.

.

.

November 4, 2008

တတိယလှိုင်းခေတ် ပြောက်ကျားစစ် - အပိုင်း(၂)

ဆောင်းပါးရှင် - ဆရာဂါမဏိ

၂ဝဝ၆ မေလတုန်းက အယ်လ်ကိုင်ဒါဝရမ်းပြေး မူစတာဖာစက်မာရီယမ်နာဆာ (ခေါ်) အဘူမူဆပ်ဆူရီရဲ့ ဝက်ဘ်ဆိုက်မှာ “ဇီဝ လက်နက်များ” ဆိုတဲ့ခေါင်းစဉ်နဲ့ ပလိပ်ရောဂါပိုးလက်နက်လုပ်နည်း၊ ပစ်လွှတ်နည်းတွေ စာမျက်နှာ ၁၅ မျက်နှာလောက် အာရဗီ ဘာသာနဲ့ တင်ခဲ့တယ်။ နာဆာဟာ လူငယ်တွေကို ကိုရန်ကျမ်းနဲ့အတူ ကွန်ပျူတာပညာကိုပါ လေ့လာသင်ယူကြဖို့ နှိုးဆော်သူ ဖြစ်တယ်။ အင်တာနက်မှာတင်ထားတဲ့ အီရတ်စစ်ပွဲ “အာဇာနည်” အသေခံဗုံးခွဲသမား ၄ဝဝ ကျော်ရဲ့ အတ္ထုပ္ပတ္တိတွေ ကြည့်လိုက်ရင် အများစုဟာ အင်တာနက် သုံးသမား ပညာတတ် လူလတ်တန်းစားတွေဖြစ်ပြီး ဝင်ငွေကောင်းတဲ့အလုပ်အကိုင်နဲ့၊ မိန်းမနဲ့ သားသမီးတွေ နဲ့ဖြစ်တာ တွေ့ရတယ်။

အယ်လ်ကိုင်ဒါတွေဟာ ရိုးရိုးအင်တာနက်စာကြည့်တိုက်တင်မကဘဲ ဗီဒီယိုစာကြည့်တိုက်ပါ အင်တာနက်မှာ ထူထောင်ထားတယ်။ အဲဒီစာကြည့်တိုက်မှာ ခြုံခိုတိုက်ခိုက်နည်း၊ လမ်းဘေးကစောင့်ပြီး လုပ်ကြံနည်း၊ လမ်းဘေးဗုံးထောင်နည်း၊ အိမ်တအိမ်ကို ဝင်စီးနည်း၊ အာပီဂျီပစ်နည်း၊ ကားကိုဗုံးခွဲနည်း၊ ဓားစာခံဖမ်းနည်း၊ ရွာတစ်ရွာကို ဝင်တိုက်နည်း၊ တံတားဖျက်နည်း၊ ဝေဟင်ပစ်ဒုံးကျည် ပစ်နည်းတွေကို အဆင့်မြင့် လေ့ကျင့်ရေး ရုပ်ရှင်တွေအဖြစ် ပြသထားတယ်။ အသေခံဗုံးခွဲသမားတွေဟာ ဗုံးတွေကို ခန္ဓာကိုယ်ပေါ်တွေမှာ ဝတ်ဆင် ချိတ်ဆွဲထားရတဲ့အတွက် ဓာတုဗေဒအနံ့အသက်တွေကြောင့် ခေါင်းတခြမ်းကိုက်ဝေဒနာဖြစ်ရင် ဘာဆေးတွေ သောက်ပြီး ကျော်လွှားရမယ်ဆိုတာတောင် ပြောထားသေးတယ်။

