.

.

.

October 27, 2008

ဝေစားမျှစား လောဘသားများ အကြောင်း

ငရဲပန်းကို ရွှေပန်းအသွင်ပြောင်းထားတဲ့ မြှပ်ကွက်

ဆောင်းပါးရှင် - Lt.Comet (တပ်မတော် အရာရှိတစ်ဦး)

နအဖဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ဟန်ဆောင်လုပ်ဆောင်နေပေမဲ့ တဖက်မှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတာကို သိရက်နဲ့ ထိန်ချန်နေတဲ့အကြောင်း အတွင်းသိ တပ်မတော်အရာရှိ တစ်ဦးရဲ့  ဆောင်းပါးကို ကျွန်တော် ကိုဖိုးတရုတ်က စာဖတ်သူများ အတွက် တင်ပြပေးလိုက်ရပါတယ်။ ငရဲပန်းဟာ လူညွှန့် တုန်းစေတဲ့ အကြီးမားဆုံး အန္တရာယ်ဖြစ်ပေမဲ့ ၀ိသမလောဘသားတွေအတွက်တော့ ရွှေပန်းပမာ အမြတ်အစွန်း ငွေကြေး ဥစ္စာ ရရှိနေတာကို သိရှိရလို့ အခုလို ဆောင်းပါးပေးပို့တဲ့ Lt.Comet အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ပျက်စီးခြင်းတွေ များစွာနဲ့ ပျက်စီးနေပါတယ်...ဘာလို့ ဒီစကားကို ပြောရလဲဆိုတော့ အခု ကျွန်တော်တို့နိုင်ငံမှာ နအဖက နေပြီးတော့ မြှောက်စားထားတဲ့ ဒီကေဘီအေလို့ ခေါ်တဲ့ ငြိမ်းချမ်းရေး အဖွဲ့ အကြောင်းကို အရင် ပြောပြပါ့မယ်... ဒီကေဘီအေဆိုပြီးတော့ နအဖက နေပြီးတော့ မြှောက်စားထားတော့ ဘာတွေဖြစ်နေလဲဆိုတော့ ဒီကေဘီအေ အဖွဲ့ဝင်တွေဟာ မြ၀တီ-ဘားအံ (သို့) မြ၀တီ-မော်လမြိုင် ကားတွေ ပြေးဆွဲနေတာကိုတော့ ပြည်သူတွေ အားလုံးလဲသိပါတယ်... ဒီလိုသိပေမဲ့ မသိတဲ့ အချက်လေးတွေကို ပြောပြပါ့မယ်... ဒီကေဘီအေ အဖွဲ့အစည်းက ကားတွေ ဆိုရင် နအဖ စစ်တပ်က ဂိတ်တွေကလည်း စစ်ဆေးခြင်းကို မပြုကြပါဘူး... ဒီလို စစ်ဆေးခြင်း မရှိတဲ့နောက်ကွယ်မှာ ဘာတွေရှိလဲဆိုတော့ မူးယစ်ဆေးဝါးတွေ သယ်ယူနေကြပါတယ်... မူးယစ်ဆေးဝါးတွေက ဘယ်က ရလဲဆိုရင် မြိုင်ကြီးငူ ခရိုင်ထဲက တောထဲမှာ မူးယစ်ဆေးဝါးထုတ်တဲ့ စက်ရုံကို ဒီကေဘီအေ အဖွဲ့က ဦးစီးပြီးတော့ တည်ဆောက်ထားပါတယ်... ဒီလို တည်ဆောက်ပြီးတော့ ယိုးဒယားနိုင်ငံကိုလည်း တင်ပို့သလို ပြည်တွင်းမှာလည်း ဖြန့်ဖြူးခြင်းလုပ်ငန်းတွေ လုပ်နေပါတယ်... မြိုင်ကြီးငူမှာ လုပ်နေပြီးတော့ မြိုင်ကြီးငူ ဆရာတော် သိလား မသိဘူးလား ကျွန်တော် မပြောတတ်ပေမဲ့ မြိုင်ကြီးငူမှာ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ စက်ရုံရှိတာကိုတော့ တိတိကျကျ သတင်းရရှိပြီး စက်ရုံက အပြင်မှာရှိတာမဟုတ်ပါဘူး... မြိုင်ကြီးငူတော ထဲမှာ တောင်တွေရှိပါတယ်... အဲဒီတောင်တွေထဲမှာ လိုဏ်ဂူ ကြီးတစ်ခုရှိပါတယ်... အဲဒီလိုဏ်ဂူထဲမှာ စက်ရုံကိုတည်ဆောက်ထားပြီးတော့ တောင်တွေ အနီးအနားမှာ သေနတ်ကိုင် ဒီကေဘီအေ တပ်သားတွေကို ကင်းချထားပါတယ်... တစ်ချို့ဒီကေဘီအေ စစ်သားတွေ မျက်စိလည် လမ်းမှားပြီး စက်ရုံရှိသော တောင်သို့ရောက်သောသူများ ရှိပါတယ်... ဒါပေမဲ့ သူတို့ရဲ့ အသက်တွေကတော့ စက်ရုံမှာဘဲထားခဲ့ကြရပါတယ်... ဒီကေဘီအေမှာရှိတဲ့ တပ်ခွဲမှူးအဆင့် အနိမ့်ဆုံးရှိသော သူများသာ အဲဒီ မူးယစ်ဆေးဝါးထုတ်လုပ်သော စက်ရုံသို့ ကိစ္စဖြင့်သွားလျှင် ရပါတယ်... ရိုးရိုး အပျော်သွား၍ မရပါဘူး... အခုလိုမျိုး စက်ရုံကနေ ထုတ်လိုက်သော မူးယစ်ဆေးဝါးတွေကို ယိုးဒယားနိုင်ငံကိုလည်း ရောင်းချသလို ပြည်တွင်းကိုလည်း ဒီကေဘီအေမှ ကားများဖြင့် တရားဝင် ပို့ပြီးရောင်းစားနေတာတွေကို နအဖက ဒီအတိုင်းကို ကြည့်နေလား... မကြည့်ပါဘူး... ပတ်သက်ရာ ပတ်သက်ကြောင်းလူတွေကို အကြောင်းကြားပေးပြီးတော့ ဖြန့်ဖြုးမှုမှာပါ ကူညီခိုင်းလိုက်ပါသေးတယ်... ဒီကေဘီအေမှ ရောင်းလိုက်သော သူအား ဘယ်တော့မှ မူးယစ်ဆေးဝါး အမှုနဲ့ မဖမ်းပါဘူး... ၂ ဆင့် ၃ ဆင့်လောက်မြောက်သော သူတွေကိုသာ ရွေးချယ်ပြီးတော့ မူးယစ်ဆေးအမှုနဲ့ ဖမ်းဆီးထောင်ချလိုက်ပါတယ်... ကဲကောင်းလိုက်တဲ့ လုပ်ကွက်လေးတွေ... အရင်က မူးယစ်ဆေးတွေ သုံးစွဲသော မောင်ဝိတ်၊ ဦးသန်းရွှေ မြေး၊ ဦးရွှေမန်း သား၊ သူတို့တွေ ဘာဖြစ်လဲ... မောင်ဝိတ် တစ်ယောက်ဘဲ အမှုကို ရင်ဆိုင်ရပါတယ်... မောင်ဝိတ်တောင်ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး...

DKBA စစ်သားများ

တရားရုံးစစ် ပြစ်ဒဏ်ချမှတ်ပြီးရင်လည်း မောင်ဝိတ်ကတော့ အပြင်မှာဘဲ နေနေမယ်ဆိုတာကို မြန်မာနိုင်ငံက ပြည်သူတွေ အားလုံးသိပါတယ်... ဒီကေဘီအေ အကြောင်းကို ပြန်ဆက်လိုက်ပါအုံးမယ်... ဒီကေဘီအေက တရားဝင် လိုင်စင်ရ သေနတ်ကိုင်ပြီး မူးယစ်ဆေးဝါးတွေကို ရောင်းချနေတဲ့ အဖွဲ့ ဖြစ်ပါတယ်... ဒီကေဘီအေက ခေါင်းဆောင်တွေကလည်း နအဖက ခေါင်းဆောင်တွေနဲ့ အပြိုင် အာဏာရူးရူးနေကြသူတွေ ဖြစ်ပါတယ်... သူတို့တွေဟာ လိုအပ်သော ရဲဘော်တွေကို ပိုက်ဆံနဲ့ လိုက်ဝယ်ပြီးတော့ အတင်း စစ်မှုထမ်းခိုင်းကြပါတယ်... ဒီကေဘီအေတွေဟာ ဘားအံမြို့ပေါ်မှာကို သေနတ်ကိုင်ပြီးတော့ သွားလာနေသလို မကျေနပ်သော သူများရှိပါက အသက်ကိုပါ ရန်မူနေတာကို ကရင်ပြည်နယ်မှာနေတဲ့ ကရင်လူမျိုးတွေ အပြင် မွန်ပြည်နယ်မှာရှိတဲ့ မွန်လူမျိုးတွေလည်း သိပါတယ်... အခုလိုမျိုး တရားဝင် မူးယစ်ဆေးဝါး ဖြန့်ဖြူးခွင့်နှင့်အတူ သေနတ်ကိုင်ပြီး လူတွေရဲ့ အသက်ကိုပါ ကြိုက်သလို လုပ်ပိုင်ခွင့်ပေးထားသော နအဖ ခေါင်းဆောင်တွေဟာ အသိဥာဏ်၊ ဦးနှောက်မှ ရှိသေးလား... မိမိနိုင်ငံကို ခေတ်မှီဖွံ့ဖြိုးတိုးတတ်သောနိုင်ငံတော်လို့ အော်အော်နေတာက ဒီကေဘီအေလို အဖွဲ့အစည်းတွေ များများရှိလာတာကို ခေါ်တာလား... ဒါမှမဟုတ်ရင် မဲဆောက်မှာ မကောင်းတဲ့ အလုပ်လုပ်နေကြရတဲ့ မြန်မာအမျိုးသမီး ဦးရေ တိုးတက်များပြားလာတာကို ပြောချင်တာလား... ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ ထမင်းငတ်သော ပြည်သူဦးရေ တိုးတက်လာတာကို ခေါ်တာလား... ဒါကိုတိုးတက်တာလို့ခေါ်မယ်ဆိုရင်လည်း ဦးသန်းရွှေရဲ့ သဘောပါဘဲ... ကြိုက်သလို စဉ်းစား ဆုံးဖြတ်နိုင်ပါတယ်.......ဒါပေမဲ့ အားလုံးကိုကြောက်နေရပြီး ဝေစားမျှစားလုပ်နေရတဲ့ ဦးသန်းရွှေရဲ့ ဒုက္ခကလည်း အပြင်ပန်းကြည့်ရင်မသိနိုင်သော်လည်း အကုသိုလ်တွေ အတုံးလိုက် အတစ်လိုက် မကြာခင် တနေ့ မှာ ဘွားဘွားကြီးပေါ်လာတော့မယ်ဆိုတာ ကိုတော့ သတင်းကောင်းပါးလိုက်ပါတယ်။

KNU နယ်မြေ အတွင်း နအဖ မှ စစ်ဆင်ရေး ဆင်နွှဲနေခြင်း

KNU ရဲ့  တပ်မဟာ (၆) နယ်မြေ ဝေါလေးခီး ဒေသ အပါအ၀င် တပ်မဟာ (၆) ဧရိယာ အတွင်းသို့ တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးကြီးတောက်ထွန်း ဦးစီးပြီး နအဖတပ်များ အလုံးအရင်းနဲ့ ချီတက် ရှင်းလင်းနေကြောင်း သတင်းရရှိပါတယ်။ နအဖစစ်တပ်ရဲ့  ရည်ရွယ်ချက်တွေကတော့ DKBA နဲ့ KNU အကြား မကြာခင်က ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဖြစ်နိုင်ပြီး အာရှ လမ်းမကြီးဖောက်လုပ်မည့် ကိစ္စကို ကြိုတင် လမ်းကြောင်း ရှင်းလင်းခြင်းလည်း ဖြစ်မည်ဟု ယူဆရပါတယ်။ KNU ကို အင်အား ချိနဲ့အောင်လုပ်မည့် ဖိအားပေး အစီအစဉ် ဖြစ်နိုင်သော ရည်ရွယ်ချက်လည်း ရှိမည်ဟု စစ်ဖက်နီးစပ်သူများက ပေးပို့တင်ပြပါတယ်။

No comments: