.

.

.

October 5, 2008

စစ်တွေတွင် ပေါ်ပေါက်သော ဆန္ဒပြပွဲများ အပေါ် တိုင်းမှူး ဗိုလ်ချုပ် သောင်းအေး အပြစ်မမြင်

နိရဉ္စရာ မှ ကူးယူဖော်ပြပါသည်

ရခိုင်ပြည်နယ် အမ်းအခြေစိုက် အနောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် အသစ်ရောက်ရှိလာသူ ဗိုလ်ချုပ်သောင်းအေး သည် စစ်တွေတွင် ပေါ်ပေါက်နေသော ဆန္ဒပြပွဲများအပေါ် အပြစ်မြင်သည့် သဘောမရှိကြောင်း စစ်တွေက နိုင်ငံရေးလေ့လာ အကဲခတ်သူတဦးက ပြောသည်။ သူက “ကျနော်တို့ မြို့မိမြို့ဖတွေကို လွန်ခဲ့တဲ့လ ၂၉ ရက်နေ့က ဦးဥတ္တမခန်းမမှာ အစည်းအဝေးလုပ်ပါတယ်။ အဓိကတော့ စစ်တွေမှာ ရေရရှိရေးမီးရရှိရေး ကိစ္စ တွေကို တိုင်းမှူးကဆွေးနွေးတာပါ။ ဒါပေမယ့်လည်း အရင်တိုင်းမှူးတွေလို အစည်းအဝေး လုပ်တိုင်း ဆန္ဒပြပွဲတွေလုပ်ရင် ဖမ်းမယ်ဆီးမယ်။ ဖြိုခွင်းပစ်မယ်ဆိုပြီးခြိမ်းခြောက်တာတွေ လုပ်တာမရှိဘူး။ သူက စစ်တွေအခြေအနေကို တိုးတက်ကောင်းမွန်အောင်လုပ်ဖို့ဘဲ ပြောပါတယ်။”ဟု ပြောသည်။ ရခိုင်ပြည်နယ် စစ်တွေတွင် ရဟန်းတော်များ ဆန္ဒပြရန် ကြိုးပမ်းမှုမှာ လွန်ခဲ့သော ၂ လအတွင်း အနည်းဆုံး လေးကြိမ်ခန့်ရှိခဲ့ပြီး စက်တင်္ဘာလ ၂၇ ရက်နေ့က လမ်းပေါ်ထွက် ဆန္ဒပြနိုင်ခဲ့သည်။ အလားတူ စက်တင်္ဘာလ ၂၈ ရက်နေ့ကလည်း နည်းပညာကော လိပ်မှ ကျောင်းသားများအနေဖြင့် ကျောင်းကား မစီစဉ်ပေးမှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် ၁၁ မိုင်ခန့်ခရီးကို ခြေလျင်လျောက်ကာ ဆန္ဒပြခဲ့ကြသည်။ ထိုသို့ ကြီးမားသော လှုပ်ရှားမှု (၂) ကြိမ်တိုင်တိုင် ပေါ်ပေါက် ခဲ့သော်လည်း ရဟန်းတော်တပါးအား ခေတ္တထိန်းသိမ်းမေးမြန်းရုံမှအပ အဖမ်းအဆီးများ မရှိခဲ့ကြောင်း သိရှိရသည်။ “ရခိုင်အမျိုးသားတွေ ဘာကြောင့် စစ်အစိုးရအပေါ် မကျေနပ်မှု တိုးပွားနေရသလဲဆိုတာကို အာဏာရှိအထက်လူကြီးတွေ သိပါတယ်။ စစ်တွေမြို့ပေါ်မှာ လမ်းတ လမ်းမှ အကောင်းမရှိဘူး။ သာမန်လမ်းတွေကိုထား မြို့ထဲက အဓိကကျတဲ့ မင်းဗာင်္ကြီးလမ်းဆိုရင် ကတ္တရာစေး တောင်မရှိဘူး။ နေရာတိုင်း ချိုင့်ခွက်ကြီးတွေနဲ့ သွားလာလို့မရအောင် ဖြစ်နေတယ်။ ပြုပြင်တာမရှိဘူး။ ရေပုံမှန်မလာဘူး။ မီးက တနေ့ ၂ နာရီသာရတယ်။ ဗမာပြည်က မြို့တွေနဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့တွေ အပုံတရာကွာပါတယ်။” ဟု သူကပြောသည်။ ယခုကဲ့သို့ အစစအရာရာ ဖိနှိပ်ခံနေရသော ရခိုင်ပြည်သူများ အနေဖြင့် နအဖစစ်အစိုးရ အပေါ်ဆန့်ကျင်လိုစိတ် ပြင်းပြနေခြင်းမှာ အပြစ်တခုအဖြစ် တိုင်းမှူး သောင်းအေးက သဘောထားပုံမရဟု အဆိုပါ နိုင်ငံရေးလေ့လာ အကဲခတ်သူက ပြောကြားသည်။

KNU ကို နအဖ နှင့် DKBA ပူးပေါင်း ထိုးစစ်ဆင်

Burma Today မှ ကူးယူဖော်ပြပါသည်

မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီအေတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ ၏ တပ်ရင်းတခုအား ယမန်နေ့နံနက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အနီးရှိ ကျေးရွာနေအိမ်နှင့် ပြောင်းဖူး ဂိုဒေါင်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နှင့် မိုင် ၃၀ ခန့် ဝေးသည့် ကော့ကရိတ်မြို့နယ်တွင် မြန်မာစစ်အစိုးရ ခမရ ၄၀၇ နှင့် တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ (DKBA) တပ်တို့ ပူးပေါင်းပြီး ကေအဲန်ယူ တပ်ရင်း ၂၀၁ ကို ထိုးစစ်ဆင်ခြင်း ဖြစ်သည်ဟု ကေအဲန်အယ်ယူ တပ်ရင်း (၂၀၁) တပ်ရင်းမှုး ဗိုလ် စောနေဆေး က ပြောသည်။

"မနေ့ကတောင်မှ တိုက်ပွဲဖြစ်ပြီးတော့ ရွာသား အိမ်လေးလုံး မီးရှို့လိုက်တယ်။ လူတော့ မရှိဘူး၊ နောက်ပြီး ပြောင်းတဲ ပြောင်းထည့်မယ့် ဂိုဒေါင် (၁၀) ကျော်လည်း မီးရှို့လိုက်တယ်။ ပြောင်းတော့ မရှိဘူး။ အိမ်လေးလုံးက လူတော့ မရှိဘူး။ လူမရှိလို့ သူတို့ ရှို့လိုက်တယ် ထင်တယ်။ ရွာသား အခြေအနေက ခုလောလောဆယ် သူတို့က ၀င်ရှုပ်တော့ ကျနော်တို့နဲ့ သေသေချာချာ အချိတ်အဆက် မရှိဘူး။

ရွာသားတွေက ကြားထဲကနေ ကြောက်လန့် နေရတာပေါ့၊ လောလောဆယ် ကတော့။ "KNU ၏ တပ်မဟာ ၆ အတွင်းရှိ နယ်မြေများရှိ ကျေးရွာသားများ စိုက်ပျိုးသည့် ပြောင်းခြံများကို ချုပ်ကိုင်လိုသည့်အတွက် ထိုးစစ်ဆင်ခြင်း ဖြစ်သည်ဟု ဗိုလ်စောနေဆေး က ပြောသည်။ "ထိုးစစ်ဆင်တဲ့ သဘောပေါ့။ ဒီ အမှန်မှာ တိုက်ပွဲဖြစ်တာက ဒီကေဘီအေနဲ့ ရန်သူနအဖ ၄၀၇ ကိုး။ ၄၀၇ က အရင်တုန်းက ၄၀၆ နဲ့ လာ လဲတာ။ ခါတိုင်းမှာ သူတို့ လှုပ်ရှားတာ ဒီပေါဘိုးမှာ ပဲ။ အခုက ချိန်းလည်း ချိန်းရော ဒါရိုက် ဒီကနဲလေးဂွင်ကနေပြီး ဒီ တိုက်ပွဲဖြစ်တဲ့ နေရာမှာ ရောက်လာတာပဲ။ သူတို့က အခုဟာက နယ်စပ်ကို လိုက် စိုးမိုးမယ့် ပုံစံ၊ ကျနော်တို့ ရှိတဲ့နေရာတွေကို လိုက်ယူပြီး အဲဒီမှာ ပြည်သူလူထုတွေ လုပ်တဲ့ ပြောင်းတွေကို သူတို့က ချုပ်ကိုင်ချင်တယ်။"

တပ်မဟာ ၆ ဒေသရှိ ကျေးရွာများတွင် ပြောင်းခြံ ဧကပေါင်း သိန်းနှင့်ချီ စိုက်ပျိုးကြသည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဒီကေဘီအေတပ်ဖွဲ့က ကျေးရွာသားများကို ၀င်ရောက် ဖမ်းဆီး သဖြင့် KNU နှင့် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု KNU တပ်ရင်း ၂၀၁ ဒု တပ်ရင်းမှူးက ပြောသည်။

"ဒီကေဘီအေက ပလားသိုရွာကို လာပြီး ရွာသူရွာသားတွေကို ဖမ်းထားတယ်။ အပြင် မထွက်ရဘူး။ အဲလို ဖမ်းထားတော့ ၂၉ ရက်နေ့မှာ ရောက်လာတယ်၊ ၃၀ ရက်နေ့မှာ တိုက်ပွဲဖြစ်တယ်။ အဲဒီနေ့မှာပဲ အိမ်လေးလုံး ကိုလည်း မီးရှို့သွားတယ်။ အဲဒီ ပလားသိုရွာကို။ ပြောင်းကျီ တလုံး၊ စပါးကျီ တလုံးကိုလည်း မီးရှို့သွားတယ်။"

မြန်မာစစ်အစိုးရတပ်မှ ထပ်မံ ထိုးစစ်ဆင်မှုများ ပြုလုပ်လာနိုင်သဖြင့် ကျေးရွာသားများအချို့ ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင် နေကြသည်ဟု ကေအဲန်ယူ တပ်ရင်း ၂၀၁ ဒု - တပ်ရင်းမှူးက ပြောသည်။

"သူတို့ နည်းနည်းမှ မဆုတ်သေးဘူး။ သူတို့ ခြေကုတ် ခုန ကျနော်ပြောတဲ့ ပလားသို၊ ကော်စဲရွာ၊ ကလော်ဝေါ်၊ ပြီးတော့ ဘီးလားကျောက်တောင် ပေါ့နော်၊ အဲဒါတွေကို နေရာယူထားတယ်။ ပြီးတော့ ဒါဒိုကီ ဆိုတဲ့ နေရာတွေကို အခု သူတို့ နေရာယူထားတယ်။"

စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့အတွင်း တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားပြီး နအဖတပ်ဖွဲ့နှင့် ဒီကေဘီအေ တပ်ဖွဲ့မှ ၃ ဦး ကျဆုံးပြီး ၇ ဦး ဒဏ်ရာရရှိတာ KNU ဘက်မှ ထိခိုက် ကျဆုံးမှု မရှိဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည် ဇွန်လ ၃၀ ရက်နေ့တွင် နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့တို့ပူးပေါင်းကာ ကေအဲန်ယူ၏ တပ်မဟာ ၆ ဒေသရှိ ဝေါ်လခီး တပ် စခန်းတခုကို ၀င်ရောက် တိုက်ခိုက်ခဲ့ရာ နှစ်ဘက် သေဆုံး ဒဏ်ရာရှိခဲ့ပြီး ကေအဲန်ယူ တပ်ရင်း ၂၀၁ စခန်း ဒီကေဘီအေ လက်ထဲ တရက် ကျရောက်ခဲ့သော်လည်း နောက်တရက်တွင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

နအဖ တပ်က အမျိုးသမီးများ အပါအ၀င် ရွာသား (၁၀၀)ကျော်ကို လုပ်အားပေး ခေါ်ယူ

ကရင်သတင်းစဉ် မှ ကူးယူဖော်ပြပါသည်

တောင်ငူခရိုင်၊ ထန်းတပင် မြို့ နယ်ရှိ တိပ်ပုအခြေစိုက် စစ်ကွပ်ကဲရေး ဌာနချုပ် (၂၁) တပ်ဖွဲ့သည် ၄င်းတို့၏ ရိက္ခာနှင့် လက်နက်ခဲယမ်းများ သယ်ယူရန် စက်တင်ဘာလ (၄) ရက်နေ့ နှင့် ၅ ရက်နေ့များတွင် ဒေသခံပြည်သူ (၁၀၀) ကျော်ကို အဓမ္မ လုပ်အားခိုင်းပေး ခေါ်ယူရာ၌ အမျိုးသမီးများလည်း ပါဝင်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယခုကဲ့သို့ နအဖ စစ်တပ်စခန်းမှ အတင်းအဓမ္မ ခေါ်ယူခိုင်းစေမှုတွင် အမျိုးသမီးများနှင့် ကလေးများ ပါဝင်ပြီး ယခုနှစ် မိုးတွင်း ကာလအတွင်း ခေါ်ယူသည့် လုပ်အားပေးများအနက် လူဦးရေ အများဆုံး ဖြစ်သည်ဟု ဒေသခံ တစ်ဦးဖြစ်သူ စောအယ်ဝါးက ကရင်သတင်းစဉ်ကို ပြောသည်။

၎င်းက “တိပ်ပုစုစည်း ကျေးရွာ ဖြစ်တဲ့ တိပ်ပု၊ မြောက်ချောင်း၊ ဘီဘဲ စတဲ့ ကျေးရွာက လူတွေကို နအဖစစ်တပ်က လုပ်အားပေး ခေါ်ယူတာ အမျိုးသမီးရော၊ ကလေးတွေပါ ပါတယ်။ ပြီးတော့ တိပ်ပု စခန်းနဲ့ (၃) နာရီကြာ လမ်းလျှောက်ရတဲ့ ထီးကလာဒေး (ခေါ်) ဟန်တိုစခန်းကို တပ်ရိက္ခာတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်းတွေကို ခေါက်တုံ့ခေါက်ပြန် သယ်ခိုင်းတယ်” ဟု ပြောသည်။

ထို့အပြင် သူက “အခုလိုမျိုး ရိက္ခာတွေ၊ လက်နက်ခဲယမ်းတွေ သယ်တယ်ဆိုတာက အခု မိုးလည်း ကုန်ခါနည်းပြီ ဆိုတော့ သူတို့ ကြိုပြီး ပြင်ဆင်တဲ့အနေနဲ့ ပိုပြီး လှုပ်ရှားမယ့် သဘောမှာ ရှိတယ်။ နောက်တချက်ကတော့ အခု အချိန်မှာ ရွာသားတွေက ဖာလာခင်းတွေ စိုက်ပျိုးတဲ့ အချိန်တွေ ဖြစ်တယ်။ ဒီဖာလာကြောင့် ရွာသားတွေ အသက်ရှင်လို့ ရတယ်ဆိုတာ သိထားတော့ သူတို့ရဲ့  ရည်မှန်းချက်အတိုင်း ဖာလာခြံတွေကို ၀င်ရောက်ဖျက်ဆီး တာတို့၊ ရွာသူရွာသားတွေ လုပ်စားလို့ မရအောင် လှုပ်ရှားမှုတွေကို အရင်နှစ်က အတိုင်း လုပ်လာနိုင်ပါတယ်” ဟု ပြောသည်။

လွန်ခဲ့သည့်နှစ် ရာသီတွင် ထန်းတပင်မြို့ နယ် နှင့် သံတောင်မြို့ နယ်အတွင်းရှိ ပြည်သူပိုင် ဖာလာစိုက်ခင်း တော်တော်များများကို ထိုဒေသ အခြေစိုက် နအဖ စစ်တပ်များက ၀င်ရောက်ဖျက်ဆီးခဲ့ပြီး ၄င်းဒေသခံ ပြည်သူများ သွားလာလုပ်စား၍ မရအောင် ပိတ်ဆို့မှုများ၊ ကန့်သတ်ချုပ်ချယ်မှုများကို နည်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

အလားတူ သံတောင်မြို့ နယ်တွင် အခြေစိုက်သည့် နအဖ တပ်ဖွဲ့ဝင်များလည်း ၄င်းတို့ တပ်၏ အထက်ပိုင်း အရာရှိများ နေရာပြောင်းရွှေ့မှုကြောင့် စက်တင်ဘာလအတွင်း စစ်တပ်လှုပ်ရှားမှု ပိုမိုများပြားလာသည်ဟု ဒေသခံ ပြည်သူများ၏ ပြောပြချက်အရ သိရသည်။

No comments: