.

.

.

September 12, 2008

ဘယ်လို ကယ်တင်ရှင်မှ မရှိနိုင်ဘူး

စာဖတ်ပရိသတ်များခင်ဗျား

မြန်မာပြည်ရဲ့  အရေးမှာဘယ်လိုကယ်တင်ရှင်မှ မရှိနိုင်ဘူး။ အဟုတ်ဖြစ်နိုင်တဲ့ တကယ်လုပ်ရမဲ့ လိုအပ်ချက် ဟာ ဘာလဲဆိုတာကို ဆောင်းပါးရှင် နွေဦးဝေက ဒီလိုတင်ပြထားပါတယ်။ Forum ဂျာနယ်က ကျွန်တော် ကိုဖိုးတရုတ်မှ ကူးယူ တင်ပြပေးလိုက်တာဖြစ်ပါတယ်။

ဟုတ်ပါသည်။ ပြည်တွင်းမှာရော ပြည်ပမှာပါ ပြောနေကြတဲ့ တိုးတိုးတခါ ကျယ်ကျယ် တလှည့် လက်တွေ့ဘ၀ အရ မိမိစိတ်ခံစားမှု၊ မိမိတို့၏ စိတ်မွန်းကျပ်မှုတို့ကို နိစ္စဒူဝဖိနှိပ်မှုဒါဏ်ခံစားနေရသော မြန်မာနိုင်ငံရှိ ပြည်သူလူထု တရပ်လုံးကို မိမိနှင့် ထပ်တူထပ်မျှ ကိုယ်ချင်းစာနာပြီး စစ်အုပ်စုရဲ့ ဖိနှိပ်ယုတ်မာမှုအောက်က လွတ်မြောက်ဖို့ အတွက် စဉ်းစားမှုဖြစ်သည့် “ဒီကောင်တွေကို ဒီလို ပါးစပ်နဲ့ အော်နေလို့ မရဘူး ပြန်ချမှ ရမယ်ကွ၊ နိုင်ငံတကာက စစ်ရေးအရ အရေးယူမှ ရမယ်ကွ၊ အမေရိကန်က အီရတ်နဲ့ အာဖဂန်လို ၀င်ချမှ ရမယ်ကွ” စသဖြင့် အဲသလို “ကွ” ပေါင်းများစွာ အားမလိုအားမရ မွန်းကျပ်မှု ဒေါသအသံတွေကို နေ့စဉ်နေရာပေါင်း လူပေါင်းများစွာထံက ကြားသိနေရပါတယ်။

ဒီအပေါ်မှာ ကျွန်တော့်အနေနဲ့ စဉ်းစားကြည့်ရာမှာ ဘယ်အပေါ်မှာ အခြေခံသလဲ ဆိုတာ သွားတွေ့ပါတယ်။ ဒါက မိမိတို့ကို နှိပ်စက်နေတဲ့ “ရန်သူ အမျိုးအစားကို မှန်ကန်စွာ မြင်သိကြတဲ့အပေါ်မှာ” အခြေခံတယ်လို့ ထင်ပါတယ်။ တကယ်လည်း အခြေခံသင့်ပါတယ်။ တကယ့်လက်တွေ့မှာလည်းပဲ ဒီ စစ်အာဏာရှင်စနစ်ဟာ မြန်မာသိတင်မက ကမ္ဘာပါသိအောင် ကမ်းကုန်အောင် ယုတ်မာပြနေတာ နှစ်ပေါင်းလေးဆယ်ကျော် ငါးဆယ် နားကပ်နေပြီးမို့လို့ဘဲ ဖြစ်ပါတယ်။ ဒီစနစ်ရဲ့  သက်တမ်းက အတော်လေး အရိုးရင့်နေပါပြီ။

ဒါကြောင့်ပဲ အထက်ပါ စကားစုထဲက “ပြန်ချမှ ရမယ်ကွ” ဆိုတဲ့ စကားကိုသာ တရားသော မှန်ကန်သော စကားအဖြစ် မြင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် မိမိလွတ်လပ်မှုအတွက် မည်သူတဦးတယောက်ကမျှ လွတ်လပ်မှုကို ကုန်ပစ္စည်းလို တင်ပို့လို့ မရလို့ပါ။ ကျွန်တော် ဒီလို ပြောလို့ မိမိတိုင်းပြည် လွတ်မြောက်ဖို့ အတွက် ငြိမ်းချမ်းစွာတောင်းဆို တိုက်ပွဲဝင်နေတဲ့ ပြည်သူလူထုနဲ့ ဒီမိုကရေစီအင်အားစုများ၊ နိုင်ငံတကာမှ မြန်မာ့အရေး ထောက်ခံပံ့ပိုးမှုများကို လျစ်လျူရှုစော်ကားပြီး ပြောခြင်းမဟုတ်ပါ။

မြန်မာပြည်ထဲမှာ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံး အုံကြွပါဝင်ပြီး အသက်တွေပေး စတေးခဲ့ကြတာကို လှိုက်လှိုက်လှဲလှဲ ဦးညွတ်အလေးပြု နေပါတယ်။ နောက်တခုက နိုင်ငံတကာကိုလည်းပဲ ကျေးဇူးအထူး တင်ပါတယ်လို့ အလေးအနက် ပြောချင်ပါတယ်။ တကယ်လည်း ငြိမ်းချမ်းတဲ့ တောင်းပွဲတိုက်ပွဲတွေ၊ နိုင်ငံတကာက ထောက်ခံမှုတွေ၊ အားပေးပံ့ပိုးမှုတွေ အများကြီးဘဲ လိုအပ်ပါတယ်။ ကျွန်တော် ဆိုလိုတာက အဆုံးအဖြတ် အောင်ပွဲအတွက်ဆိုရင် ဒီတိုက်ပွဲကြီးအတွင်းမှာ အတွင်းအားတွေ ရှိပါတယ်။ ဥပမာ - စစ်အာဏာရှင်စနစ်ကို နှစ်ပေါင်းများစွာ တော်လှန်ခဲ့တဲ့ ကျွန်တော်တို့ရဲ့  ညီအကိုတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရယ်၊ ကမ္ဘာမှာ “သမိုင်းရဲ့  လိုအပ်ချက်” အရ ထူးထူးခြားခြား ပေါ်ပေါက်ခဲ့ရတဲ့ ကျောင်းသား တပ်မတော် (ABSDF) ရယ်စတဲ့ စတဲ့ ကျွန်တော်တို့ရဲ့  တကယ့်ကိုယ့်အတွင်းက ကိုယ်တွင်းအားတွေကို ထိထိရောက်ရောက် အသုံးပြုဖို့ လိုအပ်ပါတယ်။ ဒါတွေကိုဘဲ ကျွန်တော့် အနေနဲ့ အားကိုးပြီး ပြောခြင်း ဖြစ်ပါတယ်။

အထက်မှာ ပြောပြခဲ့တဲ့ သမိုင်းရဲ့  လိုအပ်ချက်ဆိုတဲ့စကားဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့  တကယ့်သမိုင်းရဲ့  လိုအပ်ချက် အခြေအနေပါ။ ကျောင်းသားတပ်မတော်ရဲ့  ဥက္ကဋ္ဌ ရဲဘော်သံခဲရဲ့  (ABSDF) (၁၉) နှစ်မြောက် မွေးနေ့မိန့်ခွန်းမှာ ပြောသွားတဲ့အထဲမှာ “ရဲဘော်တို့ အခုလို ငါတို့နိုင်ငံရဲ့  အင်မတန် အရေးကြီးနေတဲ့ အချိန်မှာ ငါတို့ မကဒတ ကျောင်းသားတပ်မတော်အပေါ်မှာ မျှော်လင့်အားထားနေတဲ့အသံတွေ၊ တောင်းဆိုမှုတွေ ကြားနေရတယ်။ ဒါဟာ အမှန်ပဲ။ ငါတို့အနေနဲ့ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင် တိုက်ပွဲပေါင်းစပ်ရေးဆိုတဲ့ မဟာဗျူဟာကို မှန်ကန်စွာ ချနိုင်ခဲ့ကြတယ်။ အခုချိန်မှာ နောက်ဆုတ်တွေဝေဖို့ မလိုဘူး။ မကဒတ ကျောင်းသားတပ်မတော်ဟာ သမိုင်းအရ မွေးဖွားခဲ့တာ ဖြစ်သလို သမိုင်းက တောင်းဆိုနေတဲ့ အလုပ်တွေကို လုပ်ဆောင်ဖို့ တာဝန်ရှိတယ်။” လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲကို ကြိုးစားပေါင်းစပ်ကြဆိုတဲ့ ကြွေးကြော်သံဟာ ကျွန်တော့်ရင်ထဲမှာ သမိုင်းရဲ့ လိုအပ်ချက်ဆိုတဲ့ ခေါင်းလောင်းသံ ပဲ့တင်နေလို့ ဒါကို အထူးပြု ပြောနေခြင်းဖြစ်ပါတယ်။

(၆၂) ခုနှစ် ဗိုလ်နေ၀င်းအုပ်စု အာဏာသိမ်းစဉ်ကတည်းကနေ ပြည်သူလူထုဟာ နှစ်ကာလရှည်ကြာစွာ ဒီ စစ်အာဏာရှင်ရဲ့  တိုင်းတပါးက မဟုတ်ပဲ ကိုယ့်လူမျိုးချင်း ဖိနှိပ် ဂုတ်သွေးစုတ်ခြင်း ခံလာရတာကို မခံနိုင်လို့ ရှစ်ဆယ့်ရှစ်မှာ အုံကြွပြီး ကျည်ဆံကို နှလုံးသားနဲ့ ၀င်တိုးရင်း မဆလရဲ့ စစ်အာဏာရှင် သရုပ်ကို ဖော်ထုတ်အံတ ခဲ့ပြီးပြီ။ သို့သော် လူထုဘက်မှ တပ်များဖြစ်သည့် တိုင်းရင်းသားပါတီ လက်နက်ကိုင်တပ်များမှ လူထုတိုက်ပွဲ အရှိန်အဟုန်နှင့် အချိန်ကိုက်မဖြစ်၍ လည်းကောင်း၊ တက်ကြွနေတဲ့ လူထု၏ အရှိန်နှင့် ဦးဆောင်မှု ကဏ္ဍတို့ ဆက်စပ်မှု တသားတည်းကျမှု ကြန့်ကြာနေသေး၍ လည်းကောင်း၊ ကျွန်တော်တို့ လူထုရဲ့  အောင်ပွဲအလံကို အဆုံးသတ် မလွှင့်ထူနိုင်ဖြစ်ခဲ့ကြရတာလို့ ကျွန်တော် သုံးသပ်မိပါတယ်။

တဖန် (၉၀) ခုနှစ် ရွေးကောက်ပွဲ အဆုံးအဖြတ်တွင်လည်း စစ်အာဏာရှင်တွေကအာဏာလွှဲမပေးဘဲ နားလှည့်ပါးရိုက်တာ ခံခဲ့ရသည့်အပြင် လူထုရဲ့  ခေါင်းဆောင်နှင့် နိုင်ငံရေးအဖွဲ့အစည်း ခေါင်းဆောင်များ ကျောင်းသားခေါင်းဆောင်များ ကိုပါ ဖမ်းဆီးခြင်း ခံထားရပါတယ်။

(၂၀၀၇) သြဂုတ်၊ စက်တင်ဘာက လူထုရဲ့  ကုန်ဈေးနှုန်းကျဆင်းရေး၊ စားဝတ်နေရေး ပြေလည်သင့်မြတ်ရေး လိုအပ်ချက်တွေကို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည့် အရေးတော်ပုံကြီးမှာ ပါဝင်တဲ့ ကျောင်းသားနဲ့ ပြည်သူ သာမက ရဟန်းသံဃာကိုပါ စစ်အာဏာရှင်တွေဟာသတ်ပြပြီး ရုဒ်မက်(၇) ချက်ကို မျက်လုံးစုံမှိတ် နားပါပိတ်ပြီး အော်နေသေးတယ်။ လူထုတိုက်ပွဲနဲ့ နိုင်ငံတကာရဲ့  ကြားမှာ မလူးသာ မလွန့်သာလို့ အသံကောင်း ဟစ်ပြနေပေမဲ့ တဘက်မှာလည်း လူဖမ်းပွဲ ကျင်းပနေတုန်းပင် ဖြစ်တယ်။

ဒီအခြေအနေတွေကို ပြန်ကြည့်လျှင် လူထုဟာ တာဝန်ကျေလွန်းနေပါတယ်။ စစ်အာဏာရှင်ရဲ့ သဘာဝအရ စစ်တပ်ဟာ ဘယ်တော့မှ အာဏာကို အလွယ်ပေးရိုး မရှိဆိုတာ အားလုံးအသိပါ။ လူထုရဲ့ ကျောမှာ နှလုံးသား မှာလည်း ဒဏ်ရာတွေ ထပ်နေပါပြီဆိုတာ ပေါ်လွင်ထင်ရှားပါတယ်။

ဒီအတွက် လူထုက မျှော်လင့်နေတာ အားကိုးစောင့်စားနေတာဟာ “ဟိုတပ်ကြီးနဲ့ လာသိမ်းမှာ ဒီတပ်ကြီးနဲ့ လာတိုက်မှာ” ကို စိတ်ကူးယဉ် အိမ်မက် မက်နေတာ မဟုတ်ပါဘူး။ လူထုတကယ် ကြုံတွေ့နေရတာက နေ့မြင်ညပျောက် ညမြင်နေ့ပျောက် ဖြစ်နေတဲ့ အခြေအနေမှာ အထက်ဖော်ပြပါ ပြည်သူ့ကြားက ပေါက်ဖွားလာတဲ့ တိုင်းရင်းသားနဲ့ ကျောင်းသားတပ်မတော်၊ ပြည်သူ့ဘက်ကို ကူးပြောင်းလာမဲ့ ပြည်သူ့ တပ်မတော်စတဲ့ လူထုတပ်တွေဟာ လူထုနဲ့အတူ ဘ၀ရဲ့  တိုက်ပွဲတွေကို လိုအပ်သလို ဆင်နွှဲပြီး ရင်အောင်ပွဲခံသွားမှာ မလွဲပါဘူး။

ဒီနေရာမှာ ကျွန်တော်တို့ဟာ လူထုရဲ့ တိုက်ပွဲနဲ့ အောင်ပွဲကို အမှန်တကယ် ယုံကြည်ဖို့ လိုပါတယ်။ ဒီနေ့ကာလဟာ စစ်အုပ်စုလည်းသိ ကျွန်တော်တို့ ပြည်သူတရပ်လုံးလည်းသိ ကမ္ဘာကပါ အားလုံးသိတဲ့ အဆုံးအဖြတ် တိုက်ပွဲဖြစ်ပါတယ်။ ဘယ်တိုင်းပြည်ကမှ လာပြီး အဆုံးသတ် ပေးလို့မရတဲ့အတွက် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ပြည်သူနဲ့ လက်တွဲပြီး စစ်ရေးဟာ နိုင်ငံရေးရဲ့ အဆက်ဖြစ်တယ်ဆိုတဲ့ အပေါ်မှာနားလည်ယုံကြည်ရပါမယ်။ တကယ်လည်းဘဲ နိုင်ငံရေးအခြေအနေအရ ကိုက်ညီနေတဲ့အပေါ်မှာ အဓိကဦးတည်ချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဖယ်ရှားရေးဆိုတဲ့ အချက်ပေါ်မှာ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကို လတ်တလော လိုအပ်ချက်အား ကိုယ်စားပြုပြီး စစ်ရေးအရ ခိုင်မာတောင့်တင်းတဲ့ စစ်ရေး တပ်ပေါင်းစုကြီး တရပ် အမှန်တကယ် လိုအပ်နေပါတယ်။

ကျွန်တော်တို့ တိုင်းပြည် ပြည်သူတွေမှာ ရှစ်ဆယ့်ရှစ်အရေးတော်ပုံတလျှောက် သင်ခန်းစာတွေ ရခဲ့ပြီးဖြစ်သလို၊ ဦးဆောင်မှုအခန်းကဏ္ဍလည်း လူထုလေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အဖွဲ့အစည်း အနေနဲ့ ဆိုလျှင်လည်း အန်အယ်လ်ဒီ၊ စီအာပီပီ စတဲ့အနေအထားတွေ ရှိပြီး ဖြစ်ပါတယ်။ ရှစ်ဆယ့်ရှစ် အခြေအနေနဲ့ မတူတဲ့ ဒီ အခြေအနေမျိုးမှာ အလိုအပ်နေဆုံးအရာဟာ၊ လူထုကလည်း အမှန်တကယ် အတောင့်တဆုံးအရာဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုရဲ့ တိုက်ပွဲနဲ့ လက်နက်ကိုင်တော်လှန်ရေးကို အချိုးကျ ပေါင်းစပ်နိုင်ရေးပဲ ဖြစ်ပါတယ်။ ဒီလို ပေါင်းစပ်နိုင်ဖို့အတွက်မကဒတ ကျောင်းသားတပ်မတော်၊ လူမျိုးစုံ လက်နက်ကိုင် တော်လှန်ရေး အင်အားစု အသီးသီးနဲ့ နအဖတပ်ထဲက တိုင်းချစ်ပြည်ချစ် စိတ်ရှိသော တပ်မှူးတပ်သားများဟာ အချိန်တခုတည်းမှာ ပေါင်းစည်းမိသွားကြပါလိမ့်မယ်လို့ ကျွန်တော် စိတ်ချယုံကြည် နေပါတယ်။ ဒါ့အပြင် ကျွန်တော်တို့မှာ ဘယ်လို ကယ်တင်ရှင်မှ မရှိနိုင်ဘူးဆိုတာကလည်း အလွန်ကို သေချာ လှပါတယ်ဆိုတာတင်ပြလိုက်ရပါတယ်။

No comments: