စစ်အာဏာရှင်တွေဟာ ရဟန်းသံဃာတွေ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားလာကြလို့ စိုးရိမ်ကြောင့်ကျပြီး သံဃာတော်တွေ အင်အားချိနဲ့သွားအောင် ဖဲ့ထုတ်စည်းရုံးကြပုံ၊ သီလ၊ သမာဓိအရာမှာ ပုထုဇဉ်များထက် ပိုမိုရင့်ကျက်တဲ့ သံဃာတော်တွေရဲ့ တုန့်ပြန်မှု စွမ်းအားကြီးမားပုံတွေနဲ့ အတူ ပထမအကြိမ်ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ ဆင်နွှဲခဲ့ပုံတွေကို စင်ကာပူမှ စာဖတ်ပရိသတ်တစ်ဦးရဲ့ တောင်းဆိုချက်အရ ကျွန်တော် ကိုဖိုးတရုတ်မှတင်ပြပေးသွားပါမယ်။ ဗိုလ်ထက်မင်းရဲ့ သားသုံးသား ဆောင်းပါးတွဲမှ တည်းဖြတ် တင်ပြပေးခြင်း ဖြစ်ပါတယ်ခင်ဗျား။
နဝတ စစ်အာဏာရှင်လက်ထက်မှာ ရန်ကုန်တိုင်း သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နဲ့ သန်လျင် မင်းကျောင်းဆရာတော်တို့ကိုစည်းရုံးပြီး ရန်ကုန်မြို့မှာရှိတဲ့ ရဟန်းသံဃာတော်တွေအနေနဲ့ကျောင်းသားတွေ နဲ့ မပူးပေါင်းဖို့ ရဟန်းသံဃာတော်တွေ နိုင်ငံရေးလှုပ်ရှားမှုမှာ မပါဝင် မပတ်သက်ဖို့တို့ကို ကြပ်မတ် ဆောင်ရွက်လာပါတယ်။ ဘုန်းကြီး နိုင်ငံရေးလုပ်တာကို ဝိနည်းနဲ့ မညီသယောင် ဖိအားပေးလာပါတယ်။ နဝတဟာ သူ့အလိုကို အကြိုက်လိုက်တဲ့ ရဟန်းသံဃာတော်တွေကို ဘွဲ့ထူး၊ ဂုဏ်ထူးမျိုးစုံ အသစ်တီထွင် ဆက်ကပ် ချီးမြှင့်ခြင်းဖြင့် အလှူ့ ဒါယကာတိုးပွားစေပါတယ်။ ဆယ်လ်လူလာဖုန်း၊ ကြိုးဖုန်း၊ ပါဝါမီတာ၊ နောက်ဆုံးပေါ် ဆလွန်းကား စတဲ့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ပြီး စည်းရုံးကြပါတယ်။ ဘုန်းကြီးကျောင်းဆောက်လုပ်ခွင့် ဂရန်၊ ဘိလပ်မြေ၊ အုတ်ပါမစ် စသည်တို့ကို ပေးအပ်၍လည်း စည်းရုံးကြ ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်တွေဟာ လုပ်ပိုင်ခွင့်အာဏာကို သုံးပြီး ဘုန်းကြီးကျောင်း ပညာသင်ကြားရေး နဲ့ လှည့်ကာ ဘုန်းကြီးတွေကို နိုင်ငံရေးလမ်းကြောင်းမှ ခွဲထုတ်လိုက်ပါတယ်။ ဘုန်းကြီးကျောင်း ပညာ သင်ကြားရေးအတွက်ဆိုပြီး ပရိဘောဂများ၊ ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်းကြပါတယ်။ အမှန်တကယ် မြန်မာပြည်ရဲ့ ပညာရေးဟာ အဘက်ဘက်က နိမ့်ကျနေပြီး စစ်အာဏာရှင် တွေရဲ့  ကူညီပံ့ပိုးမှု၊ အလေးပေး ဆောင်ရွက်မှုမရှိတာကိုသိနေတဲ့ ရဟန်းသံဃာတော်များဟာ စိတ်လက်မချမ်းမသာ ဖြစ်နေကြရပါတယ်။ စစ်အာဏာရှင်တွေဟာ ရဟန်းသံဃာတွေကို ဒီလို ဖဲ့ထုတ်စည်းရုံးကြခြင်းဖြင့် ‘‘သံဃာသင်းကွဲကံ’’ ကို ကျူးလွန်နေကြပါတယ်။
စစ်အာဏာရှင်တွေဟာ မိမိတို့ရဲ့ ရာထူးအာဏာတည်မြဲရေးအတွက် ရဟန်း သံဃာတော်တွေကို ခွဲခြားပြီး အခွင့်ထူးခံများ ပေးကာ စည်းရုံးခဲ့ရာမှာ ရန်ကုန်တိုင်း သံဃာ့နာယက အဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးဆိုရင် လောကီလူမှုပြဿနာများ ဝင်ရောက်စွက်ဖက်တဲ့အထိ ဖြစ် လာခဲ့ပါတယ်။ အချို့လူတွေဟာ တရားရုံးမှာ အမှုဖြစ်ကြတဲ့အခါ အမှုနိုင်ဖို့ ဘုန်းကြီးမှတဆင့် တိုင်းမှူး ထံ ဝင်ပြီး ချဉ်းကပ်ကြတာတွေ ဖြစ်လာပါတယ်။ တိုင်းမှူးက ရန်ကုန်မှာ ဘုန်းကြီးတွေ ဆူပူလှုပ်ရှားမှု မဖြစ်ပွားစေဖို့ ဆရာတော်ကြီးရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ ရှေ့နေပမာ အကျိုးတော်ဆောင်မှုတွေကို လိုက်လျောပေးတာမျိုး တွေ့ရှိရပါတယ်။ ဘုန်းကြီးရဲ့အမှုသည်ဟာ ဥပဒေကြောင်းအရ မှားနေ တာမျိုးလည်းရှိလို့ တရားရေးဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ ဦးနှောက်ခြောက် ရတာမျိုးလည်း တွေ့ရပါတယ်။ အဲဒီဆရာတော်ကြီးဟာ ရှေ့ပြေးဆိုင်ကယ် လမ်းရှင်းယာဉ်နဲ့ သွားလာတတ်လို့ ဘုန်းကြီးတိုင်းမှူးလို့ တိုးတိုးတိတ်တိတ် ပြောနေကြတာကိုလည်း ကြားသိရပါတယ်။ တဖက်မှာ စစ်အာဏာ ရှင်တွေဟာ ရဟန်းသံဃာတွေရဲ့ လွတ်လပ်ခွင့်ကို နည်းအမျိုးမျိုးနဲ့ ပိတ်ပင်ဟန့် တားခဲ့ပါတယ်။ နဝတခေတ် ၁၉၉ဝ ခုနှစ် ဝန်းကျင်က မင်္ဂလာဒုံ စော်ဘွားကြီးကုန်းအနီးရှိ ထန်းပင်ကုန်းဘုန်းကြီးကျောင်းမှာ ညစဉ် တရားဟော တရားပြနေစဉ် ရယကနှင့် လုံခြုံရေးအဖွဲ့ များ ၀င်ရောက်ဧည့်စာရင်းစစ်ကာ နှောက်ယှက်ခြင်း ပြုလုပ်ခဲ့ပါတယ်။ တရားပြနေတဲ့ ရဟန်းသံဃာက တရားဟောမယ့်အကြောင်း ကြိုတင်သတင်းပို့ထားပြီး ဖြစ်ကြောင်း၊ ရယကအနေဖြင့် ဧည့်စာရင်းတိုင်ရမယ် လို့ မပြောခဲ့လို့ မတိုင်ခြင်းဖြစ်ကြောင်းနှင့် နောင်တွင် ဧည့်စာရင်းတိုင်မည် ဖြစ်ကြောင်း ဖြေရှင်း ပြောဆိုခဲ့ပါတယ်။ တဖန် ဧည့်စာရင်းတိုင်ရာတွင်လည်း မှတ်ပုံတင် နံပါတ်မပါလို့ဆိုကာ ခွင့်မပြုဘဲ အမျိုးမျိုး ပြဿနာရှာနေတာကိုကြားသိခဲ့ရပါတယ်။ အာဏာရှင်တွေရဲ့ ဘာသာရေး လွတ်လပ် ခွင့်ဆိုတာ ဒီလိုလုပ်တာလားဆိုပြီး မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။
နဝတလက်ထက်မှာ ‘‘ကျောင်း ဒကာ’’ စီမံချက်ကိုရေးဆွဲပြီး ဘုန်းကြီးကျောင်း တိုင်းမှာမှတ်ပုံတင်ပြုလုပ်ကာ သာသနာမှတ်တမ်း တိုက်ဆိုင်စစ်ဆေးခြင်း၊ ဘုန်းကြီးကျောင်း အဝင် အထွက်များကို စောင့်ကြည့်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း စသဖြင့် ရန်ကုန်မြို့မှာ ပိုက်စိပ် တိုက် ပြုလုပ်လာခဲ့ပါတယ်။ တပ်မတော်ကြည်း၊ ရေ၊ လေ မိသားစုများရဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွေကိုလည်း ဘုန်းကြီးကျောင်းတွေမှာ ခမ်းခမ်းနားနား ပြုလုပ်ပြပြီးတော့ လှူဒါန်းရခြင်း အကြောင်းရင်းကို လျှောက် ထားကာ ရဟန်းသံဃာတော်များ စိတ်ပြောင်း သွားအောင်၊ သံဃာတော် အချင်းချင်း မသင့်မတင့် ဖြစ်အောင် စည်းရုံးလျှောက်ထားခဲ့ပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ ရဟန်းသံဃာတော်တွေကို အဲဒီလို စည်းရုံးထိန်းချုပ်ထားပေမဲ့မန္တလေးမြို့က ရဟန်းသံဃာတော်တွေဟာ ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် ၁၉၉ဝ ခုနှစ် သြဂုတ် လ (၈) ရက်နေ့မှာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြပါတယ်။ အဲဒီအချိန်က အလယ်ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်က မပြုလုပ်ဖို့နဲ့ ပြုလုပ်ရင်အရေးယူမယ်လို့ ခြိမ်း ခြောက်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉ဝ သြဂုတ်လ (၈) ရက်နေ့ နံနက် (၆) နာရီမှာတော့ ဦးကဝိန္ဒာ ဦးစီးတဲ့ ငြိမ်းချမ်းရေးစစ်ကြောင်းနဲ့ ဦးရေဝတ ဦးစီးတဲ့ အိမ်တော်ရာစစ်ကြောင်းတို့ဟာ သံဃာအပါး ငါးထောင်မှ ခုနစ်ထောင်အထိ မန္တလေး (၈၄) လမ်းမကြီးတလျှောက် ဆွမ်းခံကြွချီလာတာကို အံ့မခန်း မြင်တွေ့ရပါတယ်။သံဃာတော်တွေကို ၃၂လမ်းနဲ့ ၃၃ လမ်းကြား လူထုဒေါ်အမာ အိမ်နားအရောက်မှာ အသင့် ရောက်ရှိနေတဲ့ စစ်သားနဲ့ပုလိပ်တွေက လူစုခွဲဖို့ အမိန့်ပေးပါတယ်။ ရဟန်းသံဃာတော်တွေက ငြင်းဆန်နေလို့ စစ်သားနဲ့ ပုလိပ်တွေဟာ နံပါတ်တုတ်တွေနဲ့ တရကြမ်း ဝင်ရောက်ရိုက်နှက် ကြပါတော့တယ်။ ဆွမ်းခံသပိတ်တွေဟာလည်း အလဲလဲအပြိုပြို ဖြစ်ကုန် ကြပါတယ်။ အဲဒီဖြစ်စဉ်မှာသံဃာတော် (၂)ပါး ပျံလွန်တော်မူပြီး သံဃာ (၁၇) ပါး အပါအဝင် ပြည်သူ အများအပြား ဒဏ်ရာရရှိကြပါတယ်။ဒီဖြစ် စဉ်ကို မူတည်ပြီး နဝတကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ် မှောက်ရန် သံဃသမဂ္ဂီ၊ ရဟန်းပျို သမဂ္ဂ၊ ကျောင်းထိုင်ဘုန်းကြီးများသမဂ္ဂတို့ဟာ တညီတညွတ်တည်း ပူးပေါင်းဆုံးဖြတ်ကာ သံဃာ အင်အား နှစ်သောင်း ပါဝင်ခြင်းဖြင့် သပိတ်မှောက်ကံဆောင်ခြင်း ကိုဆင်နွှဲ ခဲ့ကြပါတယ်။
သပိတ်ကံအကျိုးဆက်
ရဟန်းသံဃာတော်များရဲ့ ပတ္တနိက္ကုဇ္ဇနကံ သပိတ်မှောက်ခြင်းဆိုရာမှာ ဝိနယ ပါဠိတော်(၄) စာမျက်နှာ (၂၆၂) တွင် ၄င်းသပိတ်ကံဆောင် နိုင်သော အချက် (၈)ချက်ရှိရာ သံဃာတော် များကို လှူဒါန်းမည့် လှူဖွယ် ဝတ္ထုပစ္စည်းများကို ပိတ်ပင်တားဆီးခြင်း၊ လာဘ် မရအောင် ပြုလုပ်ခြင်း စသည်တို့ကို နဝတက ထင်ရှားစွာ ပြုလုပ်ခဲ့သဖြင့် ယခုကဲ့သို့ ကံဆောင်ရခြင်းဖြစ်ပါ တယ်။ ပတ္တနိက္ကုဇ္ဇနကံအရ နဝတနဲ့နွယ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အလှူကို လက်ခံရယူရန် ငြင်းပယ် ခြင်း၊ နဝတရဲ့ မော်တော်ယာဉ် မှန်သမျှ ကျောင်းဝင်းအတွင်း အဝင်မခံ တော့ခြင်း၊ ဝန်ထမ်းများ မဝင်ရဟု ဆိုင်းဘုတ်များ ချိတ်ဆွဲထားခြင်း၊ မလွှဲမရှောင်သာ အလှူခံရလျှင် ပန့်သကူ စွန့်ကြဲခြင်း စတာတွေကို ရဟန်းသံဃာများ ဆောင်ရွက်လာကြရာ နဝတအတွင်း တုန်လှုပ်ခြောက်ခြားခဲ့ပါ တယ်။ ရဟန်းသံဃာတွေကို ဆွမ်းကပ်လှူဒါန်းပွဲတွေမှာ ပင့်ဖိတ်လို့မရတဲ့ ပြဿနာတွေကြောင့်လည်း တပ်အတွင်းမှာ မကြေလည်မှုတွေ ဖြစ်ပေါ်လာပါတယ်။
ရန်ကုန်မှ (မဟန) ဆရာတော်ကြီးတစ်ပါးမှ ညှိနှိုင်းခဲ့ရာ သပိတ်ကံဆောင် သံဃာတော်များအနေဖြင့် (၈-၈-၉ဝ) ရက်နေ့ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ရေဒီယို၊မြန်မာ့ ရုပ်မြင်သံကြားတို့မှ နဝတက တရားဝင် ဝန်ချတောင်းပန်ရင် သပိတ်လှန်မယ်ဟု အကြောင်း ပြန်ကြားခဲ့ပါတယ်။ နဝတက တိုင်းမှူးအဆင့်သာ ဝန်ချတောင်းပန်မည် ဖြစ်ကြောင်း ပြန်လည် လျှောက်ထားရာ သံဃာတော်များလက်မခံဘဲ ဆက်လက် သပိတ်မှောက်ခဲ့ပါတယ်။ နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစောမောင်က (မဟန) ဆရာတော်ကြီးများကို တပည့်တော် ဓမ္မစက်နဲ့ မရရင် အာဏာစက်နဲ့ သုံးပါမယ်လို့ လျှောက်ထားခဲ့ပါတယ်။ နဝတက (၃) ရက် အတွင်း သပိတ် လှန်ရန် ရာဇသံပေးခဲ့ပေမယ့် သံဃာတော်တွေက လက်မခံဘဲ ဆက်လက်သပိတ်မှောက်ရာ ဒီဇင်ဘာ (၈) ရက်နေ့မှာ စစ်တပ်မှ ကျောင်းတိုက်များအတွင်းကို တရကြမ်း ဝင်ရောက်ပြီး သံဃာတော် အပါး (၉ဝ)ကျော်အား ဖမ်းဆီးခဲ့ပါတယ်။ လူဝတ်အတင်းအကျပ်လဲစေပြီး ထောင်သွင်းအကျဉ်းချ ခဲ့ပါတယ်။ ဖမ်းဆီးထောင်ချခဲ့တဲ့ ဆရာတော်များမှာ ဆရာတော် ဦးရေဝတ ဦးစီးတဲ့ သံဃသမဂ္ဂီနဲ့ ရဟန်းပျို သမဂ္ဂတို့မှ ကိုးပါး၊ ဂန္ဓာရုံတိုက်အုပ်ဆရာတော်၊ ရွှေဘုန်းပွင့်ဆရာတော်၊ သာကေတ မဟာဗောဓိဆရာတော်၊ ရန်ကင်းကျောက်ကုန်း မေဒီနီဆရာတော်၊ အင်းစိန်ရွာမဆရာတော်နှင့် သိမ်တော်ကြီးဆရာတော် မဂ္ဂင်ဆရာတော်၊ ဂဠုန်နီ သံဃာအဖွဲ့ဥက္ကဋ္ဌ ဦးကာပိယ၊ ဆရာတော် ဦးစန္ဒိမာ၊ တိပိဋကဓရဆရာတော် ဒေါက်တာဦးသုမင်္ဂလာ စသည်တို့ကို ရက်စက်စွာ ထောင်ချ ခဲ့ပါတယ်။ မိမိတို့ရဲ့ ရာထူး၊ အာဏာတည်မြဲရေး အတွက် ဘုရားသားတော်တွေကို မတရား ထောင်ချခဲ့လို့ နိမိတ်ဆိုးအနေနဲ့ မြန်မာပြည် တန်ခိုးကြီး ဘုရားများရဲ့ မျက်နှာတော်မှာ ချွေးစေး များကျခြင်း မြင်တွေ့ခဲ့ရပါတယ်။ ဗိုလ်ချုပ်စောမောင်ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခဲ့ကြောင်းကို စစ်သမိုင်းပြတိုက်နှင့် အခြားမှတ်တမ်းများမှာ လုံးဝဖေါ်ပြခွင့် ဓါတ်ပုံချိတ်ဆွဲခွင့် မရခဲ့လောက်အောင် သပိတ်ကံကြောင့် ထိခိုက်ခဲ့ရပါတယ်။ နဝတ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး စောမောင်ဟာ စိတ်ဂယောင်ချောက်ခြားဖြစ်ပြီး ဘုရားသားတော်တွေရဲ့ ဘုန်းတန်ခိုး အာနုဘော်ကြောင့် တိုးတိုးတိတ်တိတ် အာဏာသိမ်းယူခံရကာ သိမ်ငယ်စွာ သေဆုံးခဲ့ရပါတယ်။ စစ်အာဏာရူးတွေကြောင့် အာဇာနည်သံဃာများ ပေးဆပ်ခဲ့ရတဲ့ သမိုင်းကြောင်းဖြစ်ရပ်မှန်တွေဟာ မမေ့ပျောက်နိုင်တဲ့ အရိပ်ဆိုးကြီး ဖြစ်ခဲ့ရပါကြောင်း ဒုတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်ခဲ့တဲ့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးကို ဂုဏ်ပြုရင်း ရေးသား တင်ဆက်လိုက်ရပါတယ်ခင်ဗျား။

No comments:
Post a Comment