.

.

.

July 12, 2008

ထောက်လှမ်းရေး တပ်ကြပ်ကြီးဟောင်းတစ်ဦး၏ ဦးနှောက်မှ စဉ်းစားကာ ရင်တွင်းခံစားချက်များ နဲ့  ရေးစပ်သီကုံးထားသော စာပေအနုပညာ

စာဖတ်သူများခင်ဗျား -

တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၊ လှမ်း(၆) ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ကြပ်ကြီး တစ်ဦးက ကပ္ပိယဦးတင့် ကလောင် နံမည်ဖြင့် ဆောင်းပါး ပေးပို့လာလို့ ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။ ထောက်လှမ်းရေးတပ်ကြပ်ကြီးအား ကျွန်တော် ကိုဖိုးတရုတ်က အထူးကျေးဇူးတင်ရှိပါတယ်။

ဆိုရေးရှိရာ၊ ဆိုပါရစေ

ဆိုရေးရှိရာ ဆိုပါရစေလို့ အရေးဆိုခွင့် ပန်ရင် အမိမြန်မာပြည်သတင်းလေးတွေကို နားစွင့်ထားသမျှ ဖောက်သည်ချ ရရင်ဖြင့် ရင်နင့်စဖွယ် မတင့်တယ်တော့ပါဘူးလို့ စင်မြင့်အလယ်မှာ ရင်ဖွင့်ပါရစေဗျာ။ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ရယ်လို့ အသံကုန် ဟစ်အော်ကြွေးကြော်ရင်း ပြည်သူ့လည်ကို တက်နင်း၊ ဆင်းရဲ တွင်းကို အတင်းဆွဲပို့နေတဲ့ ဗရုတ်သုက္ခ နအဖဆိုတာဟာ ဗရမ်းဗတာ မူဝါဒတွေ ဆုပ်ကိုင်ပြီး ဘီလူးဆိုင်းတီးပြီး တက်နေခဲ့တာ နှစ် (၂၀) နီးပါး ကြာခဲ့ပြီ မဟုတ်လား။ အဲဒီ တဇောက်ကမ်း အာဏာရူးတွေက ရွှေနိုင်ငံ အမည်သမုတ် ခေါ်ဝေါ်နိုင်လောက်အောင် ကပ္ပိယတို့ အမိတိုင်းပြည်ကလည်း ရတနာသယံဇာတတွေ ပေါကြွယ်ဝလေတော့ ဒီလူ့ဗလာတွေ လျှောက်လှမ်းလေရာမှာ ရတနာစိန်ကျောက် ဇယ်တောက်တန်းကစား နိုင်တာက အမှန်၊ အလျှံအပယ်၊ အစားအသောက်တွေနဲ့ ဇိမ်ခံကာ နောက်ဆုံးပေါ်ထည်လဲစီးတဲ့ ကြပ်ပြေး ရွှေနန်းရှင် လက်တစ်ဆုပ်စာရဲ့ ခေတ်သစ် ပဒေသရာဇ်စနစ်ဟာ စက်ဆုပ်ဖွယ်ရာ အတိ၊ ပကတိအရှိဖြစ်တဲ့ ဆင်းရဲတွင်း နက်ထဲမှာ ဒူးတုပ်ကာ ခစားရတဲ့ တိုင်းရင်းသားညီအကိုတွေရဲ့  ဘ၀ကတော့ ကန္တာရအလယ်မှာ လမ်းပျောက်နေရှာတဲ့ အမိမဲ့ သားငယ်လို၊ ဘယ်ဆီကို ရော်ရမ်းလို့ မျှော်မှန်းရမယ်မသိ၊ အခုတော့ဗျာ .....