.

.

.

September 10, 2008

တဖက်အဖွဲ့အစည်းများ လိုက်နာရန် - အပိုင်း(၃)

အပစ်ရပ်အဖွဲ့တွေကို ထိန်းချုပ်ရာမှာ စစ်ဗိုလ်ချုပ်ကြီးများရဲ့  အဓိကလမ်းညွှန်မူကတော့ “တဖက် အဖွဲ့အစည်း များ လိုက်နာရန် စည်းကမ်းချက်များ” လို့ ခေါင်းစည်းတပ်ထားတဲ့၊ အတော်လေး လျှို့လျှို့ဝှက်ဝှက်ထားသော စာတမ်းတခု ဖြစ်ကြောင်း ဆရာဂါမဏိရဲ့  ဆောင်းပါး နိဂုံးပိုင်းကို ကျွန်တော် ကိုဖိုးတရုတ်မှ ဒီကနေ့မှာ တင်ဆက်ပေးလိုက်ရပါတယ်။


လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တယ်ဆိုတာ ဘာလဲ၊ ဘယ်လဲ - အပိုင်း(၃)

ဆောင်းပါးရှင် - ဆရာဂါမဏိ

၁၉၉၈ ခုမှာ အပစ်ရပ်အဖွဲ့ ၄ ဖွဲ့ရဲ့ စီအာပီပီ ထောက်ခံရေးလှုပ်ရှားမှုပေါ်လာတော့ စစ်ဗိုလ်ချုပ်ကြီးများဟာ ဒေါသတကြီးနဲ့ စီးပွားရေးအခွင့်အရေးတွေ ရုပ်သိမ်းပစ်လိုက်ပြီး စစ်စတိုက်ဖို့ပြင်ခဲ့တယ်။ ထိန်းချုပ်ရေး Containment ၊ ကန့်သတ်ရေး Restriction နဲ့ ချေမှုန်းရေး Annihilation ဆိုတဲ့ စစ်အာဏာရှင်တွေရဲ့ စီမံကိန်းထဲက နောက်ဆုံး အဆင့်ကို အကောင်အထည်ဖော်ဖို့ ခြေလှမ်းစခဲ့တယ်။ ရလလဖနဲ့ ကယန်းပြည်သစ် က အရာရှိတချို့ကို နအဖ က ဓားစာ ခံအဖြစ် အလစ်အငိုက်ယူဖမ်း၊ နယ်မြေအစိတ်အပိုင်းတချို့ထဲက အပစ်ရပ်တပ်တွေ အတင်းအဓမ္မ မောင်းထုတ်ပစ်လိုက်ပြီး နောက် ဒီနိုင်ငံရေးအားသန်တဲ့အဖွဲ့တွေဟာ အညံ့ခံ လိုက်ကြပြီး ‘ငြိမ်းချမ်းရေးကိုထိန်းသိမ်းလိုက်’ပါတယ်။ ‘နိုင်ငံရေး တက်ကြွတဲ့’ အဖွဲ့တွေဟာလည်း တကယ်တော့ ပြန်တိုက်နိုင်လောက်တဲ့ စိတ်ဓာတ်အင်အား၊ ရင်းမြစ်အင်အားတွေ မရှိ ကြတော့ဘဲ ပျက်ပြားနေ ကြပြီဖြစ်ပြီး မိမိနယ်မြေလူထုနဲ့ သာသနာဘက်ဆိုင်ရာတွေကပါ သေနတ်သံပြန်မပေါက်ရေးကို အကြီးအကျယ် ဖိအားပေးတာလည်း အရေးပါတဲ့ အကြောင်းတရပ်ဖြစ်ပါတယ်။ အဖွဲ့အစည်းတွေရဲ့ အရည်အချင်းကို သိထားလို့ ပြန်တိုက်လည်း မထူးတာကို အကြောင်းသိနေတဲ့လူထုက ပြည်တွင်းစစ်ဒုက္ခ ထပ်မခံချင်တော့တာ၊ အဖွဲ့ အစည်းတွေ တော်လှန်ရေးတွေထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်တို့လို ကျောင်းသားတွေကိုသာ အားကိုးတော့ တာ သဘာဝကျပါတယ်။

KNU မှ ခွဲထွက်ပြီး စစ်အစိုးရနဲ့ ပူးပေါင်းသွားတဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာအစည်းအရုံး DKBA မှ ရဲဘော်များ

ဗမာစစ်တပ်ဟာ အပစ်ရပ်အဖွဲ့အားလုံး၊ သို့မဟုတ် အနိမ့်ဆုံးအားဖြင့် သူတို့နဲ့ပြေပြေလည်လည်နေတဲ့အဖွဲ့တွေ ကို ဗမာ့‘တပ်မတော်’ထဲ ‘နယ်ခြားတပ်များ’ ဆိုတဲ့ တပ်အမျိုးအစားသစ်တခုအဖြစ် သွတ်သွင်းပြောင်းလဲပစ်ဖို့ ရေရှည်စီမံချက်ရှိပါတယ်။ ၁၉၈၈ ခုမတိုင်မီက ရှိခဲ့တဲ့ ‘ပြည်သူ့စစ်နှင့် ပြည်သူ့ဆက်ဆံရေးညွှန်ကြားရေးမှူးရုံး’ ကို နဝတ-နအဖခေတ်မှာ ‘ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး’နဲ့ ‘ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး’ ဆိုပြီး နှစ်ခြမ်းခွဲ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်များဟာ အပစ်ရပ်အဖွဲ့တွေကို ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးရဲ့ ချုပ်ကိုင်ကွပ်ကဲမှုအောက် လုံးလုံးလျားလျား သွတ်သွင်းပြီး ပြည်သူ့စစ်အဆင့် ထက် နဲနဲသာတဲ့၊ ဗမာ့တပ်မတော်ထက် အများကြီး နိမ့်ကျတဲ့ အနေအထားမှာထားဖို့ ရည်ရွယ်ထားတယ်။ ဟိုးတုံးက ယူအမ်ပီ၊ လဲဗီးတပ်တွေ ဗမာ့တပ်မတော်ထဲ သွင်းခဲ့တဲ့ပုံစံလောက်တောင် အဆင့်အတန်းမပေးဖို့ စီမံထားတယ်။ ဒါပေမဲ့ လည်း အခုထိတော့ ဒီစီမံကိန်းကို အကောင်အထည် မဖော်နိုင်သေးတာကတော့ နောက်ထပ် ဆွဲဆောင်သိမ်းသွင်းစရာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ ကျန်နေသေးတာကတကြောင်း၊ ဒါ့အပြင် ညီနောင် ၇ ဖော်လို အပစ်ရပ်အဖွဲ့တချို့က ညစ်ကပ်ကပ်လုပ်နေတာလည်းတကြောင်း ကြောင့်ဖြစ်ပါတယ်။ ညီနောင် ၇ ဖော်ကို သူရဲကောင်း ၇ ယောက်မဖြစ်အောင် နှိပ်ကွပ်နေရပါသေးတယ်။

ကရင်နီနဲ့ အပစ်ရပ်သဘောတူညီချက်ဟာ လုံးဝပျက်ပြားနေပြီဖြစ်ပေမဲ့ စစ်အစိုးရဟာ သူ့ကို အခုထက်ထိ တရားဝင်စာရင်းထဲ ထည့်ပြနေတုံးပါဘဲ။ ဒါကိုကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်ကြီးများဟာ အပစ်ရပ်သဘော တူညီချက်တွေရဲ့ ဝါဒဖြန့်စွမ်းအားကို ဘယ်လောက်တောင်တန်ဖိုးထားတယ် ဆိုတာသိနိုင်ပါတယ်။ ၁၉၉၄ ခုတုံးက ကေအင်ဂျီအဖွဲ့ဟာ အချင်းချင်းအသေအကြေ တိုက်ကြခိုက်ကြရာက ခေါင်းဆောင်ပိုင်းတွေ အားလုံးနီးနီး ပြုတ်ထွက်၊ အင်အားတွေ အဆမတန် လျော့နည်းသွားလို့ ကျန်သမျှရဲဘော်လေးတွေက ကိုယ့်အဖွဲ့ ကိုယ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြပေမဲ့ စစ်အစိုးရက ဖျက်သိမ်း ခွင့်မပေးခဲ့ဘဲ အတင်းဆက်လုပ်ခိုင်းပြီး ၁၇ ဖွဲ့စာရင်းထဲ ဆက်ပြပါတယ်။ မူလလက်ဟောင်း အက်စ်အက်စ်အေ နဲ့ အက်စ်အက်စ်အင်အေ ရှမ်းအပစ်ရပ် နှစ်ဖွဲ့က တဖွဲ့တည်းအဖြစ် ပေါင်းစည်းဖို့ စီစဉ်တာကိုလည်း ခွင့်မပြုခဲ့ပါဘူး။

အများသိကြတဲ့အတိုင်း ဗမာပြည်ရဲ့ အပစ်ရပ်သဘောတူညီချက်တွေဟာ ‘လူကြီးလူကောင်းသဘောတူညီ ချက်’လို့ (နအဖ က) ဆိုတဲ့ဟာမျိုးတွေဖြစ်ပါတယ်။ ဆိုလိုတာက ဘာစာချုပ်စာတမ်းမှ လက်မှတ်ထိုးတာ မရှိပါဘူး၊ ဘယ်အဖွဲ့နဲ့မှမရှိပါဘူး။ အစည်းအဝေးမှတ်တမ်း လက်မှတ်ထိုးတာနဲ့ အလွန်ဆုံးအားဖြင့် ‘ဥပဒေဘောင်အတွင်း ဝင်ရောက်သည့်အခမ်းအနား’ လောက်ဘဲလုပ်တာရှိပါတယ်။ ၁၉၈၉ ခုတုံးက ပထမဆုံး အပစ်အခတ်ရပ်စဲရေးတွေဆို အဲသလိုအခမ်းအနားမျိုးတောင် မလုပ်ခဲ့ရရှာပါ။ ဘယ်လိုဘဲ အခမ်းအနားတွေ လုပ်လုပ်၊ ဘယ်လိုဘဲ အသုံးအနှုံးတွေ သုံးသုံး ၁၇ ဖွဲ့စလုံးဟာ တင်းပြည့်ကျပ်ပြည့် ဥပဒေတွင်းမရောက်ဘဲ အူကြောင်ကျား ဥပဒေတပိုင်းအနေအထား ကိုသာရထားကြပါတယ်။

အပစ်ရပ်အဖွဲ့တွေကို ထိန်းချုပ်ရာမှာ စစ်ဗိုလ်ချုပ်ကြီးများရဲ့ အဓိကလမ်းညွှန်မူကတော့ “တဖက် အဖွဲ့အစည်း များ လိုက်နာရန် စည်းကမ်းချက်များ” လို့ခေါင်းစည်းတပ်ထားတဲ့၊ အတော်လေး လျှို့လျှို့ဝှက်ဝှက်ထားတဲ့ စာတမ်းတခု ဖြစ်ပါတယ်။ “သဘောတူညီချက် ၁ဝ ချက်” လို့လည်းခေါ်တဲ့ ဒီစာတမ်းကို စစ်ထောက်လှမ်းရေးနဲ့တပ် ပူးပေါင်းရေးဆွဲ ထားပြီး ၄င်းတို့ဟာ အပစ်ရပ်အဖွဲ့တွေရဲ့ လှုပ်ရှားမှု အားလုံးကို ဒီ ၁ဝ ချက်အခြေခံပေါ်ကနေ ကြီးကြပ်ထိန်းချုပ်တာ ဖြစ်ပါတယ်။ ဒီ ၁ဝ ချက်ဟာ အပစ်အခတ် ရပ်စဲရေး ကနဦးစေ့စပ်ဆွေးနွေးပွဲတွေအတွင်း တိုင်းရင်းသားခေါင်းဆောင်တွေ ဘက်က သဘောတူလက်ခံ ထားခဲ့သလိုလို ပုံစံမျိုး စစ်ထောက်လှမ်းရေးက ညာဝါးဖြီးဖြန်းနေပေမဲ့ တကယ့်လက်တွေ့မှာ တော့ ဒီလိုသဘောတူညီထားတယ်လို့ ဘယ်တိုင်းရင်းသားခေါင်းဆောင်မှ မသိခဲ့ကြပါဘူး။ နောက်ပိုင်းကျမှသာ ‘သိရှိသဘောတူကြောင်း’ ဇွတ်အတင်းဖိအားပေး လက်မှတ်ထိုးခိုင်းခံခဲ့ကြရတယ်။ ‘လူကြီးလူကောင်းသဘော တူညီချက်’ ဆိုတာအဲသလိုပါ။

စာတမ်းအပြည့်အစုံက အောက်ပါအတိုင်းဖြစ်ပါတယ်။


တဖက်အဖွဲ့အစည်းများ လိုက်နာရန်စည်းကမ်းချက်များ
  1. သတ်မှတ်နယ်မြေအတွင်း၌သာ တပ်ဖွဲ့များနေထိုင်ရမည်။
  2. တပ်အင်အားတိုးချဲ့ခြင်း မပြုလုပ်ရ။ (တပ်သားသစ် မစုဆောင်းရ၊ စစ်သင်တန်းမပေးရ)။
  3. ပြည်သူလူထုထံမှ ဆက်ကြေးကောက်ခံခြင်း၊ နာမည်အမျိုးမျိုးဖြင့် အခွန်အကောက်များ ကောက်ခံခြင်း မပြုရ။
  4. ပြည်သူလူထုထံမှ ရိက္ခာသီးနှံပစ္စည်းများ မကောက်ခံရ။
  5. နိုင်ငံတော်အုပ်ချုပ်ရေးတွင် ဝင်ရောက်မစွက်ဖက်ရ။ (ဒေသအုပ်ချုပ်ရေး မချရ။ ဒေသရဲ၊ တရားရုံး၊ အကျဉ်းထောင် မထူထောင်ရ။ ပြည်သူ့စစ် မဖွဲ့ရ)
  6. မြို့များရှိ နိုင်ငံရေးပါတီအဖွဲ့အစည်းများနှင့် မဆက်သွယ်ရ။
  7. မတရားသင်းအဖွဲ့အစည်းများနှင့် မဆက်သွယ်ရ။
  8. တပ်မတော် ထောက်လှမ်းရေး၏ ကြိုတင်ခွင့်ပြုချက်မရယူဘဲ အခြားငြိမ်းချမ်းရေး အဖွဲ့များနှင့် မဆက်သွယ်ရ။
  9. မြို့များသို့ ဝင်ထွက်သွားလာရာ၌ လက်နက်ကိုင်ဆောင်ခြင်း၊ ဆက်သွယ်ရေးစက်ဆောင်ယူခြင်း မပြုရ။
  10. မြို့များသို့ ဝင်ထွက်သွားလာရာ၌ စစ်ထောက်လှမ်းရေးအား ကြိုတင်အကြောင်းကြား ခွင့်ပြုချက် ရယူရမည်။

ဒါဟာ ‘ဥပဒေတွင်းဝင်ရောက်ခြင်း’ကို စစ်အစိုးရရဲ့ အရှင်းလင်းဆုံးအဓိပ္ပါယ်ဖွင့်ဆိုချက်ပါဘဲ။

တန်ခိုးထွားလှတဲ့ ဗိုလ်ခင်ညွန့်နဲ့ ထောက်လှမ်းရေးတွေ အရာကျပြီးတဲ့ အခုနောက်ပိုင်းမှာတော့ ဒီ အချက် ၁ဝ ချက်ကို နည်းနည်းပါးပါး ပြန်ပြင်လိုက်ပြီး အချက် ၁၄ ချက်လုပ်လိုက်ပါတယ်။ အဓိကပြင်တာကတော့ ထောက်လှမ်းရေးကို ရည်ညွှန်းထားတဲ့စာသားတွေ ဖြုတ်ပစ်လိုက်တာဖြစ်ပါတယ်။ ခေါင်းစဉ်ကိုလည်း ပြင်လိုက်ပါတယ်။ ပြင်ထားပြီးတဲ့ ၁၄ ချက် ကတော့ ဒီလိုဖြစ်ပါတယ်။


နိုင်ငံတော်နှင့် ငြိမ်းချမ်းရေးအဖွဲ့များ ငြိမ်းချမ်းရေးရယူစဉ် သဘောထားတူညီချက် ၂ဝဝ၎

  1. အစိုးရဆန့်ကျင်သော အဖွဲ့အစည်းများနှင့် လုံးဝမဆက်သွယ်ရန်။
  2. လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို စွန့်လွှတ်ရန်။
  3. လက်ရှိတပ်အင်အားအပြင် ထပ်မံမတိုးချဲ့ရန်၊ လူသစ်မစုရန်။
  4. သင်တန်းဖွင့်လှစ်၍ စစ်ရေးလေ့ကျင့်မှုများ မပြုလုပ်ရန်။
  5. ထောက်ပံ့မှုပေးရာတွင် လွယ်ကူရေးအတွက် လူ၊ လက်နက်ခဲယမ်း၊ ဖွဲ့စည်းပုံ စာရင်း အသေးစိတ်ပေးရန်။
  6. ဆက်ကြေးကောက်ခြင်း၊ ဘိန်းခွန်ကောက်ခြင်း မပြုလုပ်ရန်၊ ဓါးပြတိုက်ခြင်း၊ လုယက်ခြင်း၊ လူထုကို အနိုင်ကျင့်ခြင်း မပြုလုပ်ရန်။
  7. အစိုးရကွပ်ကဲမှုနှင့် သွားလာလှုပ်ရှားရန်။
  8. သတ်မှတ်နယ်မြေအတွင်း သွားလာ၍ရသော်လည်း အခြားနေရာသို့ သွားလာပါက တပ်စခန်းများသို့ သတင်းပို့၍ လက်နက်မဲ့သွားလာရန်။
  9. နိုင်ငံရေးပါတီများနှင့် ကင်းရှင်းစွာနေထိုင်ရန်။
  10. အစိုးရ၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် တရားစီရင်ရေးအပိုင်းများတွင် ဝင်ရောက် စွက်ဖက်ခြင်းမပြုရန်။
  11. နယ်မြေဖြန့်ကျဲ၍ ကန့်သတ်ခြင်းမပြုဘဲ ဖွံ့ဖြိုးရေးလုပ်ကိုင်ဆောင်ရွက်လိုသည့် နေရာများအား သတ်မှတ် ပေးရန်။
  12. နေထိုင်စားသောက်ရေးအတွက် နိုင်ငံတော်မှ ကူညီပံ့ပိုးသွားရန်။
  13. နိုင်ငံတော်ဦးဆောင်မှုအောက်တွင် ဒေသရှိပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက် သည့် လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းသွားရန်။
  14. နိုင်ငံတော်၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ အထောက်အကူပြု ဆောင်ရွက်သွားရန်။

စာသားတွေပြင်ဆင်ပြီး အချက်တချို့ ခွဲထုတ်တာ ထပ်ဖြည့်တာလုပ်ထားပေမဲ့ အနှစ်သာရနဲ့ ရည်ရွယ်ချက် ကတော့ ထူးမခြားနားပါဘဲ။ အပစ်ရပ်အဖွဲ့တွေကို ကိုင်တွယ်ဆက်ဆံနိုင်ဖို့အတွက် နအဖတပ်တွေကို အတွင်းပိုင်းလမ်းညွှန် စာတမ်းသာဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင်တော့ စစ်အစိုးရပြော ပြောနေတဲ့ ‘ဥပဒေဘောင်အတွင်း ဝင်ရောက်မှု’ ကို သူတို့ကိုယ်တိုင် အဓိပ္ပာယ်ဖွင့်ဆိုပုံဖြစ်ပါတယ်။ ဒီ ၁ဝ ချက်တို့၊ ၁၄ ချက်တို့ဟာ စစ်အစိုးရရဲ့ ဥပဒေဘောင် ဆိုတာကို အရှင်းလင်းဆုံးဖော်ပြချက်ပါဘဲ။

အထက်မှာပြောခဲ့တဲ့ အပစ်ရပ်အဖွဲ့တွေအပြင် အစိုးရထံ ခြွင်းချက်မရှိလက်နက်ချထားတဲ့ သင်းကွဲအုပ်စု လေးတွေ လည်း အများအပြားရှိပါသေးတယ်။ စစ်အစိုးရရဲ့ တရားဝင် ၁၇ ဖွဲ့ စာရင်းထဲထည့်ထားတဲ့ လက်နက်ချနှစ်ဖွဲ့ (အမ်တီအေ နဲ့ ရခိုင်ဗကပ) ကိုရော၊ တခြားလက်နက်ချခွဲထွက် အပဲ့အရွဲ့တွေအားလုံးကိုပါ စစ်အစိုးရက ပြန်လည်စုစည်းဖွဲ့စည်း၊ တချို့ကို ‘အထူးဒေသ’ ဆိုတဲ့ အမြီးလေးတပ်ပေးပြီး လက်နက်တွေ ပြန်တပ်ဆင်ပေးခဲ့ပါတယ်။ လက်နက်အရေအတွက် တော့ လက်နက်မချခင်ထက် လျှော့ထားတာနဲ့ ကန့်သတ် တာတွေ လုပ်လိုက်သေးတယ်။ ဒီလိုနဲ့ အမ်တီအေ အဖွဲ့ဝင် ဟောင်းတွေရဲ့ အထူးဒေသ အနည်းဆုံး ၆ ခု၊ ဒီကေဘီအေမပါ ကေအင်ယူအဖွဲ့ဝင်ဟောင်းတွေရဲ့ အထူးဒေသ အနဲဆုံး ၄ ခု၊ ကရင်နီအဖွဲ့ဝင်ဟောင်းတွေရဲ့ အထူးဒေသ အနဲဆုံး ၃ ခုနဲ့ အထူးဒေသ အမြီးတပ်မထားတဲ့ အဖွဲ့ပေါင်းစုံပေါ်လာခဲ့ပြီး တရားဝင်ရော တရားမဝင်ရော စီးပွားရေးလုပ်ပိုင်ခွင့်တွေ၊ အာဏာသုံးခွင့်တွေ နဲ့ သောင်းကျန်းကြပါတော့တယ်။

တရားဝင်အားဖြင့် ‘သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့’ (သကဆဖ)လို့ ဗမာစစ်တပ်က သတ်မှတ်ပေးထားပြီး စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးဝါဒဖြန့်လုပ်ငန်းထဲ အပစ်ရပ် ၁၇ ဖွဲ့နဲ့တတန်းတည်းထား ကြော်ငြာခံရတဲ့ ဒီအဖွဲ့တွေဟာ လက်နက်ခဲယမ်းတွေစုဆောင်း၊ ဆက်ကြေးကောက်၊ နယ်မြေအုပ်ချုပ်ရေးလုပ်၊ မူးယစ်ဆေးဝါး နဲ့လက်နက်ရောင်းဝယ်၊ တခြားမြေအောက်ဒုစရိုက်လုပ်ငန်းတွေအားလုံးကို ထောက်လှမ်းရေးနဲ့ နားလည်မှု ယူပြီးတော့ရော၊ မယူဘဲနဲ့ရော လုပ်နေကြပါတယ်။ သကဆဖဆိုတာ သဘောတရားအရ၊ စစ်တပ်က ပိုချုပ်ကိုင်မှုရှိတဲ့ ‘ပြည့်သူ့စစ်’ထက် ပိုလွတ်လပ်မှု ရှိတယ်၊ သို့မဟုတ် ပိုအဆင့်နိမ့်တယ်လို့ ဆိုပေမဲ့ တကယ့် လက်တွေ့မှာတော့ ကွဲပြားချက်ဟာ အတော့်ကို ဝေဝါး ရှုပ်ထွေးလာနေပါတယ်။ အခွင့်သာတဲ့ဒေသတွေက ပြည်သူ့စစ်တွေဟာလည်း ‘ငြိမ်းချမ်းရေး’အဖွဲ့တွေပုံစံအတိုင်း လုပ်ချင်ရာလုပ်နေကြပြီဖြစ်ပါတယ်။

အဲဒါတွေကတော့ ‘အပစ်အခတ်ရပ်စဲရေး’ လို့ပြောပြော၊ ‘ငြိမ်းချမ်းရေး’ လို့ဆိုဆို၊ ထူးဆန်းရှုပ်ထွေးတဲ့ ရူးကြောင်ကြောင် ကစားပွဲကြီးထဲ တဖွဲ့ပေါ်တဖွဲ့ရော ပြည်သူလူထုအပေါ်ရော၊ ဖျံကျနေကြတဲ့ ဥပဒေတွင်းနဲ့ ဥပဒေတပိုင်း လက်နက်ကိုင်တပ် သဗ္ဗနံပေါင်းစုံတို့ ပျော်စံရာ အမိမြန်မာနိုင်ငံတော်ကြီး ပါဘဲ။ လက်နက်ကိုင် တိုက်နေဆဲ ဖြစ်သော်လည်း စစ်အစိုးရနဲ့ အပစ်ရပ်သဘောတူညီချက်ရဖို့ စိတ်အားထက်သန်နေကြတဲ့ ကေအင်ယူနဲ့တကွသော တခြားလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ မလွဲမသွေဝင်ရောက်ရမယ့် ကစားပွဲကြီး ဖြစ်ပါတယ်။ ဒီကစားပွဲကြီးဟာ သုညကြွင်းကစားပွဲ ဖြစ် မလား၊ သုညမကြွင်းကစားပွဲ ဖြစ်မလား ဆိုတာကတော့ စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ ပြောရရင်တော့ အချက်အလက် တွေအားလုံးက (ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို) အလုံးစုံပျက်သုဉ်းရေး ဆီကိုသာ ဦးတည်နေပါတယ်။

2 comments:

saw said...

သိပ်မှန်ကန်ပြီး တန်ဘိုးရှိလှပါတယ်။ နအဖက ခွဲထွက်အဖွဲ့တွေနဲ့ ၀ိုင်းလု ၀ိုင်းစားနေကျပါ။ တောမှာဆို လူလုပ်တာ ကိုယ်မသိယောင်ဆောင် သူလုပ်တာ ကိုယ်မသိယောင်ဆောင်နဲ့ ၀ိုင်းညစ်နေကြပါတယ်။ ဒါပေမဲ့ ဒီကေဘီအေ ကတော့ အများအတွက် လမ်းဆောက် တံတားဖောက် ကျောင်းဆောက် ဈေးရုံဆောက်စသည်ဖြင့် လူထုအကျိုးကို အများကြီး လုပ်ဆောင်သွားပါတယ်။ တစ်ချို့သော ကိုယ်ကျိုးသမားတွေလဲ ရှိပါတယ်။ ဆရာတော်ကတော့ အများအတွက်ဘဲ လုပ်ဆောင်နေပါတယ်။ သူတို့လဲ နအဖနှင့် သင့်သလို ပေါင်းရပါတယ်။ တစ်ချို့ကိစ္စတွေမှာ နအဖကို ကျော်ပြီး မလုပ်ရဲကြပါဘူး။ ခွဲထွက်အဖွဲ့တွေက လူထုအတွက် လုပ်မယ်ဆိုရင်တော့ ပြောစရာမရှိပါဘူး။
မလုပ်ပေးနိုင်တာထက်စာရင် ငြိမ်းချမ်းရေးအစစ်မဟုတ်သော်လဲ တစ်ဦးနဲ့တစ်ဦး ပစ်ခတ်တာထက်စာရင် ကောင်းပါသေးတယ်လို့ သဘောထားရပါတယ်။ ခုဆို ကရင်ပြည်နယ်ဘက်မှာ (ခွဲထွက်အဖွဲ့ရှိတဲ့နေရာ) ပေါ်တာစွဲတာ၊ကြက်ဝက်ခိုးတာ၊ရွာမီးရွံ့တာ၊အတင်းအဓမ္မလုပ်အားပေးတာ၊ပေါ်တာကြေးပေးတာတွေဟာ တော်တော်နည်းသွားပါပြီ။ အခုပြောတာတွေဟာ သာမန်ပြည်သူတစ်ဦးအနေနဲ့ (နိုင်ငံရေးမျက်စိဖြင့် ကြည့်ခြင်းမဟုတ်) ပြောလိုက်တာ ဖြစ်ပါကြောင်း။

saw said...

ဖြည့်စွက်။ ။ တောမှာဆို သူလုပ်တာ ကိုယ်မသိယောင်ဆောင် ကိုယ်လုပ်တာ သူမသိယောင်ဆောင်ဟု ပြင်ဖတ်ရန်