ပုံမှန်အားဖြင့် ကွန်ပျူတာတိုင်းမှာ လိပ်စာဂဏန်းတွေရှိပြီး အင်တာနက်ပေါ် လှိုင်းစီးနေချိန်မှာ ဒီလိပ်စာ ဂဏန်းတွေကို ကွန်ပျူတာ အချင်းချင်းမှတ်ထားနိုင်ပေမဲ့ နည်းပညာကျွမ်းကျင်ရင်တော့ ကိုယ့်ကွန်ပျူတာ လိပ်စာဂဏန်းကို တခြားကွန်ပျူတာတွေ မတွေ့ အောင်၊ တနည်းအားဖြင့် စီအိုင်အေတို့၊ အက်ဖ်ဘီအိုင် တို့မတွေ့အောင် လုပ်လို့ရတယ်။ ဥပမာအားဖြင့် Anonymous Surfer ဂရမ်တွေက ကိုယ့်ကွန်ပျူတာ ဘယ်ကလုပ်နေတယ်ဆိုတာ ဖုံးကွယ်ပေးတယ်။ ဒါ့အပြင် ကျွမ်းကျင်တဲ့ဝက်ဘ်ဆိုက်ဆရာ Webmaster တွေက ဆာဗာကွန်ပျူတာတွေကို အပိုင်စီး သို့မဟုတ် အမျိုးမျိုးပြောင်းလဲပြီး ရှောင်ပြေးလို့လည်းရနိုင်တယ်။ ဒါပေမဲ့ ပုံသေ ဝက်ဘ်ဆိုက်လုပ်တာထက် ဘလော့ဂ် Blog (မှတ်တမ်းဝက်ဘ်ဆိုက်) သို့မဟုတ် အင်တာနက် သတင်းလွှာဘုဒ် Bulletin Board or Discussion Board or Forum တွေအမျိုးမျိုးကိုသုံးတာ၊ ဖိုင်တွေ အခမဲ့သိမ်းပေးတဲ့ ဝက်ဘ်ဆိုက်တွေကို အသုံးချတာက ပိုစိတ်ချရတယ်။ Yahoo Group တွေကိုလည်း အသုံးချကြတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ်၊ စီအိုင်အေထိုးဖောက်လို့ပဲ ဖြစ်ဖြစ် ဝက်ဘ်ဆိုက်တခု၊ ဖိုရမ်တခု အပိတ်ခံလိုက်ရရင်လည်း နောက်ထပ်ဝက်ဘ်ဆိုက်အသစ် ဖိုရမ်အသစ်တွေ ရာနဲ့ချီ ပေါ်လာ တာပါပဲ။ တနေရာရာမှာ ထူးခြားတဲ့အကြောင်းရပ်တစ်ခု တင်လိုက်ပြီဆိုတာနဲ့ တခြားနေရာပေါင်းများစွာက တခဏအတွင်း အဲဒီ ဆိုက်ရဲ့ အင်တာနက်လိပ်စာကို ကူးယူပြီး ကိုယ့်ဆိုက်ထဲထည့်လိုက်ကြတယ်။ ဒီလိုနဲ့ အဲဒါကိုလိုက်ပိတ်ဖို့ ဒါမှမဟုတ် ဇစ်မြစ်ကို လိုက်ရှာဖို့ ခက်သွားတယ်။

Youtube တွင် တင်ထားသော အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုစမာဘင်လာဒင် ရဲ့  မိန့်ခွန်း

အီးမေးလ်ကို ကြားဖြတ်ဖမ်းယူ မခံရအောင်လုပ်နည်းကိုလည်း အယ်လ်ကိုင်ဒါတွေသုံးကြတယ်။ Yahoo တို့၊ Hotmail တို့လို အခမဲ့ အကန့်အသတ်မဲ့ အီးမေးလ်တစ်ခုဖွင့်၊ စာတစ်စောင်ရေး၊ မပို့ဘဲစာကြမ်း Draft အဖြစ်သိမ်းလိုက်၊ ဒါမှမဟုတ် အဲဒီထဲက Online Briefcase ထဲထည့်ထား၊ ဒီ့နောက်မှာ ဒီအီးမေးလ် နံမယ်နဲ့စကားဝှက်ကို စိတ်ချရတဲ့မက်ဆေ့ဂ်ျဘုဒ်မှာ စာရိုက် ပြောရင်းဖြစ်ဖြစ် တနည်းနည်းနဲ့ ဖြစ်ဖြစ် အကြောင်းကြား၊ တဖက်လူက အဲဒီ အီးမေးလ်နာမယ်နဲ့ စကားဝှက်အတိုင်း သွားဖွင့်ဖတ်ရင် အီးမေးမပို့ရဘဲနဲ့ ဖတ်စေချင်တဲ့လူက ဖတ်လိုက်ရတာ ဖြစ်သွားတယ်။ ဒါကို အင်တာနက်ပေါ်က ပုံသေစာတိုက်ပုံး Online Dead Drop လို့ခေါ်ကြတယ်။

တလောက တိုက်ပွဲမှာကျသွားတဲ့ အီရတ်က နာမယ်ကြီး သူပုန်ခေါင်းဆောင် ဇာကာဝီရဲ့ “ပြန်ကြားရေးဌာန” ကတင်ထားတဲ့ ဝက်ဘ်ဆိုက်ဟာ သေသေချာချာ ဒီဇိုင်းထုတ် တည်ဆောက်ထားပြီး အီရတ်တိုက်ပွဲ ဖြစ်ရပ်မှန် ဗီဒီယိုခွေတွေ တင်ထားတယ်။ ဒီဗီဒီယိုတွေကို ကြိုက်ရာရွေးပြီး ဒေါင်းလုဒ်လုပ်လို့ရအောင် စီမံထားတယ်။ မြန်နှုန်းမြင့် ဒီအက်စ်အယ်လ်လိုင်းရှိသူတွေအတွက် ၁၅ဝ မီဂါဘိုက်ရှိတဲ့ ဗီဒီယိုဖိုင်တွေ၊ ရိုးရိုးဖုံးလိုင်း အနှေးပဲရှိသူတွေအတွက် ၄ မီဂါဘိုက်အရွယ် ဗီဒီယိုဖိုင်တွေ ထားပေးတယ်။ ဒါတွေကို ကြည့်ဖို့အတွက်လည်း Window Media Player စနစ်၊ Real Player စနစ် စသဖြင့် သင့်တော်ရာ ရွေးလို့ရအောင် လုပ်ပေးထားတယ်။ “အလ္လာသည် အကြီးမြတ်ဆုံး” ဆိုတဲ့ဖုံးခေါ်သံ Ring Tone ကိုတောင် အဲဒီဝက်ဘ်ဆိုက်ကနေ ဒေါင်းလုဒ်လုပ်ပြီး ကိုယ့်ဆဲလ် ဖုံးထဲထည့်လို့ရအောင် လုပ်ထားသေးတယ်။ မြန်နှုန်းမြင့် အင်တာနက်လိုင်း၊ အရွယ်ကြီး ဗီဒီယိုဖိုင် တွေကို အရင်တုံးထက်ပိုပြီး သေးချုံ့ ပစ်နိုင်တဲ့နည်းပညာနဲ့ ဗီဒီယို တည်းဖြတ်တဲ့ ဆော့ဖ်ဝဲတွေ ပိုအဆင့်မြင့် လာတာတို့ကို ဇာကာဝီက ပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ခဲ့တယ်။ ဇာကာဝီဟာ ဘင်လာဒင်နဲ့ အဖွဲ့ချင်းပေါင်းဖို့ကိုလည်း အင်တာနက်ပေါ်မှာပဲ (၈) လကြာ စေ့စပ်ဆွေးနွေးပြီးမှ အယ်လ်ကိုင်ဒါရဲ့ အီရတ်ဌာနခွဲအဖြစ်ရပ်တည်ဖို့ သဘောတူ ချက်လုပ်ခဲ့တာဖြစ်တယ်၊ တခါမှ လူချင်း (ဝါ) ဆက်သားနဲ့ ဆက်သွယ်ခဲ့တာမရှိဘူးလို့ လေ့လာသူတွေက ဆိုတယ်။