အမိတိုင်းပြည်ဟာ အာဏာသား မိစ္ဆာတွေရဲ့  အောက်မှာ အကွပ်မဲ့ကြမ်း ဗရမ်းဗတာနဲ့ ၀ိဘစ္ဆာဇာတ်လမ်းခင်း နေရပေါ့လေ။ အခွန်ကောက်ဆိုပြီး အဓမ္မကောက်ခံနေတဲ့ ငွေကြေးတွေဟာ ပြည်သူတွေရဲ့  သွေးချွေး မျက်ရည်စက်တွေ မဟုတ်ပေလား။ ဒါတင်လားဆို မကသေးပါဘူး။ ဓားပြလို လူမိုက် ဇာတ်ခင်းကာ ခြံသိမ်း၊ မြေသိမ်း၊ ပိုင်ဆိုင်မှုတွေ သိမ်းခံရတဲ့ ပြည်သူ့ ဘ၀တွေလည်း မရှား၊ မျက်လှည့်ဆရာလိုလို ဖိုးတွမ်တိ လိုလိုနဲ့ ဗြောင်လိမ်ဗြောင်စားတဲ့ လုပ်ကွက်တစ်ခုကလည်း ဥပမေရ တင်ပြစရာ အထင်ကရ ရှိပါတယ်။ လိုင်စင်မဲ့ မောင်တော်ယာဉ်ဆိုပြီး တိုင်းပြည်နဲ့ အ၀ှမ်း ဒလကြမ်း ဖမ်းဆီးခဲ့တာ မျက်ရည်ကျခဲ့ရတဲ့ ပိုင်ရှင် ပြည်သူတွေနဲ့ ဆရာတော်တွေတောင် မရှောင်ဘဲ ရင်ကွဲနာ ကျခဲ့ရတဲ့ အဖြစ်။ ၂၀၀၅ မတ်လမှာ စသိမ်းတော့ ပြန်ပေးမှာလိုလို လိုင်စင်လုပ်ပေးမှာလိုလို၊ ဟိုလိုလို ဒီလိုလိုနဲ့ မလိမ့်တစ်ပတ် လုပ်တာဆိုတာ အရှင်းသား၊ စာရင်းဇယားအရ မော်တော်ကား (၁၅၀၀၀) ကျော် ဖမ်းဆီးသိမ်းပိုက်ခဲ့ပြီး ၂၀၀၆ ခုနှစ် နှစ်ကုန်ကာလမှာ သူတို့ရဲ့  လက်ကိုင်တုတ် ရဲနဲ့  ၀န်ကြီးဌာန တွေကို ခွဲဝေပေးဖို့ စီမံကိန်းဦးစီးဌာနကို လွှဲပေးတယ်တဲ့လေ။ နှစ်ကောင်စား ကင်းပေါက်လား ဆိုရင် မမှားဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းကို ၀င်လာခဲ့စဉ်က နယ်စပ်အကောက်ခွန်နဲ့ ထောက်လှမ်းရေး အဖွဲ့တွေကို သူခိုးဈေးနဲ့ ဆက်ကြေးပေး ၀င်ခဲ့ရတာပါ။ အုံနဲ့ကျင်းနဲ့ ဖြစ်မှ လိုင်စင်မဲ့ အမည်တပ်ပြီး ပတ်ကြမ်းတီး ဖမ်းဆီးခဲ့တာ ပိုင်ရှင်တွေမှာ မိအေးနှစ်ခါနာ ဖြစ်ရတဲ့အဖြစ်မျိုး၊ ခံရသူမှာတော့ လုပ်ရက်ပါပေါ့ ဆရာ အာဠာဝက တို့ရယ်လို့ ညည်းတွားမာန်ချ လိုက်ရသူ ချည့်ပါဘဲ။ သယံဇာတ ကြွယ်ဝတဲ့ မြန်မာ့နယ်ပယ်အစိတ်အပိုင်း အသီးသီးဟာလည်း အဲဒီဆရာ အာဠာဝက တို့ရယ် ဗရမ်းဗတာ စီမံမှုတွေ အောက်မှာ ကွယ်ပျောက်တော့မလားတောင် စိုးရိမ်နေရပါတယ်။ မုဆိုးလက်ထဲက သားကောင်လို အခွံတောင် မကျန်အောင် ပေါင်နှံရောင်းချခံရပုံမှာ ငြင်းမရလောက်အောင် ရုပ်လုံးပေါ်နေပါတယ်။ အနှီလူ့ ဗာလာတစ်စုဟာ ပြည်နယ်အသီးသီးက တွင်းထွက်ရတနာမျိုးစုံကို ဆိုရင်လည်း လောဘသား ကုမ္ပဏီတွေနဲ့ ဖက်စပ်ပြီး လုယက် ယူငင်ကာ စက်ဆုပ်ရွံရှာဖွယ် ကောင်းလိုက်ပါဘိ။ အာဏာရူးတွေရဲ့  မတော်လောဘတွေနဲ့အတူ (၃၃)တန် ကျောက်စိမ်းတုံးကြီး ဆိုတာတို့၊ န၀တပတ္တမြားဆိုတာတို့ဟာ စာရင်းပျောက်ခဲ့ရတယ် မဟုတ်လား။ အဲဒီလို တရားမ၀င် ဆုံးရှုံးခဲ့ရတဲ့ ပြည့်ရင်နှစ်ရတနာတွေအတွက် ရတက်မအေးရသလို တစ်နှစ်ကို နှစ်ကြိမ် ထုခွဲရောင်းချနေတဲ့ ကျောက်မျက်အရောင်းပြပွဲဆိုတာကိုလည်း ငဲ့ကြည့်ကြပါအုံး။ တိုင်းတစ်ပါး လူလည်တွေရဲ့  ခြေရှုပ်မှုအောက်မှာ ဒေါ်လာတွေ သောက်သောက်လဲ ၀င်တဲ့ ပေါ်တင် ရှိုးပွဲတွေပေါ့ဗျာ။ ၂၀၀၆ နှစ်လယ် ရှိုးပွဲဆိုတာဟာလည်း ကျောက်မျက် အတွဲပေါင်း (၅၀၀၀) ကျော် ဒေါ်လာငွေမဲတွေ ၀င်လာမစဲခဲ့ပေမဲ့ ဒီဒေါ်လာတွေကို ဘယ်မှာသုံးလဲဆိုတာ မသိရလိုက်လို့ ကန့်လန့်ကာနောက်ကွယ်မှာ ငိုပွဲဆင်ကြတဲ့ တိုင်းရင်းသား ရှေ့ ရေးတွေကတော့ ရတက်မအေး စရာပါဘဲ။ အဲဒီလို လောဘရမ္မက်တွေ ကဲနေတဲ့ အနှီ ငနဲ တစ်စုဟာ ရှေးကထက် ကဲတဲ့ ဇာတ်လမ်းထွင် အကွက်ဆင် နေပြန်ပြီတဲ့လေ။ ဗမာ့ရွှေတွင်းတွေကို ထင်သလို လုပ်နေတာလေ။ ၀န်ကြီးဌာနပိုင် ကျောက်ပုထိုး ရွှေတွင်းကို ထင်သလို ရောင်းစားတော့မယ် ဆိုဘဲ။ သို့ကလို အကြံပက်စက် မိုက်တွင်းနက်မှုတွေဟာ ကပ္ပိယကြီးရဲ့  ရင်ကို ခွဲပြီး အသဲကို နှုတ်၊ ယူတာထက်တောင် ခံရခက်သေး။ မြန်မာ့ ပင်လယ်ပြင်ကိုကြည့်ပါဦး..ကြည်လင်အေးချမ်းတဲ့ ကမ်းလွန်ပင်လယ်ပြင်တစ်လျှောက်မှာ သူခိုးသူဝှက်တွေပမာ ဘနဖူးသိုက် တူးနေလိုက်ကြတာ အော့နှလုံး နာစရာ အဖြစ် ရွှေဂတ်စ် ဆိုတဲ့ ရတနာသဘာဝဓာတ်ငွေ့တွေဟာ ဒို့တိုင်းပြည်ရဲ့ ရွှေမဲအစစ်တွေဘဲ မဟုတ်ပါလား။ ဒါတွေကို ရလို့ ရခိုင်ပြည်နယ် ပြည်သူလူထု မီးရောင်အောက်မှာ နေရမယ် စိတ်ကူးယာဉ်ဖို့ ရှိသေး။ ဖဲ ကစားပြီး ကုလားနဲ့ တရုတ်ကို နိုင်ငံရေးကစားကွက် လုပ်လိုက်တဲ့ အဖြစ်က ကမ်းကုန်...အဲ.....ပြေးမသာ ငိုမတတ်တဲ့ အပြစ်မဲ့ ရတနာတွေ ကလည်း ရှိသေးရဲ့ ။ ကမ္ဘာ့အလယ်မှာ မျက်နှာလှ တဲ့ ကျွန်းသစ်နဲ့ သစ်တောထွက်သဘာဝ ရတနာတွေဟာ ကချင်ပြည်နယ်မှာ အနှိမ်ခံ၊ အနှိမ့်ဈေးနဲ့ တရုတ်ကြီးကို ထင်သလို တင်ပို့ရောင်းချခံနေရတာ ရတက်မအေးစဖွယ် မြင်ကွင်းကျယ် ဖိုးတွမ်တိ ဇာတ်လမ်းပါဘဲ။ ဒီ ငနဲ လူ့ ဗာလာတွေဟာ သို့ကလို တိုင်းပြည်ကို ရောင်းစားနေပြီး ချမ်းသာနေကြတာ အဖြေရှာစရာ မလိုတဲ့ တရားခံ အစစ် ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားပေါ်လွင် နေပြီ မဟုတ်လား။ ဤနှယ်၊ ဤနည်းနဲ့ ကြွယ်ဝလာတဲ့ ခိုးသားငါးရာ ဇာတ်တော်သားတွေဟာ ပိုင်ဆိုင်ရာ ဝေစုတွေအတွက် ဗျာရာတတ် မအေး ဖြစ်လာကြတယ်ထင့်။ ဒီ့အတွက် လူသတ်လက်နက်တွေကို စုဆောင်း၊ လူကောင်းတွေကို နှိပ်စက်လို့ စွမ်းအားရှင်လို လူပျက်တွေကို လက်နက်အပ်နှင်းရင်း ခေတ်ပျက်မင်း လုပ်နေကြတာ အရှက်တရား နတ္ထိ၊ ငြိမ်းချမ်းရေးလေး ပေးသနားပါ ဆိုတဲ့ တိုင်းရင်းသားတွေရဲ့  ဆန္ဒတွေကို အဓမ္မနင်းချေမှု၊ ထပ်တူမကျနိုင်တဲ့ အယူဝါဒ ဟူသမျှကို အာဃာတနဲ့ နှိမ်နင်းတဲ့ ဖက်ဆစ်မင်းတို့ရဲ့  အာဏာရူး လုပ်ရပ်တွေအောက်မှာ ပြည်သူလူထုဟာ မလူးသာ မလွန့်သာတဲ့ ဘ၀ ဆရာကြီး စလေ ဦးပုညရဲ့ ရေသည် ပြဇာတ်လိုအမွဲတကာ့ ထွဋ်ခေါင်၊ ဖွတ်မင်းနောင်လို့ ဆိုဖွဲ့တဘေါင် ပေါ်ခဲ့တယ်မဟုတ်လား။ ဒို့တိုင်းရင်းသားတွေရဲ့  မွဲတေအခြေမဲ့တဲ့ ဘ၀ကို ကြိုမြင်အဆိုတင် ခဲ့တယ်ထင့်။ ခေတ်ကာလ ကလေး သူငယ်တွေဟာ ကျွန်ဝယ်ရာ အစစ်ပါ ဆိုသလို ပညာရှာမှီဖို့ ဝေးစွ။ မ၀ရေစာ စားရင်း ကျဆင်းနေတဲ့ စာရိတ္တနဲ့ ချို့ ယွင်းလာနေတဲ့ ကျန်းမာရေး အခြေအနေအောက်မှာ လူလုံးမလှရှာတဲ့အဖြစ်၊ စစ်မှတ်တမ်းကအချို့ ဒေသတွေမှာ ကလေးစစ်သားအဖြစ် အတင်းသွတ်သွင်းခံရသူပေါင်း သောင်းနဲ့ချီပြီး ရှိလို့ အပင်ငယ်ကို အမြစ်မတွယ်နိုင်အောင် ဆွဲနှုတ်ခံရတဲ့ သူတွေဘဲပေါ့။ အင်း.....ဆရာအာဠာဝကတို့ ဇာတ်တိုက်ကစားတဲ့ မီဒီယာတွေကတော့ ညီညာသလား မမေးနဲ့ဗျို့  ။သူတို့ ဖော်ထုတ်ပြောဆိုနေတဲ့ ပျော်ရွှင်ခြင်းအတိ ရွှေတိုင်းပြည်ဟာ သရုပ်အမှန် ထုတ်ဖော်ဝေဖန်ကြ စတမ်း ဆိုရင် မှန်းချက်နဲ့ နှမ်းထွက်က မကိုက် ၊ အနှီလူ့  ဗာလာတို့ရဲ့  ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ ပြည်သူလူထုရဲ့  အတပ်မက်ဆုံးအရာဟာ လွတ်လပ်ခြင်း အရသာ မဟုတ်လား။ ဒို့ ပြည်သူတွေရဲ့ ယထာဘူတ ကျတဲ့ ပရမတ္ထဆန္ဒ ဟာ အောင်ပွဲနိဂုံး အဆုံးသတ်မှာ မုချ ပါလို့ နှိုးဆော်တိုက်တွန်းရင်း နိဂုံးကမတ် အဆုံးသတ်ပါရစေတော့ ခင်ဗျား။

No comments: