.

.

.

October 3, 2008

တပ်မတော် ပြုပြင်ပြောင်းလဲရေးအတွက် တပ်မတော် အရာရှိတစ်ဦး၏ ပန်ကြားချက်

လု၊ လူ၊ လူး

ဆောင်းပါးရှင် - တပ်မတော်အရာရှိတစ်ဦး

"လု၊ လူ၊ လူး" ဆိုတာ သူငယ်တန်း ဖတ်စာအုပ်ထဲမှာ ပါတာကို ပြောနေတာ မဟုတ်ပါဘူး ခင်ဗျား။ ကျွန်တော် ဟာ မြန်မာ့တပ်မတော်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်များသို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ တိုင်းရင်းသား ကရင်နဲ့ မွန်တွေဟာ နယ်နိမိတ်ချင်းထိစပ် နေလို့ ရောထွေးယှက်တင် နေထိုင်ခဲ့ကြရာမှာ သူတို့ မကြာခဏ ပြောတတ်တဲ့ စကား တစ်ခုဖြစ်တဲ့ လု၊ လူ၊ လူး ဆိုတာကို ယနေ့ထက်တိုင် ကျွန်တော်ကြားယောင် နေမိရင်း စာဖတ်သူတွေအတွက် အခုလို ကိုဖိုးတရုတ် ဘလော့ဂ်သို့ ဆောင်းပါး ရေးသားပေးပို့လိုက်ရပါတယ်။

ကျွန်တော်ဟာ ကရင်လူကြီး၊ မွန်လူကြီးတွေနဲ့ တော်တော်လေး ရင်းနှီးမိပြီဆိုတာနဲ့ သူတို့ ဟာမကြောက်မရွံ့ နဲ့ ကျွန်တော့်ကို စပြောတာကတော့ လူသုံးမျိုးရှိတာ သိလားတဲ့။ မြန်မာ့တပ်မတော်က လူတွေမဟုတ်ဘူး။ လု၊ လူ၊ လူး ဆိုတဲ့ သုံးမျိုးက လူ ဆိုတဲ့ အထဲမှာ မပါဘူးတဲ့။ လု နဲ့ လူး တွေသာ ဖြစ်ကြတယ်တဲ့။ ကျွန်တော်လည်း နားမလည်လို့ ပထမတော့ ကြောင်သွားတယ်။ ပြီးမှ အသာရယ်မောပြီး ဘာဖြစ်လို့လဲ ဖထီးရဲ့ ကျွန်တော့်ကို ရှင်းပြပါဦးလို့ မေးလိုက်မိပါတယ်။ မွန်လူကြီး၊ ကရင်လူကြီးတွေ ပြန်ပြောတာကတော့ မြန်မာ့တပ်မတော် စစ်ကြောင်းတွေ ၀င်လာရင် ရွာသူရွာသားတွေဟာ လုပ်အားပေးရ၊ ဟင်းစားပေးရ၊ ကင်းစောင့်ပေးရ၊ ငွေထည့်ပေးရနဲ့ တကယ်တော့ ပြည်သူလူထုရဲ့  လုပ်အား၊ စားနပ်ရိက္ခာ၊ ငွေ၊ အချိန်၊ အခွင့်အရေးတွေကို လု ယူနေတာမို့ လု တွေ ဖြစ်တယ်တဲ့။ ပြီးတော့ ရွာသူရွာသားတွေကို မယုံသကာင်္နဲ့ ရန်သူသတင်း မေးတတ်ပြီး လူး နေကြပြန်တယ်တဲ့။ လူး တယ် ဆိုတဲ့ အဓိပ္ပာယ်က မဟုတ်တာကို လုပ်တာ၊ ပြောတာ ကို ခေါ်တာတဲ့။ ကျွန်တော်လည်း သူတို့ ပြောတာ မှန်နေတော့ စိတ်ဆိုးရ အခက်၊ ရယ်ရအခက် ဖြစ်ခဲ့ရပါတယ်။ KNLA နဲ့ NMSP တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရွာထဲကို ရောက်ရင် လူထုက သူတို့ကို ကရင်စစ်သား၊ မွန်စစ်သား လို့ ခေါ်ကြပြီး ကျွန်တော်တို့ကို ကျတော့ ဗမာသူပုန်လို့ ကွယ်ရာမှာခေါ်ကြပါတယ်။

အခု ကျွန်တော်တို့ နိုင်ငံမှာ မကြုံစဖူး သဘာဝဘေးဆိုး အန္တရာယ်ကြီးဖြစ်တဲ့ နာဂစ်မုန်တိုင်းကြီး ကျခဲ့ပါပြီ။ စစ်တပ်အနေနဲ့ တိုင်းရင်းသားတွေ ပြောခဲ့သလို "လူ" မဟုတ်ဘဲ လု နဲ့ လူး တွေ ဖြစ်နေပြန်တာကို မြင်တွေ့ရလို့ ဒီဆောင်းပါးကို ရေးဖြစ်ခဲ့ပါတယ်။ အထက် အာဏာပိုင်တွေရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာလား၊ ခေါင်မိုးက မလုံလို့ အောက်ခြေမှာ ရေစို ကုန်တာလားဆိုတာ ဝေခွဲလို့ မရအောင်ဘဲ လေဘေးရေဘေး ဒုက္ခသည်တွေကို ကူညီ ကယ်တင်ရမဲ့အစား သူတပါးကပံ့ပိုးတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကိုတောင် အာဏာပိုင်တွေဟာ ထိထိရောက်ရောက် မပေးပို့နိုင်ခဲ့တာကို မြင်ရ၊ ကြားရပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ စစ်တပ်ဂိုဒေါင်ထဲ ရောက်လိုရောက်၊ တနည်းပြောရရင် လု ယူနေကြ၊ သိုဝှက်နေကြလို့ ဈေးကွက်မှာတောင် လေဘေး အစားအစာတွေ ရောက်နေတာ မြင်မကောင်း ဖြစ်ခဲ့တဲ့အပြင် စောင်တွေ ယူလိုက်လို့၊ ဆန်တွေ လဲလိုက်လို့ ဆိုတဲ့ သတင်းတွေလည်း သက်သေနဲ့ ကြားနေရပါတယ်။ မတရား ရယူတဲ့ ရယက တွေကိုလည်း နံမည်နဲ့ တကွ တိုင်တဲ့ ပြဿနာ၊ ရန်ဖြစ်တဲ့ ပြဿနာတွေလည်း ကြားရ၊ မြင်ရပါတယ်။

စေတနာရှင်တွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေ၊ ကိုဇာဂနာတို့လို လူမျိုးတွေကိုတောင် ဖမ်းဆီးနေတာဟာလည်း စေတနာကို လု နေတာ တမျိုးပါဘဲ။ စေတနာကိုတောင် လု ယူတတ်တဲ့ ဒီလို အာဏာပိုင်တွေကို ကမ္ဘာမှာ မတွေ့ဖူး၊ မမြင်ဖူးလို့ အားလုံး စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ကြရပါတယ်။ လု ပြီးတော့ လူး တာကို ပြောပြပါဦးမယ်။ ကယ်ဆယ်ရေးကို ထိထိရောက်ရောက် ဘာမှမလုပ်ဘဲ ကယ်ဆယ်ရေး ပြီးပြီတဲ့ တည်ဆောက်ရေးလုပ်ဖို့ ဒေါ်လာ (၁၁) ဘီလီယံ တောင်းပြန်ရော၊ လူး နေတာကို ပြောပါတယ်။ ဒီလို လု တွေ၊ လူး တွေ ကြီးစိုးအုပ်ချုပ်နေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးဟာ တနေ့တခြား အရှေ့တောင်အာရှနိုင်ငံတွေမှာ အောက်တန်းနောက်တန်း ကျနေပြီဆိုတာ ဘယ်သူမှ ငြင်းလို့ မရနိုင်ပါဘူး။ ဒါကြောင့် မျိုးဆက်သစ် တပ်မှူးတွေအနေနဲ့ တပ်မတော်ရဲ့ အနာဂါတ် ကောင်းမွန်အောင်၊ ပြည်သူက ချစ်ခင်လေးစားတဲ့ တပ်မတော် ဖြစ်အောင်၊ မြန်မာ့နိုင်ငံရေးကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားရင်း "လူ" ပီသအောင် ပြုမူ ဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

1 comment:

swe said...

Thank you for the article.
There is only ONE country in the world, who's (so-called) leader strongly refused to accept the International Help+ Helpers meant for millions of foodless, homeless, penniless, devastated victims.
Only ONE country in the world where the United Nation's General Secretary himself had to visit and persuade the (so-called) head of the state to let the world help it's own people.