.

.

.

November 5, 2008

နယ်စပ်ဒေသ ဖွံ့ဖြိုးရေး နောက်ကွယ်မှာ

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း (ခေတ်ပြိုင် ဂျာနယ်မှ ကူးယူ ဖော်ပြပါသည်)

ဒီကနေ့မှာတော့ နိုဝင်ဘာလထုတ် ခေတ်ပြိုင် ဂျာနယ်မှာ ပါတဲ့ ဆောင်းပါးရှင် ဗိုလ်ထက်မင်းရဲ့  နယ်စပ်ဒေသ ဖွံ့ဖြိုးရေး နောက်ကွယ်မှာ ဆောင်းပါးကို စာဖတ်ပရိသတ်များ ဗဟုသုတ ရရှိဖို့အတွက် ကျွန်တော် ကိုဖိုးတရုတ်မှ ဖော်ပြပေးလိုက်ပါတယ်။ အဲဒီ ဆောင်းပါးမှာ “တယ်လီဗေးရှင်းတွေကို တိုင်းရင်းသူတွေအတွက် လက်ဆောင် ပေးခိုင်းတာကလည်း တမျိုးကြီး ငါသိတယ်နော် အဖိုးကြီး” လို့ အိမ်ကမိန်းမ မျက်စောင်း ခဲရလောက်အောင် အကဲပါနေတဲ့ စစ်ဗိုလ်ချုပ်တွေ အစရှိတဲ့ အကြောင်းအရာများကို ဗိုလ်ထက်မင်းက မီးမောင်းထိုး ပြထားပါတယ်။

ထိပ်ပိုင်းစစ်အာဏာရှင်တွေဟာ စစ်ရုံး မှာ ဦးနှောက် ခြောက်လာပြီဆိုရင် တိုင်း နဲ့ ပြည်နယ်တွေကို နယ်စပ်ဒေသဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်ပြပြီး ပျော်ရွှင်မြူးတူးဖို့ ကွင်းဆင်းစစ်ဆေးရေးသွား ရောက်ကြပါတယ်။ တိုင်းမှူးတွေကလည်း သူတို့ကို အစွမ်းကုန် “ဖား” ကြရပါတယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ကျော်ဘဆိုရင် ကွင်းဆင်း စစ်ဆေးလာတဲ့ နဝတစစ်အာဏာရှင် အတွင်းရေးမှူး (၂) ဗိုလ်တင်ဦးနဲ့ နဝတ အဖွဲ့ဝင်တွေကို မီးပုံပွဲကျင်းပပေးကာ ကခုန်နေရတာ ညောင်းမှာစိုးလို့ ဆိုပြီး ညဘက် အိပ်ခန်းတွေမှာ အနှိပ်သည် ကောင်မလေးတွေ တဦးစီကို ထည့်ပေးခဲ့ပါတယ်။

ဒါနဲ့တင် အားမရသေးဘဲ မြစ်ကြီးနားမှာ သူတို့ကို ဖျော်ဖြေခဲ့တဲ့ မြစ်ဖျားဧရာ အဖွဲ့ အနုပညာရှင်တွေကို ရန်ကုန်သို့ တကူးတက ဖိတ်ကြားကာ ပြည်သူ့ရင်ပြင် ဥယျာဉ်မှာ အတွင်းရေးမှူး (၂) နဲ့ နဝတအဖွဲ့ဝင် ဝန်ကြီးတွေက ခမ်းတနား ဧည့်ခံကျွေးမွေး ခဲ့ပါသေးတယ်။ ညစာ စားပွဲမှာ Seating Plan ထိုင်ခုံနေရာ ပေးရင်တောင် စစ်ရုံး နတလ စစ်ဦးစီးမှူး (ပထမတန်း) ဒု-ဗိုလ်မှူးကြီး သိန်းဟန် က သူ့လူကြီးတွေ ပျော်ရွှင်စေဖို့ လူကြီးတွေကို ခုံတခုံခြားစီ ကောင်မလေးတွေ နဲ့ ကပ်ပြီးတော့ နေရာချပေးရပါတယ်။

အတွင်းရေးမှူး (၂) ဗိုလ်တင်ဦးဟာ မြစ်ဖျားဧရာအဖွဲ့က ကောင်မလေးတဦးအား မေဆွိရဲ့  ‘မောင်’ သီချင်းကို ကြိုက်လို့ဆိုပြီး သီဆိုခိုင်းပါတော့တယ်။ အဲဒီ တေးသီချင်းသီဆိုနေပုံကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဦးစီးဌာနက မှတ်တမ်းတင် သတင်း ရိုက်ကူးနေချိန်မှာ နဝတ အဖွဲ့ ဝင် ဘဘဝန်ကြီး ဗိုလ်အောင်ရဲကျော်က ဘဘဝန်ကြီး ဗိုလ်ဘုန်းမြင့်ကို ‘ထောင်’ ပေးပါတော့တယ်။

ဧည့်ခံပွဲလုပ်တဲ့အချိန်က ည (၇) နာရီထိုးနေပြီးဗိုလ်အောင်ရဲကျော်က “ကိုဘုန်းမြင့်တို့ ပြန်ကြားရေးဝန်ကြီး ဌာနက ဒီသမီးတွေလာတုန်း သီချင်းဆို နေတာကို ဒီနေ့ တီဗွီသတင်းမှာပါအောင် လုပ်ပေးဖို့ တာဝန်ကျေအုံးလေ” လို့ ထောင်ပေးတာမို့ ဘဘ ဗိုလ်ဘုန်းမြင့်ခမျာ သူ့ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို အဲဒီည ရှစ်နာရီအမီ သတင်းမှာပါရေး အတွက် လက်အောက်ကို ဖိအားပေးကာ အာဏာ အစွမ်းပြပါတော့တယ်။ သမီး တို့ကို ဧည့်ခံတဲ့ ဒီသတင်းကို ဒီည(၈) နာရီသတင်းမှာ ပါစေရမယ်ဆိုပြီး ဝန်ကြီး ဗိုလ်ဘုန်းမြင့်က ချက်ချင်းဆိုသလိုပဲ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒု-ဗိုလ်မှူးကြီး ကြည်လွင်ကို တိုက်ရိုက်အမိန့်ပေးတာကြောင့် ညွှန်ကြားရေးမှူးချုပ်ကြီးခမျာ ည(၇)နာရီသတင်းများ စိစစ်ဖြတ်တောက် အဆင်သင့်ကြေညာဖို့ လုပ်ထားပြီးမှ ဖုတ်ပူမီးတိုက် သတင်းများကို ပြန်လည် စီစဉ်ရပါတယ်။

သတင်းအဆင့်အတန်း သတ်မှတ်ချက်အရ ပိုမြင့်တဲ့ အတွင်းရေးမှူး (၁) သတင်းကို တိုတိုတုတ်တုတ် ချုပ်လိုက်ရကာ သူ့ရဲ့ ဆရာ ဗိုလ်ဘုန်းမြင့်ပါတဲ့ အတွင်းရေးမှူး (၂) သတင်းကို နီးရာဓား ကြောက်ရတာမို့ ကသုတ်ကရက် ဖော်ပြပေးရတဲ့ ဒုက္ခလည်း မသေးလှတာ တွေ့ရပါတယ်။ နိုင်ငံတကာနဲ့ ပြည်သူလူထု ကတော့ ဒို့နိုင်ငံကို အာဏာသိမ်းထားတဲ့ စစ်ဗိုလ်ချုပ်တွေ ဘာတွေလုပ်နေကြပါလိမ့်လို့ မျှော်လင့်တကြီး (၈) နာရီ သတင်းကို ဖွင့်ကြည့်လိုက်ချိန်မှာတော့ ရမ္မက်ခိုးတွေဝေနေတဲ့ ဗိုလ်ချုပ်တွေရဲ့  မျက်နှာပါတဲ့ သတင်းကိုသာ ကြည့်လိုက် ရပါတော့တယ်။

"အာဏာသိမ်းထားတဲ့ စစ်ဗိုလ်ချုပ်တွေ ဘာတွေ လုပ်နေကြလိမ့်လို့ မျှော်လင့်တကြီး (၈) နာရီ သတင်းကို ဖွင့်ကြည့်လိုက်ချိန်မှာတော့ ရမ္မက်ခိုးတွေဝေ နေတဲ့ ဗိုလ်ချုပ်တွေရဲ့  မျက်နှာပါတဲ့ သတင်းကိုသာ..."


ဒါ့အပြင် လူမှုဝန်ထမ်းဝန်ကြီး ဗိုလ်သောင်းမြင့်ဟာ တည်းခိုနေကြတဲ့မြစ်ဖျား ဧရာအဖွဲ့က တိုင်းရင်းသူတဦးကို အလုပ်ခန့်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝန်ကြီးစီးတဲ့ Audi ကားနက်ကြီးကို စေလွှတ်ကာ ခေါ်ခိုင်းလိုက် ပါသေးတယ်။ အရင်းစစ်လိုက်တော့ ဗိုလ်သောင်းမြင့် ဟာ မဟာ ကရုဏာရှင်ကြီးပီပီ ‘စောင်’ မကြည့်ရှုလိုစိတ်ဖြင့် အဲဒီကလေးမကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဦးစီးဌာနမှာ အလုပ်ခန့် ဖိုက်တာတွေ့ ရပါတယ်။ ဒါကို အားမရသေးဘဲ စစ်အာဏာရှင် ဗိုလ်ချုပ်တွေဟာ တိုင်းရင်းသူ မိန်းကလေးများကို သနားကရုဏာ အဆစ်ပို ကာ ရုံးပိတ်ရက်ကြီး တနင်္ဂနွေနေ့မှာတောင် ပိတ်ထားတဲ့ သိမ်ကြီးဈေး ကုန်တိုက်ကို ဇွတ်အတင်းဖွင့်ခိုင်းပြီး မန်နေဂျာကို သူ့အိမ်မှ ပြန်ခေါ်ခိုင်းခဲ့ပါတယ်။

ပြီးတော့ “တယ်လီဗေးရှင်းတွေကို တိုင်းရင်းသူတွေအတွက် လက်ဆောင် ပေးခိုင်းတာကလည်း တမျိုးကြီး ငါသိတယ်နော် အဖိုးကြီး” လို့ အိမ်ကမိန်းမ မျက်စောင်း ခဲရလောက်အောင် အကဲပါနေပြန်ပါတယ်။ အခု နအဖခေတ်မှာတော့ အနံ့ခံကောင်းတဲ့ ကတော်တွေက တပ်စစ်သွားရင် အတင်းလိုက်သွားကြပြီး ယောင်္ကျား တွေက ကုန်သည်တွေနဲ့ ဂေါက်ချိန်းပွဲ ရိုက်နေကြကာ မိန်းမတွေကသာ တပ်ကို စစ်ဆေးနေကြတာ တွေ့ရပြန်ပါတယ်။ ဒီတော့ကာ နယ်စပ်ဒေသ ဖွံဖြိုးရေး ခေါင်းစဉ်ဖြင့် တိုင်းပြည်ဘတ်ဂျက်ကို ကြီးမားစွာ ပြနေတာဟာ ဒီငွေတွေကို တကယ်တမ်း အောက်ခြေသို့ ချပေးရဲ့ လားဆိုတာကတော့ သံသယဖြစ်စရာပါ။

တိုင်းမှူးတွေက ဒီငွေတွေကို ဧည့်ခံစရိတ်တွေမှာ သုံးနိုင်ပြီး ကျန်ငွေကိုသာ အောက်သို့ ချပေးဖို့ များပါတယ်။ ဒါကြောင့် အဓိကအရေးပါတဲ့နေရာ တွေကိုတာဝန်ယူရတဲ့စစ်အာဏာရှင်တွေ အနေနဲ့ တိုင်းပြည်ရဲ့  ကောင်းရာကောင်းကြောင်း လုပ်ဖို့ထက် တိုင်းပြည်ရဲ့  ဘတ်ဂျက်ငွေတွေကို သုံးဖြန်းပြီး ဖောက်လွှဲ ဖောက်ပြန် အလွဲသုံးစား လုပ်နေကြတာမို့ သူတို့ရဲ့  သမိုင်းကြောင်း မကောင်းတာထက် တပ်မတော်ရဲ့  သမိုင်းကြောင်း ထိခိုက်နေတာ မလွဲဧကန်ဖြစ်ပါကြောင်းနဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်သော တပ်မတော်အစား အာဏာမွှန် ဆိုးဝါး ယုတ်ညံ့သော တပ်မတော်လို့ ပြောရင် မှားမယ်မထင်ကြောင်း တင်ပြရင်း နိဂုံးချုပ် လိုက်ပါတယ်။

No comments: