.

.

.

August 14, 2008

၁၉၈၈ ခုနှစ်က လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ မဟာဗျူဟာမြောက် အခွင့်အရေး - အပိုင်း(၃)

ကုန်သွယ်ရေးဝန်ကြီးရုံးဖြစ်စဉ်ကို ပြည်သူလူထုအနေနဲ့အောင်ပွဲလို့ ပြောလို့ရပါတယ်၊ပြောလဲ ပြောခဲ့ကြပါတယ်။ အမှန်တကယ်တော့ နည်းဗျူဟာအရအောင်ပွဲလို့ သတ်မှတ်နိုင်ပေမဲ့မဟာဗျူဟာအရ စစ်အာဏာရှင်ပြုတ်ကျပြီး လူထုထံဒီမိုကရေစီအပ်နှံခံရတဲ့ အစစ်အမှန်အောင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ အတွေ့အကြုံမရှိသေးလို့ အကွက်ကောင်းကိုအသုံးချတတ်ဖို့ လိုအပ်ခဲ့ပါတယ်။ (မဆလ)တဖြစ်လဲ(န၀တ)ဟာ အစိုးရရုံး၊ခမရ(၆) တပ်ခွဲမှူးနဲ့  စစ်သည်များ၊ လက်နက်ခဲယမ်းများကို လက်လွတ်ခဲ့လို့ နည်းဗျူဟာ အရ ရှုံးခဲ့ပါတယ်။ မဟာဗျူဟာအရ အောင်ပွဲရရှိပြီး အာဏာသိမ်းခွင့်ကိုရရှိသွားပါတယ်။ ရရှိတဲ့အခွင့်အရေးကို ပြည်သူလူထု အနေနဲ့ ကောင်းကောင်း အသုံးချတတ်မယ်ဆိုရင် ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ကုန်သွယ်ရေးအရေးအခင်းမှာရဟန်းသံဃာနဲ့ ကျောင်းသားတွေဟာ အချိန်ဆိုင်းနေရင် လူထုရဲ့ ဒေါသပေါက်ကွဲမှုကို မထိန်းနိုင်မှာ စိုးရိမ်လို့ စစ်သားတွေကို အရပ်ဝတ် အမြန်လဲလှယ်စေခဲ့ပါတယ်။ ဒါ့အပြင် စစ်သားတွေရဲ့ လက်မောင်းပေါ်မှာ ကျောင်းသားလက်ပတ်တွေကို ကျောင်းသားတွေက ဖြုတ် တပ်ပေးချိန်မှာတော့ စစ်သားတွေရဲ့ မျက်လုံးတွေမှာ ဖော်မပြနိုင်တဲ့ ကြည်နူးမှုတွေကို တွေ့ရ တယ်လို့ သိရှိခဲ့ရပါတယ်။

ကုန်သွယ်ရေးဝန်ကြီးရုံးရဲ့ လှေကားကဆင်းလာချိန်မှာ စစ်သားတစ်ဦးရဲ့ ဘယ်ဘက်မှာ ကျောင်းသား၊ ညာဘက်မှာ ဘုရားသား ညှပ်ပြီး သားသုံးသား ဆင်းလာပါတယ်။ အဲဒီမြင်ကွင်းဟာ အကြောင်းသိ၊ အတွင်းသိသူများအတွက် ယနေ့တိုင်၊ မမေ့နိုင်တဲ့ အံ့သြဘွယ်ရာ လှပတဲ့ ပန်းချီကားတစ်ချပ်လို မြင်ယောင်နေပါတယ်။ ဘုရားသား ရဟန်းသံဃာတော်များရဲ့ အရှိန်အဝါ ကြီးမားမှု၊ ကျောင်းသားများရဲ့ မြင့်မြတ်တဲ့ မေတ္တာတရားလွှမ်းခြုံမှု အရိပ်အာဝါသ အောက်မှာ စစ်သားတွေဟာ ဒေါသဖြစ်နေတဲ့ လူထုကြီးကြားထဲက လွတ်မြောက်လာခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ သမိုင်းကြောင်းမှာ ဖျောက်ဖျက်လို့မရတဲ့ မှတ်ကျောက်တင် ဂုဏ်ယူစရာ အဖြစ် ကျန်ရစ်ခဲ့ပါတယ်။ နအဖ စစ်အာဏာရှင်တွေကို မေးချင်တာက ကုန်သွယ်ရေးရုံးမှာ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ စစ်သားတွေရဲ့ အသက်တွေကို ဘယ်လိုနည်းနဲ့ ကယ်တင်မလဲဆိုတာ နည်းလမ်းရှိရင် ပြောကြစမ်းစေချင်ပါတယ်။ တပ်ခွဲအနေနဲ့ လူထုကို ပစ်သတ်ပြီး ဖောက်ထွက်ရင်တော့ သွေးခင်းဇာတ်လမ်းနဲ့ သမိုင်းအမည်းစက် တင်မှာဖြစ်သလို စစ်သားတွေရဲ့ အသက်၊ လက်နက်ခဲယမ်းဆုံးရှုံးပြီး လူထုက စိတ်မထိန်းနိုင်ဘဲ မီးရှို့ခဲ့ရင် လည်း ပေါက်ကွဲမှုကြီး ကြောက်ခမန်းလိလိ မတွေးရဲစရာ အားလုံး သေကြေကြမှာ ဖြစ်ပါတယ်။ ကျောင်းသားနဲ့ ဘုရားသားတွေရဲ့ ကျေးဇူးကြီးမားမှုနဲ့ စစ်သားတွေရဲ့ အသက်ခန္ဓာကိုယ်အိုးစား ကွဲမှုမှ လက်မတင်လေး ကယ်တင်ခဲ့တာကို သတိရစေလိုပါတယ်။ သေဆုံးရမယ့် တစ်နေ့မှာ ရာထူးအာဏာများကို ယူဆောင်မသွားနိုင်ဘဲ မသေခင် တစ်နေ့ ပြည်သူလူထု ကောင်းကျိုးချမ်းသာကို မျှော်ကိုးပြီး သမိုင်းကြောင်းကောင်းအောင် ပြန်ပြင်ရေးဖို့ အချိန်ရောက်နေပါပြီလို့ ယနေ့ နအဖခေါင်းဆောင်များကို ပန်ကြားလိုပါတယ်။ ဒီကုန်သွယ်ရေးဇာတ်လမ်းဟာ မပြီးဆုံးသေးပါဘူး။ အိပ်ချင်ယောင်ဆောင်နေတဲ့သူကို နှိုးရခက်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း နအဖကို ဖနောင့်နဲ့ ပေါက်နှိုးပြီး ပြောလိုက်ချင်ပါတယ်။ သရက်တောကျောင်းတိုက်ကို ရောက်သွားတဲ့ ခမရ (၆) တပ်ခွဲက လက်နက်တွေကို စစ်တပ်က သွားရောက်ရှာဖွေတဲ့အခါ လက်နက် (၁၂)လက်၊ ၇ ဒသမ ၆၂ ကျည်ဆံတောင့် ၁၄ဝဝ၊၂လက်မ မော်တာ ၃၅ တောင့်သာ သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီအခါမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ရဟန်းပျိုသမဂ္ဂအဖွဲ့ကို ကျည်ဆန်နဲ့ လက်နက်များ အကုန်အပ်နှံသင့်ပါကြောင်း တောင်းပန် လျှောက်ထားရာ ကျန်ရှိသောလက်နက်များကို ဗဟန်းရဲစခန်းသို့ ရဟန်းပျိုများက ဆက်လက်အပ်နှံခဲ့ပါတယ်။ ဒါ့ကြောင့် အကြမ်းမဖက်ဘဲ မေတ္တာတရား ကြီးမားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးသင့်ပါတယ်၊၊

ကုန်သွယ်ရေးရုံးမှာပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ခမရ (၆)ဟာ မြန်မာစစ်တပ်မှာ အဲဒီအချိန်က နံမည်ကျော်ကြားတဲ့ တပ်မ များထဲက အကောင်းဆုံးတပ်မ (၄၄) က ဖြစ်ပြီးတော့ ကရင်ပြည်နယ်မှာလည်း နံမည်ရနေတဲ့ တပ်မ ဖြစ်ပါတယ်။ တပ်မ (၄၄) အောက်မှာ ရှိတဲ့ တပ်ရင်းတွေရဲ့  တိုက်ခိုက်မှု စွမ်းရည်ဟာ စစ်ရုံးမှာ ရှိနေတဲ့ တပ်ရဲ တွေနဲ့ လုံခြုံရေး တာဝန်ယူထားတဲ့ တပ်မ (၂၂) တပ်ရင်းတွေက လိုက်လို့ မမှီနိုင်အောင် ထက်မြက်ထူးချွန်ကြ ပါတယ်။ စစ်ရုံးက စစ်သည်တော်တော်များများဟာ သေနတ်သံတောင် မကြားဖူးဘဲ စစ်ရေးအတွေ့အကြုံ မရှိတဲ့ သူတွေ ဖြစ်ပါတယ်။ တပ်မ (၂၂) ဟာလည်း စတင်ဖွဲ့စည်းခါစ စစ်ဆင်ရေး အတွေ့အကြုံ မရှိသေးဘဲ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးဋ္ဌာနရဲ့  အရေးပေါ် အရံတပ် အဖြစ် ရန်ကုန်မြို့ လုံခြုံရေးအတွက် ဆွဲသွင်းထားခြင်း ဖြစ်ပါတယ်။ အဲဒီ တပ်မ (၂၂) ကို တပ်အချင်းချင်းက လမ်းဖောက်၊ ပန်းခြံ နှင့် ကစားကွင်း ဆောက် တပ်မ လို့ နောက်ပြောင် ခေါ်ဆိုကြပါတယ်။

ကုန်သွယ်ရေးရုံးမှာ ရှိတဲ့တပ်ခွဲမှူးနဲ့ စစ်သည်တွေကို သွားရောက်စည်းရုံးခဲ့တဲ့ ကျောင်းသားတွေနဲ့ ရဟန်း သံဃာတော်တွေဟာ တပ်နဲ့ လူထုကို တစ်ပါတည်း စည်းရုံးပြီး နာရီဝက်ခရီးသာ ရှိတဲ့ စစ်ရုံးကို ချီတက်ခဲ့ကြပါရင် ဖိလစ်ပိုင် နိုင်ငံလို ပြည်သူ့ဘက်ရပ်တည်တဲ့ တပ်မတော်နဲ့ တကွ ဒီမိုကရေစီ ပန်းတိုင်သို့ ရောက်ရှိသွားနိုင်မှာ ဖြစ်ပါတယ်။ ကျဉ်းတည်း ကြပ်တည်း ရောက်နေတဲ့ ခမရ (၆) တပ်ခွဲမှူးနဲ့ စစ်သည်တွေဟာ လူထုနဲ့ ဒီမိုကရေစီ အရေးကို နားလည် သဘောပေါက်လို့ သူတို့ရဲ့  အသက်နဲ့ လဲပြီး လူထုကို မပစ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ လူထုနဲ့ ကျောင်းသားများ စစ်ရေးအမြင်ရှိကြပြီး ရှေ့ မှ တက်ကြမယ်၊ ငါတို့ ရှေ့မှာ အသေခံပြီးချမယ် ဆိုတဲ့ စကားမျိုးနဲ့ စည်းရုံးပြီး တပ်ကို ခေါ်ဆောင်လာနိုင်ပါရင် စစ်သားတိုင်း သူတို့ ဂုဏ်သိက္ခာနဲ့ အရှက်ကြောင့် လိုက်လျောဖို့ သေချာသလောက် ရှိပါတယ်။ စစ်ရုံးမှာ ရှိတဲ့ စစ်သားတွေဟာလည်း အချင်းချင်းတွေမို့ လူထုနဲ့ ပါလာတဲ့ တပ်မတော်သားတွေကို ပစ်ခတ်ဖို့ ၀န်လေးမှာ အမှန်ပင် ဖြစ်ပါတယ်။ သေနတ်ပြောင်းဟာ ပြည်သူလူထုဘက်မှ အာဏာရှင်ဘက်သို့ ပြောင်းပြန်လှည့်မဲ့ ကြည်းတပ် တချို့ လည်း ရှိနေပါတယ်။ အခြေအနေတစ်ခုကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်ပြီး ကြည်းတပ်မှ တပ်ခွဲနှင့် တပ်ရင်းအဆင့်လောက်သာ ပြည်သူဘက် ကူးပြောင်းသွားခဲ့ပါရင် ကျန်တဲ့ ကြည်းတပ်မှ တိုင်းမှူး အဆင့်ထိ ပြည်သူ့ဘက် လိုက်ပါမဲ့ အနေအထား ရှိနေပါတယ်။

ပြည်သူလူထု ခေါင်းဆောင်ပိုင်းထဲမှာ တချို့  တပ်မတော်ထဲမှာ အငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်၊ ဗိုလ်ချုပ်ကြီးများ အနေနဲ့ ဒီလို အခွင့်အရေးမျိုးကို အောင်မြင်စွာ အသုံးချနိုင်ခဲ့ပါလျှင် ပြည်သူလူထု လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကို မလွဲမသွေ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ ဟာ မိမိထိုင်ခုံ လှုပ်မှသာ စေ့စပ်ဆွေးနွေးရေး စကားမျိုး ပြောလာနိုင်ပြီး အစိုးရ အုပ်ချုပ်ရေး ယန္တရား ပြိုကွဲပျက်စီးမှသာ စေ့စပ်ဆွေးနွေးနိုင်ပါမယ်။ သူတို့ အကြောက်ဆုံး အုပ်ချုပ်ရေး ယန္တရား ပျက်ပြားစေမဲ့ ၀န်ထမ်းတွေနဲ့ တပ်မတော်သားတွေ ရဲ့ သေနတ်ပြောင်း ၊ပြောင်းပြန်လှည့်မှာ စိုးရိမ်လို့ ကြပ်ပြေးကို ပြောင်းပြေးခြင်း ဖြစ်ပါတယ်။ ဘယ်လိုတော်လှန်ရေး ဖြစ်ဖြစ် ငြိမ်းချမ်းစွာ ဆန္ဒပြလို့ ရရှိတဲ့ အောင်မြင်မှုမျိုးနဲ့ သွေးထွက်သံယို အင်အားသုံးလို့ ရရှိတဲ့ အောင်မြင်မှုမျိုးကို နှိုင်းယှဉ်ရာမှာ ငြိမ်းချမ်းစွာ ဆန္ဒပြပြီး အောင်မြင်မှု မျိုးကို ပြည်သူလူထု အကြိုက်ဆုံးဖြစ်တာ ဓမ္မတာ ဖြစ်ပါတယ်။

ဒါပေမဲ့ သမိုင်းကြောင်းကို သုံးသပ်ရင် ဗိုလ်ချုပ်အောင်ဆန်းဟာ ခေတ်မှီလက်နက် မရှိတဲ့အပြင်စနစ်တကျ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့မျိုး မဟုတ်လို့ ဆရာစံ တော်လှန်ရေး ကျဆုံးရခြင်းကို သင်ခန်းစာ ယူပြီး ပြည်ပအားကိုးကာ BIA ဖွဲ့စည်းပြီး အင်္ဂလိပ်ကို တော်လှန်နိုင်ခဲ့ပါတယ်။ မျိုးချစ် လက်နက်ကိုင် မြန်မာ့တပ်မတော် ရှိလို့သာ အင်္ဂလိပ်နဲ့ ဖက်ဆစ်ဂျပန်ဟာ အရှိန်အ၀ါ လန့်ပြီး လွတ်လပ်ရေး မပေးရင် တော်လှန်မယ်လို့ သိနေလို့ လွတ်လပ်ရေး ပေးလိုက်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်စနစ်ကို ဖြိုချမယ်ဆိုရင် အမာခံ တပ် စည်းရုံးရန် လိုအပ်သလို ပြည်သူဘက်ကို ရပ်တည်မဲ့ တပ်မတော်သားတွေကို လက်ကမ်းကြိုဆိုပြီး ပြည်သူနှင့်တပ်မတော် လက်တွဲ နိုင်ပါလျှင် ဒီမိုကရေစီ ပန်းတိုင်ကို အလျင်အမြန် ရောက်ရှိနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

ဒီမိုကရေစီလိုလားသော မြန်မာပြည်သူလူထု တရပ်လုံး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး၊ အတိုက်အခံ အင်အားစုများ အားလုံး ဟန်ချက်ညီညီ လက်တွဲ၍ မြန်မာ့တပ်မတော်မှ မျိုးချစ် သူရဲကောင်းများ ကို ကြိုးစား စည်းရုံးကာ မဟာဗျူဟာ မြောက် အခွင့်အရေး တစ်ရပ်ကို ဖန်တီးကြရန် တိုက်တွန်း လိုက်ရပါတယ်။

1 comment:

Myo Win Zaw said...

သုံးသပ်ချက်ကို သဘောကျပါတယ်