ရာ ကုမ္ပဏီအနေဖြင့် လုပ်ငန်း များ ဆက်လက် လုပ်ဆောင်နေသော်လည်း ရောက်လာခဲ့ခြင်း မရှိဟု ၀န်ထမ်းများက ပြောသည်။

ရာထူးမြင့် စစ်တပ် အသိုင်းအ၀ိုင်း အပြောအရ ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ခံ နေရာတခုတွင် ထိန်းသိမ်းခံထားရသည်ဟု ဆိုသည်။

ယခင်ကလည်း မောင်ဝိတ်ကို စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်သည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။

ဖယ်ရှားခံလိုက်ရသော ၀န်ကြီးချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီး ခင်ညွှန့်နှင့် ရင်းနှီးသူဖြစ်သည့် မောင်ဝိတ်ကို စွဲချက်တင်မည်ဟု စစ်ခေါင်းဆောင် များနှင့် နီးစပ်သည့် သတင်းရပ်ကွက်များက ပြောသော်လည်း မည်သည့် အမှုဖြင့် စွဲချက်တင်မည်ကို မဇ္ဈိမအနေဖြင့် ရှင်းရှင်းလင်းလင်း မသိရသေးပါ။

မောင်ဝိတ်သည် စစ်ဘက်ရေးရာ လုံခြုံရေးဌာန အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ၏ တူမဖြစ်သူ မယဉ်မင်းခင်ကို လွန်ခဲ့သည့် လအနည်းငယ် အတွင်း မြန်မာကျပ်ငွေ သိန်းပေါင်း ၁ သိန်းပေးကာ ကွာရှင်းထားသူ ဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့်လည်း ဆွေမျိုးတော်စပ်ပြီး ယခင် ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွှန် နောက်ပိုင်း တန်ခိုး ထွားလာသူလည်း ဖြစ်သည်။

အောင်ဇော်ရဲမြင့်ကို ဖမ်းဆီးသော အမှုနှင့် ပတ်သက်၍ မဇ္ဈိမက သတင်းဦး ထုတ်ပြန်ပြီး ဖြစ်သည်။ လက်ရှိအချိန်တွင် အောင်ဇော်ရဲမြင့်ကို ပြန်လည် ပြုပြင်ရေး စခန်းတခုတွင် ပို့ထားကာ မူးယစ်ဆေး ဖြတ်လျက် ရှိသည်။

ယခုကဲ့သို့ စစ်အစိုးရ အသိုင်းအ၀ိုင်း၊ ရုပ်ရှင်မင်းသား မင်းသမီးများ အပါအ၀င် ရုပ်ရှင်နယ်ပယ်မှ လူ ၂ ဒါဇင်ခန့်ကိုပါ ခေါ်ယူ စစ်ဆေးမှု ပြုလာခဲ့သည်။

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် မနန္ဒာလှိုင်နှင့် ကိုဇေသီဟတို့၏ မေလအတွင်းက ပြုလုပ်ခဲ့သော မင်္ဂလာဆောင် အခမ်းအနားသို့ တက်ရောက် ရန် ကာယကံရှင်များက နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ နံပါတ် ၃ အကြီးအကဲ ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို သွားရောက် ဖိတ်ကြားမှုပြုရာမှ အစပြုခဲ့သည်ဟု ဆိုသည်။

မဇ္ဈိမက ကိုဇေသီဟရှိရာ မြရိပ်ညိုဟိုတယ်သို့ ဆက်သွယ် အတည်ပြုချက် ရယူရာတွင် ကိုဇေသီဟက တယ်လီဖုံး လာရောက်ကိုင်ကာ ဆဲရေးပြီး ဖုံးချသွားသည်။

မင်းသမီးများကို အာမခံဖြင့် ပြန်လွှတ်ပေးထားခြင်းမှာ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း၏ မေတ္တာရပ်ခံချက်ဟု ပြန်ကြားရေး ၀န်ကြီး ဌာန သတင်းရပ်ကွက်က ပြောသည်။ နာဂစ်မုန်တိုင်းဒဏ် ဒုက္ခသည်များအတွက် ရန်ပုံငွေ ရှာရန် ပြန်ကြားရေး ၀န်ကြီးဌာနက ရုပ်ရှင် အစည်းအရုံးဝင် မင်းသား မင်းသမီးများဖြင့် ဗီဒီယို ၆ ကားကို ရိုက်ကူးလျှက်ရှိသည်။

No comments: