ပြည်တွင်းမှ တပ်မတော်အရာရှိဟောင်း ကိုစစ်မင်းနိုင်က ကျွန်တော်နဲ့ ကျွန်တော် လေးစားခဲ့ဖူးသော မြန်မာ့တပ်မတော်အကြောင်း ခေါင်းစဉ်တပ်ပြီး အခန်းဆက်ဆောင်းပါး ရေးသားပေးပို့လာပါတယ်။ ဒီဆောင်းပါးကို ဖတ်ရင်း ယနေ့မြန်မာ့တပ်မတော်မှာ ဖြစ်ပျက်နေကြတဲ့ အခြေအနေတွေကို လေ့လာသုံးသပ် နိုင်ပါစေလို့ ပြည်တွင်းမှ တပ်မတော်အရာရှိဟောင်း ကိုစစ်မင်းနိုင်နဲ့ ကျွန်တော် ကိုဖိုးတရုတ်တို့က စေတနာရှေ့ ထား တိုက်တွန်းလိုက်ပါတယ်။ ယခုလို ပေးပို့လာတဲ့ ပြည်တွင်းမှ တပ်မတော်အရာရှိဟောင်း ကိုစစ်မင်းနိုင်အား ကျွန်တော် ကိုဖိုးတရုတ်က အထူးပင်ကျေးဇူးတင်ရှိပါတယ်။
ဆောင်းပါးရှင် - စစ်မင်းနိုင် (ပြည်တွင်းမှ တပ်မတော်အရာရှိတစ်ဦး)
မိုးတွေအရမ်းရွာနေတဲ့နေ့တစ်နေ့ပေါ့ ဆူးလေဘုရားလမ်းမပေါ်လျောက်ရင်း ခေါင်းထဲကို အတွေးတစ်စ က မရမက အတင်းတိုးဝင်လို့လာပါတယ်။ ဒီအတွေးကို လွန်ခဲ့တဲ့ ၄ နှစ်လောက်ကလည်း တွေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုလို လူတွေရှုပ်ယှက်ခတ်နေတဲ့ လမ်းမပေါ်မှာတော့ မဟုတ်ပါ။ လူတွေအလွန်ရှင်းတဲ့ တောကြီး မျက်မဲထဲမှာပါ။
မိုးရွာထဲ လမ်းလျှောက်ရတဲ့အရသာဟာ ဘ၀မှာပြီးပြည့်စုံတဲ့ ငွေကြေးကြွယ်ဝသူတို့အတွက် တစ်ခါတစ် ရံတော့ သုခဘုံမှာ လျှောက်လှမ်းနေရသလို ခံစားရတတ်ပေမဲ့ ကျွန်တော်တို့လို အသက်ချွေးတွေကိုစတေး ကာ ရည်ရွယ်ချက် ယုံကြည်ချက်တွေနဲ့ နိုင်ငံကို ပေးဆပ်မယ်ဆိုတဲ့ လူစားမျိုးတွေအတွက်တော့ မိုးစက် မိုးပွင့်တွေဟာ ကဗျာမဆန်ခဲ့တာတော့အမှန်ပါ။
မိုးကိုမုန်းတယ်။ မိုးကိုအာဃာတထားတယ်။ မိုးကိုမနှစ်မြို့ဘူး ဆိုတာတွေဟာ ရင်ထဲမှာ တစတစကြီး ထွားလာတာကိုတောင် ကိုယ်တိုင် သတိမထားမိခဲ့ပေမဲ့ ရင်ထဲမှာ ဆို့နစ်ကြေကွဲဘွယ်ရာ အခြေအနေ တွေရရှိခံစားခဲ့ရတဲ့အခါမှာ မိုးကို ကျွန်တော် ရဲရဲကြီး မုန်းတတ်လာပါပြီ။ သွက်သွက်ခါအောင်လည်း နာကြည်းတတ်လာပါပြီ။ အခုလည်း ဆူးလေလမ်းမပေါ်မှာ တစ်ယောက်တည်း အကာကွယ်မဲ့ ထီးမပါ မိုး ရေထဲ လမ်းလျှောက်နေရတာ ကျွန်တော် ဟိုစဉ်ကထားခဲ့တဲ့ ယုံကြည်ချက်ခံယူချက်တွေကို စတေးနေရ သလိုမို့ အသည်းထဲ နှလုံးသားထဲမှာ တစစ်စစ် နာကြင်ခံစားရပါတယ်။
တကယ်တော့ ကျွန်တော်ဟာ တပ်မတော်မှာ ဗိုလ်ကြီး ဘ၀နဲ့ ဆယ်စုနှစ် တစ်ခုကို ဖြတ်သန်းကျော်လွှားခဲ့ သူပါ။ အောက်ခြေမှအစပြုကာ အမိန့်ပေးညွှန်ကြားသူဘ၀ကို ကျားကုတ်ကျားခဲ ဆင်းရဲတွင်းတွေ ဖိနှိပ်မှု တွေ ဘ၀မာနတွေ စတဲ့ ခါးသီးလှတဲ့အတွေ့အကြုံတွေကို ရင်ဆိုင်ကျော်လွှား ဖြတ်သန်းလာခဲ့ပြီးကာမှ ဒီလိုဘ၀ကို ရရှိလာခဲ့တာပါ။ ဒုဗိုလ်ဖြစ်တဲ့ နေ့ကဆို ကျွန်တော်ဟာ ကျွန်တော့် ပခုံးပေါ်က အပွင့်လေး တွေကို ကြည့်ရင်း ရင်ထဲမှာ တိုင်းပြည်နဲ့ လူမျိုးကို အသက်နဲ့ရင်းပြီး တုံးတိုက်တိုက်ကျားကိုက်ကိုက် တာဝန်ထမ်းရွက် မယ်လို့လည်း သန္နိဌာန်ချမှတ်ခဲ့ဘူးပါတယ်။ ဒီဆုံးဖြတ်ချက်ဟာလည်း မယိုင်လဲနိုင်တဲ့ ကျောက်စာတိုင် တစ်ခုလို့ ရင်ထဲမှာ စွဲမြဲယုံကြည်ခဲ့ပါတယ်။
ဒီလိုနဲ့ ကျွန်တော်ဟာ တာဝန်ကျရာ တပ်မ (၃၃) တပ်မဋ္ဌာနချုပ် လက်အောက်ခံ တပ်ရင်းတစ်ရင်းကို သတင်းပို့ခဲ့ပါတယ်။ ကျွန်တော်တို့ သတင်းပို့ချိန်မှာ တပ်ရင်းမှူးက အသစ်ရောက်လာတဲ့ ကျောင်းဆင်း အရာရှိတွေကို ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ပြောလိုက်တာကတော့ ငါတို့တပ်မ ဟာနောက် (၃)ရက်အကြာမှာ ကျောက်ကြီးကို စစ်ဆင်ရေးထွက်ရမယ်။ ဒါကြောင့် မင်းတို့လိုအပ်တာပြင်ဆင် ထားကြပါပေါ့။ ကျွန်တော်လည်း သင်တန်းဆင်းဆင်းချင်း ရှေ့တန်းကို စစ်ဆင်ရေးထွက်ရမယ်ဆိုတော့ ရင်ထဲမှာ အတိုင်းမသိ ပျော်နေခဲ့မိတယ်။ ကိုယ်တွေ့ကြုံဘူးတဲ့ အခြေအနေမဟုတ်ပေမဲ့ ယခုအချိန်မှာ ကိုယ်တာဝန်ယူရမယ့် နေရာ ပါဝင်ရမဲ့နေရာက အုပ်ချုပ်သူ ကွန်မန်ဒါ Commander လေ။ ဒါကိုတွေးပြီး အဲဒီနေ့ကဆို ကျွန်တော် ကောင်းကောင်း အိပ်မပျော်ခဲ့ပါဘူး။ ရင်မှာ ပီတိကျေနပ်ချက်တွေအပြည့်နဲ့ပေါ့။
ဒီလိုနဲ့ ကျွန်တော်တို့ စစ်ဆင်ရေးကို စထွက်ရပါတော့တယ်။ ကျွန်တော်က တပ်ခွဲ(၄) တပ်ခွဲမှူးတာဝန် ကိုယူရပါတယ်။ တစ်ခုထူးဆန်းတာက ကျွန်တော်တို့ သင်တန်းဆင်း ဒုဗိုလ် (၄)ယောက်ဟာ တပ်ခွဲမှူး တာဝန်ကို ယူကြရပြီး တပ်ရင်းမှူးတစ်ဦးနဲ့ ဒုတပ်ရင်းမှူးတစ်ဦးသာ စီနီယာ အရာရှိပါပါတယ်။ တပ်ရင်း မှူးကတော့ အလုပ်သင်ဗိုလ် (OTC)သင်တန်းဆင်းဖြစ်ပြီး၊ ဒုတပ်ရင်းမှူးကတော့ ဘွဲ့ရ အိုတီအက်စ် (OTS) ဆင်းဖြစ်ပါတယ်။ သူတို့ရဲ့ မတူညီတဲ့ အတွေးအခေါ် အုပ်ချုပ်မှုတွေကို ကျွန်တော်တို့ နောက်ပိုင်းမှာ ခါးသီးစွာ ခံစားခဲ့ရပါတယ်။ ဒီထက်ဆိုးတာက ဒီအက်စ်အေ (DSA)ကဆင်းတဲ့ တပ်မမှူးရဲ့ ရက်စက်မှုတွေ မလျှော်ကန်တဲ့ ဆုံးဖြတ်ချက် အမိန့်တွေကြောင့် ကျွန်တော်နှင့်တကွ တပ်တွင်းက စစ်သည်အရာရှိငယ်များ လှိမ့်ပိန့် ခံခဲ့ ရတဲ့ အခြေအနေတွေကတော့ ဒုနဲ့ဒေးပါ။
နောက်နေ့မှာတော့ ရှေ့တန်းမှာ တွေ့ကြုံနေရတဲ့ ခါးသီးတဲ့အတွေ့အကြုံများကို ဆက်လက်တင်ပြသွားပါမယ်။
ကျွန်တော်နဲ့ ကျွန်တော်လေးစားခဲ့ဖူးသော မြန်မာ့တပ်မတော်အကြောင်း အပိုင်း(၁)

No comments:
Post a Comment