.

.

.

August 1, 2008

ဒီမိုကရေစီရရှိရေး အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို စစ်ရေးအရတိုက်ဖို့ သင့်၊ မသင့် နဲ့အလားအလာ ရှိ၊ မရှိ ဆွေးနွေးခန်း အမေးအဖြေ အမှတ်စဉ်(၂)

အမေရိကန်က စစ်ရေးအရ ဝင်မယ်ဆိုရင် အလွန်ကောင်းပါသည်။ သို့သော် အလားအလာ မရှိနိုင်ပါ။ မျှော်မနေသင့်ပါ။ မျှော်နေလျှင် အချိန်တွေထပ်ကြာသွားမည် ဖြစ်ပါသည်။ စစ်ရေးအရ ကိုယ့်ကိုယ်ကိုသာ အားကိုးသင့်ပါသည် (လက်နက်ခဲယမ်း ထောက်ပံ့မှုကိုရရှိရန် အကူအညီလိုပါသည်)။ ကျွန်တော် မေးမြန်းလိုသည်မှာ.....

၁။ စစ်ရေးအရ ဘယ်အခြေအနေအထိ လုပ်ဆောင်နိုင်ပါသနည်း။
၂။ စစ်ရေးဖြင့်တော်လှန်မှုကို မထောက်ခံရုံမျှမက ကန့်ကွက်သူများ ရှိလာခဲ့လျှင် ထိုသူများကို မည်ကဲ့သို့စည်းရုံးမည်နည်း။
၃။ စစ်ရေးဖြင့်တော်လှန်မှုကိုအကြောင်းပြပြီး ကိုယ်ကျိုးရှာသမားများ ပေါ်ပေါက်မလာအောင် မည်ကဲ့သို့ တားဆီးမည်နည်း။
၎။ တပ်ပေါင်းစု တပ်မတော်(သို့မဟုတ်) ညွန့် ပေါင်း တပ်မတော်အနေနဲ့ ဖွဲ့စည်းလုပ်ဆောင်နိုင်ပါသလား။
၅။ ထိုကဲ့သို့ဖွဲ့စည်းမှုကို နိုင်ငံတကာမှ လက်သင့်ခံနိုင်ပါသလား။
၆။ လက်သင့်မခံလျှင် မည်ကဲ့သို့ လုပ်ဆောင်နိုင်သနည်း။
၇။ လက်နက်ခဲယမ်းအတွက် ဘဏ္ဍာငွေကို အလုံအလောက် ရှာဖွေနိုင်ပါသလား။
၈။ လူအင်အားစုဆောင်းရန်အတွက် မည်သို့သောလုပ်ဆောင်မှုများဖြင့် စည်းရုံးနိုင်ပါသလဲ။

ကိုနေ

ကိုနေရဲ့ အီးမေးလ်နဲ့ ပေးပို့လာတဲ့ဒီမေးခွန်းကို ဗိုလ်ထက်မင်းကအခုလို တစ်ခုချင်းဆက်လက်ဖြေကြား ပေးလိုက်ပါတယ်။

မေးခွန်း(၁)။ ။စစ်ရေးအရဘယ်အခြေအနေအထိလုပ်ဆောင်နိုင်ပါသလဲ။

ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်။ ။ စစ်ရေးအရအမေရိကန်(သို့မဟုတ်)တခြားနိုင်ငံတွေကသာ အထောက်အပံ့ ပေးခဲ့ပါလျှင် စစ်အာဏာရှင်ပြုတ်ကျပြီး ဒီမိုကရေစီနိုင်ငံတော်အထိ ရောက်ရှိသွားနိုင်တဲ့အခြေအနေကို လုပ်ဆောင် သွားနိုင်ပါတယ်။ စစ်ရေးအရ အထောက်အပံ့ မရခဲ့ရင် ပြောက်ကျားစစ်မှ သမာရိုးကျ စစ် အဆင့်ထိ ကူးပြောင်းဖို့ အခက်အခဲ များစွာ ရုန်းကန်ရမဲ့ အခြေအနေရှိလို့ မြန်မာ့ဒီမိုကရေစီအရေးဟာ အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။

မေးခွန်း(၂)။ ။ စစ်ရေးဖြင့်တော်လှန်မှုကို မထောက်ခံရုံမျှမက ကန့်ကွက်သူများ ရှိလာခဲ့လျှင် ထိုသူများကို မည်ကဲ့သို့စည်းရုံးမည်နည်း။

ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်။ ။ လက်နက်ကိုင်ပြီး အကြမ်းဖက်နေတဲ့ စစ်အာဏာရှင်တွေကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့နည်းလမ်းနဲ့ လူထုဆန္ဒ ဖော်ထုတ်ခဲ့တာ နှစ်ပေါင်း (၂၀) ရှိတဲ့အထိ လုံးဝမအောင်မြင်ခဲ့လို့ စစ်ရေးဖြင့် တော်လှန်မှုကို ဒီမိုကရေစီ ဘက်တော်သားများ အနေနဲ့ မထောက်ခံရင်သာနေမယ်၊ ကန့်ကွက်မှာ မဟုတ်ဘူးလို့ ထင်မြင်ပါတယ်။ ကန့်ကွက်သူများ ရှိခဲ့ရင်လည်း ဒီမိုကရေစီအရေးအတွက် လူထုအား အရှိန်အဟုန်ဖြင့် ထပ်မံ လုပ်ဆောင်ခိုင်းမယ်ဆိုရင် ရနိုင်မဲ့ အလားအလာ မမြင်ကြောင်း လူထုအနေနဲ့လည်း ယခင်ကနဲ့ မတူတော့ဘဲ နိုင်ငံရေးအတွေးအခေါ် ရင့်ကျက်နေပြီမို့ မိုက်မဲစွာ အသေခံ ရှေ့ထွက်ပြီး လုပ်တော့မှာ မဟုတ်ဘူးဆိုတာ ရွှေဝါရောင်တော်လှန်ရေးမှာ လူထုအင်အား ထင်သလောက် မပါဝင်ခဲ့ခြင်းကို သက်သေပြစည်းရုံးပြောဆို နိုင်ပါတယ်။ လူထုအနေနဲ့ အထိုက်အလျောက် တာဝန်ကျေခဲ့ပြီဖြစ်လို့ စစ်ရေးနည်းလမ်းဟာ နိုင်ငံရေးရဲ့ အမြင့်ဆုံး ရေချိန် ဖြေရှင်းနည်းဖြစ်ပါတယ်။ သို့သော် စစ်ရေးနည်းလမ်းအပြင် တခြားနည်းလမ်းများကိုလည်း ဘက်စုံဟန်ချက်ညီ လုပ်ဆောင်နိုင်မှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ လူထုကို လူထုနဲ့ ထိန်းကွပ်တဲ့နအဖရဲ့ National Defense Strategy ကို စစ်တပ်အား စစ်တပ်နဲ့ တန်ပြန်တဲ့ National Offensive Strategy ဖြင့် ထိုးဖောက်ပါက အကုန်အကျနည်းစွာ နဲ့ အောင်မြင်မှု ရနိုင်ကြောင်း ဖြေကြားပေးလိုက်ပါတယ်။

မေးခွန်း(၃)။ ။ စစ်ရေးဖြင့်တော်လှန်မှုကိုအကြောင်းပြပြီး ကိုယ်ကျိုးရှာသမားများ ပေါ်ပေါက်မလာအောင် မည်ကဲ့သို့တားဆီးမည်နည်း။

ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်။ ။ စစ်ရေးနဲ့ တော်လှန်မှုဟာ မြေပြင်မှာ လက်တွေ့လုပ်ဆောင်ရတာ ဖြစ်လို့ ကိုယ်ကျိုးရှာသမား ရှိလာခဲ့ရင် ကူညီထောက်ပံ့အားပေးမှုတွေ ချက်ချင်း ရပ်တန့်သွားလိမ့်မယ်လို့ ယူဆပါတယ်။ ကိုယ်ကျိုးရှာသမားများ ပေါ်ပေါက်မလာအောင် လုပ်ထုံးလုပ်နည်း၊ စည်းကမ်း၊ လုပ်ဆောင်မှု ပြီးစီးမဲ့အခြေအနေ၊ တာဝန်ပေးစနစ်၊ ဘဏ္ဍရေးသုံးစွဲမှု စသဖြင့် စနစ်တကျ စီစဉ်ဆောင်ရွက်သွားနိုင်သလို ကိုယ်ကျိုးရှာသမား ပေါ်ပေါက်လာရင်လည်း ဖဆပလ ပါတီမှ ကွန်မြူနစ်တွေကို ဗိုလ်ချုပ်အောင်ဆန်းက ထုတ်ပယ်ပစ်ခဲ့သလို ပြတ်ပြတ်သားသား ဖယ်ရှားဆောင်ရွက်သွားနိုင်ပါတယ်။

မေးခွန်း(၄)။ ။ တပ်ပေါင်းစု တပ်မတော်(သို့မဟုတ်) ညွန့် ပေါင်း တပ်မတော်အနေနဲ့ ဖွဲ့စည်းလုပ်ဆောင်နိုင် ပါသလား။

ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်။ ။ ဖွဲ့စည်းလုပ်ဆောင်နိုင်မဲ့ အလားအလာ ရှိပါတယ်။ခေါင်းဆောင်ကောင်း လိုအပ်ပြီး ယုံကြည်မှု၊ သစ္စာရှိမှု၊ စုပေါင်းဦးဆောင်မှု တို့နဲ့ လုပ်ဖို့ လိုပါတယ်။ မတူတာကို ခွဲလုပ်၊ တူတာကို စုပေါင်းလုပ်ဆိုတဲ့ အတွေးအခေါ်မျိုးနဲ့ လုံးဝမရဘဲ မိမိဆန္ဒသဘောထားနဲ့ မကိုက်ညီသော်လည်း တော်လှန်ရေး တစ်ရပ်ရဲ့ အကျိုးစီးပွား၊ ရည်ရွယ်ချက် ကောင်းမွန်နေမယ် အများဆန္ဒအရလည်း ကိုက်ညီနေမယ်ဆိုရင် ပူးတွဲ စစ်ဦးစီးချုပ်များ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို အမိန့်တစ်ရပ်အနေနဲ့ လိုက်နာ ဆောင်ရွက်ပူးပေါင်းဖို့ လိုပါတယ်။ ဘယ်စစ်တပ်မဆို အမိန့်နဲ့ စည်းကမ်းဆိုတာရှိပြီး စည်းလုံးညီညွတ်မှု ခိုင်မာရေးဟာ အလွန်အရေးကြီးတဲ့ အချက် တစ်ခုဖြစ်ပါတယ်။ နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘယ်လိုဘဲမကောင်း မကောင်း လက်အောက်ခံတွေဟာ သူရဲ့ တသွေးတသံအမိန့်ကို လိုက်နာကြပါတယ်။ တော်လှန်ရေး ကြာရှည်နေရတဲ့ အကြောင်းရင်း တစ်ရပ်မှာ အတိုက်အခံ အဖွဲ့အစည်းတွေဟာ တစ်ဦးတစ်ယောက်ရဲ့ ခေါင်းဆောင်မှု အမိန့် အောက်မှာ စည်းလုံးညီညွတ်စွာ လုပ်ကိုင်ကြတာမရှိကြောင်း တွေ့ရပါတယ်။ ဒါကြောင့် ညွှန့်ပေါင်းတပ်မတော်နဲ့ တပ်ပေါင်းစု တပ်မတော်ဖြစ်နိုင်ပေမဲ့ စည်းရုံးဖို့နဲ့ အချိန်ကာလ၊ အခြေအနေအများကြီး လိုအပ်နေကြောင်း ဖြေကြားလိုက်ပါတယ်။

မေးခွန်း(၅)။ ။ ထိုကဲ့သို့ဖွဲ့စည်းမှုကို နိုင်ငံတကာမှ လက်သင့်ခံနိုင်ပါသလား။

ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်။ ။ နိုင်ငံတကာမှ လက်သင့်ခံလာအောင် နိုင်ငံရေးဦးဆောင်မှု ကော်မတီကို ဖွဲ့စည်းသင့်ပြီး ၄င်းကော်မတီမှာ ၁၉၉၀ ရွေးကောက်ပွဲမှ ရွေးချယ်ခံ လွတ်တော် ကိုယ်စားလှယ်များနဲ့ ဥပဒေပညာရှင်များ ပါဝင်ဖွဲ့စည်းပေးထားကာ ဒီမိုကရေစီ ရရှိပါက ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်၊ မူဝါဒ၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းနိုင်သည်အထိ Strategy ခင်းထားရမည် ဖြစ်တယ်။ တပ်ပေါင်းစု အနေနဲ့ စစ်အာဏာရှင်လက်ထဲမှ အာဏာကို ပြန်လည်သိမ်းပိုက်ပြီး ဖြစ်ပါက နိုင်ငံရေးဦးဆောင်မှု ကော်မတီအနေနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး ဆက်လက်လုပ်ဆောင်သွားမည့် အစီအစဉ်အတိုင်းဆိုပါက နိုင်ငံတကာက လက်ခံသွားမည့် အနေအထားရှိပါတယ်။ တပ်ပေါင်းစု တပ်မတော်ရဲ့ မဟာဗျူဟာ Strategy ရည်ရွယ်ချက်ဟာ ဒီမိုကရေစီ ရရှိရေး ဦးတည်ချက် ဖြစ်တဲ့ အကြောင်း၊ ဒီမိုကရေစီ ရရှိလာရင်လည်း ပြည်သူ့လက်ကို အာဏာအပ်နှင်းမယ်ဆိုတဲ့ ကတိသစ္စာဖြင့် ဆောင်ရွက်ပြောဆိုရင် လက်သင့်ခံမယ်လို့ ထင်မြင်ပါတယ်။ နိုင်ငံတကာအနေနဲ့ စစ်အာဏာရှင်တွေရဲ့ အခြေအနေကို ရွှေဝါရောင်တော်လှန်ရေးနဲ့ နာဂစ်မုန်တိုင်းကိစ္စမှာကတည်းက နားလည်နေလို့ တပ်ပေါင်းစု တပ်မတော် ဖွဲ့စည်းမှုကို လက်သင့်ခံနိုင်ပါတယ်။

မေးခွန်း(၆)။ ။ လက်သင့်မခံလျှင် မည်ကဲ့သို့ လုပ်ဆောင်နိုင်သနည်း။

ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်။ ။ တော်လှန်ရေးဆိုတာဟာ အနည်းနဲ့အများ သွေးမြေကျရတာ ထုံးစံဖြစ်ပေမဲ့ ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းစေရန် မြန်မာ့တပ်မတော်အတွင်း အောက်ခြေစစ်သည် ရဲဘော်မှ အစ ပြည်သူ့ဘက် ပြောင်းလာအောင် စည်းရုံး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီလိုကိစ္စကိုတော့ နိုင်ငံတကာအနေနဲ့ လက်သင့်ခံပြီး ပြည်တွင်းစည်းရုံးထိုးဖောက်မှု ကွန်ယက်ကို အားပေးကူညီလိမ့်မယ်လို့ ယူဆပါတယ်။ အထက်က တင်ပြသွားခဲ့တဲ့ မေးခွန်း(၂)ရဲ့ အဖြေနဲ့ ဆက်စပ်ပြီး နိုင်ငံတကာကို စစ်ရေးနည်းလမ်းသာလျှင် ဒီမိုကရေစီ ရရှိရေး ထွက်ပေါက်တခုသာ ရှိတော့ကြောင်း ထပ်မံ စည်းရုံးလှုပ်ရှားနေရပါမယ်။ ဒီလိုစည်းရုံးလှုပ်ရှားလို့ နိုင်ငံတကာက တွေဝေတုန့်ဆိုင်းနေစဉ်မှာပင် တော်လှန်ရေးအင်အားစုများက ရှိသမျှအင်အားနဲ့ အားကုန်စုစည်းပြီး အာဏာရှင် ကို ဦးစွာ တိုက်ကွက် ဖော်ရမှာ ဖြစ်ပါတယ်။ နအဖက အငြိုးကြီးစွာ အင်အားထု ကြီးကြီးဖြင့် ဖိနှိပ်ချေမှုန်းလာလို့ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုများ သွေးမြေကျလာတာကို နိုင်ငံတကာက လက်ပိုက် မကြည့်ရက်နိုင်တော့ဘဲ ထောက်ခံလာပါလိမ့်မယ်။ အကြမ်းမဖက်ဘဲ အေးချမ်းစွာ ဆန္ဒပြတဲ့နည်းဖြင့် ဖြေရှင်းရုံနဲ့ မရဘဲ စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းမှသာ ဒေသတွင်းလုံခြုံရေး ထိခိုက်မှု ဂယက်ရိုက်ကာ နိုင်ငံတကာက စိုးရိမ်ကြီးစွာ ၀င်ရောက်ဖြေရှင်းထောက်ခံကြပါလိမ့်မယ်။

မေးခွန်း(၇)။ ။ လက်နက်ခဲယမ်းအတွက် ဘဏ္ဍာငွေကို အလုံအလောက် ရှာဖွေနိုင်ပါသလား။

ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်။ ။ လက်ရှိအခြေအနေမှာ အလုံအလောက် ရှာဖွေဖို့ အခက်အခဲ များစွာ ရှိပါတယ်။ တရားဝင် လမ်းကြောင်းအတိုင်း မဖြစ်နိုင်ပေမဲ့ မသိချင်ယောင် ဆောင်ပေးနိုင်မဲ့ အမေရိကန်က CIA/DEA ကဲ့သို့ ထောက်လှမ်းရေးအဖွဲ့အစည်းများရဲ့ ထောက်ခံအားပေးမှုနဲ့ လည်းကောင်း၊ တစ်ဦးချင်းဖြစ်စေ၊ ဒီမိုကရေစီ လိုလားတဲ့ လုပ်ငန်းရှင် များရဲ့ ကိုယ်ပိုင် ယုံကြည်ချက်ကြောင့် ဖြစ်စေ ထောက်ပံ့မှု ရနိုင်ကြောင်း မျှော်လင့်ရပါတယ်။ ဒါ့အပြင် ပြည်ပရောက် ဒီမိုကရေစီ လိုလားတဲ့မြန်မာပြည်သူပြည်သားတွေက ဘဏ္ဍာငွေထောက်ပံ့မှု ပေးနိုင်အောင် စည်းရုံးလှုပ်ရှားနိုင်ဖို့ လိုပါတယ်။ ထင်သလိုဖြစ်မလာလို့ နအဖနဲ့ အဆင်မပြေ ဖြစ်နေတဲ့ တချို့ ငြိမ်းအဖွဲ့တွေကို ပြန်လည်စည်းရုံးသင့်ကြောင်းနဲ့ နအဖကို လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ KNU လို အဖွဲ့အစည်းမျိုးနဲ့လည်း ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

မေးခွန်း(၈)။ ။လူအင်အားစုဆောင်းရန်အတွက် မည်သို့သောလုပ်ဆောင်မှုများဖြင့် စည်းရုံးနိုင်ပါသလဲ။

ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်။ ။ ကိုလိုနီခေတ်မှာ မြန်မာနိုင်ငံလူဦးရေ ၁၇ သန်းခန့်သာ ရှိပြီး BIA တပ်ကို လူအင်အား ထောင်နဲ့ချီ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ယခု မြန်မာနိုင်ငံအခြေအနေဟာ နယ်စပ်တွေမှာ ဒုက္ခသည် မြောက်မြားစွာ၊ ရွေ့ပြောင်းအလုပ်သမား မြောက်မြားစွာ သန်းနဲ့ချီပြီး ရှိတာမို့ သောင်းနဲ့ချီပြီး လူအင်အား စုဆောင်း နိုင်ပါတယ်။ စည်းရုံးရာမှာ သူတို့ရဲ့ လူမှုရေး၊ သာရေးနာရေး ၊နစ်နာနေမှုများကို ရှေးဦးစွာ ဖြေရှင်းကူညီ ဆောင်ရွက်ပေးခြင်းဖြင့် ချစ်ခင်ယုံကြည်လေးစားမှု စတင် တည်ဆောက်နိုင်ပါတယ်။ နာကျည်းချက်၊ ခံစားချက် များစွာ ရှိနေပြီး ဖြစ်လို့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် စနစ်တကျ စည်းရုံးစုဆောင်း နိုင်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာလည်း တပ်စည်းဝိုင်း အပြင်မှာ ဥပမာ-ဆေးရုံ၊ ဈေး၊ ကျောင်း တွေကို ပစ်မှတ်ထားပြီး တပ်မတော်သားများ၊ မိသားစုဝင်များ၊ သားသမီးဆွေမျိုးများကို စည်းရုံးရင် လွယ်ကူထိရောက်ပါတယ်။ တပ်ရဲ့ အားနည်းချက်တွေ၊ ၀င်ပေါက်ထွက်ပေါက်တွေကို လွယ်လင့်တကူ သိနေကြတဲ့ တပ်ထွက် အရာရှိစစ်သည်တွေ၊ အရပ်ဖက် ၀န်ကြီးဌာနတွေကို ပြောင်းရွေ့သွားတဲ့ တပ်က အရာရှိတွေကိုလည်း စည်းရုံးနိုင်ပါတယ်။


ဗိုလ်မှူးအောင်လင်းထွဋ် ယနေ့ ထပ်မံ ပြောပြတဲ့ နအဖရဲ့  ရက်စက်ယုတ်မာမှု

အမေရိကန် နိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံနဲ့ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံး လှမ်း(၁) မှာ စစ်ဦးစီးမှူး ဒုတိယတန်းတာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးအောင်လင်းထွဋ်က ဒီဗွီဘီ ဌာနနဲ့ အင်တာဗျူး လုပ်ခဲ့တဲ့ ဗွီဒီယိုကို အမေရိကန်နိုင်ငံ ၀ါရှင်တန်မှ ကျွန်တော့်ထံ ယနေ့ထပ်မံပေးပို့လာပါတယ်။ ဒီဗွီဒီယိုမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အတွင်းစိတ်နဲ့ သဘောထား ဖောက်ပြန်မှု၊ တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ်မှာ တပြေးညီ မဆက်ဆံဘဲ အထူးသဖြင့် KNU ကို ခွဲခြားဆက်ဆံပုံ၊ ဗိုလ်ချုပ်ခင်ညွှန့်အား အာဏာရှင်ကို ယှဉ်ပြိုင်သူ၊ အာဏာလုမဲ့သူ ဟု အထင်အမြင် လွဲကာ နှိပ်ကွပ်ဆောင်ရွက်ပုံတွေနဲ့ ပတ်သက်ပြီး ပြောပြထားပါတယ်။ ယခုလိုပေးပို့လာတဲ့ ဗိုလ်မှူးအောင်လင်းထွဋ်ကို ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်။



2 comments:

2007 JALS said...

မေး-ဖြေ အစီအစဉ်ဟာ အင်မတန်ကောင်းလှပါတယ်။ အစီအစဉ်ထဲမှာ မေးတာရော၊ ဖြေတာရော ကောင်းတယ်။ စာဖတ်သူကို တန်ဖိုးရှိရှိ အချိန်ကုန်စတဲ့ ဘလော့ဂ်တခု ဖြစ်တယ်လို့ ပြောချင်ပါတယ်။ အတုယူစရာတွေပါ။

Myo Win Zaw said...

လွယ်မယောင်နဲ့ခက်တာလက်နက်ကိုင် တော်လှန်ရေးပါ ကဲ လက်နက်ကိုတော့ ဘယ်အစိုးရကမှ ပေါ်တင် ထောက်ပံ့လို့တော့ ရမှာမဟုတ်ပါဘူး ထောက်ပံ့ရင် တခြားနည်းလမ်းနဲ့ သုံးမှရမှာပါ ကဲကောင်းပြီ လက်နက်ရပါပြီတဲ့ ထိုင်းမြန်မာနယ်စပ်မှာ အခြေခံ စခန်းဖွင့်လို့ကတော့ မလွဲရေးချမလွဲပါ မြောင်းမြမှာ အရေးအခင်းပြီးတုန်းကလို့ ဖြစ်သွားလိမ့်မယ် KNU မြောင်းမြဘက်ကို ထိုးဖောက်တော့ အဲဒီဒေသကလူ တွေ ဘယ်လောက်တောင် အစိုးရကိုတိုက်ခြင်နေလဲ မသိ လက်နက်ငယ်သင်တန်းတောင် ပီပီပြင်ပြင် မတက်ရသေးဘူး တရုံးရုံးဖြစ်ကုန်လို့ စစ်အစိုးရသိပြီး အင်နဲ့အားနဲ့ အတိုက်ခံလိုက်ရတာ ပြောက်ကျားစစ်တောင် မလုပ်လိုက်ရဘူး ထိုင်းနယ်စပ်က ဒုက်ခသည်တွေလည်း ဒီအတိုင်းဘဲ လက်နက်သာတပ်ပေးကြည့် ခုချမယ်ဆိုတဲ့လူတွေ ရှိတယ် တတိယနိုင်ငံခြေလှမ်းပြင်နေတဲ့သူကလွဲလို့ပေါ့