၂ဝဝ၄ ခု မေ ၁၁ ရက်နေ့ဟာ အင်တာနက်လှိုင်းစီး အစွန်းရောက်အစ္စလမ်ပြောက်ကျားစစ် တခေတ် ဆန်းတဲ့နေ့ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့မှာ ဇာကာဝီက ဓားစာခံဖမ်းထားတဲ့ အမေရိကန် တယောက်ကို နွားတွေ ဆိတ်တွေ ဟာလာလုပ်တဲ့ပုံစံ အတိုင်း လည်လှီးခေါင်းဖြတ်နေတဲ့ သရုပ်မှန် ဖြစ်ရပ်မှန် ဗီဒီယိုခွေကို အင်တာနက်မှာ တင်လိုက်လို့ဖြစ်တယ်။ ဒီဗီဒီယိုဟာ ရက်အနည်း ငယ်အတွင်း အကြိမ်ပေါင်း သန်းနဲ့ချီပြီး ဒေါင်းလုဒ်လုပ်ခံရတယ်။ ကမ္ဘာ့နိုင်ငံအများအပြားက အင်တာနက်ဆာဗာတွေ ဒီလို ဝန် တအားများတဲ့ ဒဏ် မခံနိုင်တော့ဘဲ လေဖြတ်ကုန်တယ်။ (ဒီလိုမျိုး ဆာဗာတွေ လေဖြတ်သွားတာ အဘူဂရစ်အကျဉ်းထောင် နှိပ်စက် မှုဓာတ်ပုံတွေ အင်တာနက်မှာတင်တုံးကလည်း တခါဖြစ်ခဲ့တယ်။) ၉/၁၁ တုံးကလို တကမ္ဘာလုံးက မူဆလင်တွေ အုတ်အော် သောင်းနင်းဖြစ် ကြက်သီးမွှေး ညှင်းထ အားရသွေးကြွကုန်တယ်။ အင်တာနက်ကို ဒီလိုအသုံးချလို့ ရပါလားဆိုပြီး အကြမ်းဖက်သမားတွေ ရုတ်တရက်ဥာဏ်အလင်းပေါက်သွားကြတယ်။ ရိုမီယိုနဲ့ ဂျူးလီးယက် ရုပ်ရှင်ကြောင့် သမီးရည်းစားစုံတွဲတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေကြသလိုပဲ ပုံစံတူခေါင်းဖြတ်ပွဲ တွေကို တခြားအဖွဲ့တွေကလိုက်လုပ်ပြီး အင်တာနက်မှာ တင်ကြတာတွေ ဖြစ်လာတယ်။ အဲဒီအချိန်ကစပြီး ဇာကာဝီ့နာမည်ဟာ ထောက်ခံသူတွေကြားမှာရော၊ ရန်သူဘက်မှာပါ ဟိုးဟိုးကျော်သွားခဲ့တယ်။

အီရတ်နိုင်ငံက တော်လှန်ပုန်ကန်မှုနဲ့အတူ အကြမ်းဖက်ဝါဒဟာ တစတစကြီးထွားနေတာ အားလုံးအသိပါဘဲ။ ဒါပေမဲ့ ဒီအကြမ်းဖက်ဝါဒ ကြီးထွားကျယ်ပြန့်လာမှုရဲ့ နောက်ခံအကြောင်းရင်းထဲမှာ အမေရိကန်ဆန့်ကျင်ရေးနဲ့ အစ္စလမ် အခြေခံဘာသာ ရေး သဘောတရားတွေ၊ ဝါဒရေးရာတွေရဲ့ စည်းရုံးရေးကောင်းမှုကြောင့်တင်မဟုတ်ဘဲ ဈေးကွက်စီးပွားရေးခေတ်ရဲ့ ပင်မအခြေခံ စေ့ဆော်ချက်ဖြစ်တဲ့ ငွေကြေးအမြတ်အစွန်းရရေးကလည်း အဓိကကျနေပါတယ်။

အခုအခါ အမေရိကန်တပ်တွေနဲ့ အီရတ်အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်မှုတွေဟာ အင်မတန် အမြတ်အစွန်းကောင်း တဲ့စီးပွားရေးဈေးကွက်ကြီးလည်း ဖြစ်နေပါပြီ။ ဒီဈေးကွက်ရဲ့ အဓိကရောင်းကုန်ပစ္စည်းက ဗုံးတွေ၊ ဖောက်ခွဲရေးပစ္စည်းတွေဖြစ်ပြီး လုပ်ငန်းကျွမ်းကျင်မှု အဆင့်မြင့်လှတဲ့ ဗုံးလုပ်ငန်းရှင်များဟာ မိမိတို့ရဲ့လုပ်ငန်းကို အင်တာနက်ကနေ ကြော်ငြာနေပါတယ်။

ဗုံး“ကုမ္ပဏီ”တွေဟာ ဗုံးထုတ်လုပ်ရေးဝန်ထမ်း (၆) ယောက်ကနေ (၁ဝ) ယောက်အထိ ရှိတတ်ပြီး ကြော်ငြာလုပ်ငန်းအတွက် ကင်မရာသမား ဗွီဒီယိုသမားတွေကိုလည်း အလုပ်ခန့်ထားတယ်။ ဒီ ဗွီဒီယိုသမား တွေဟာ နေရာကောင်းကောင်းတွေကနေပြီးတော့ ဗုံးခွဲတိုက်ခိုက်မှုတွေကို ဗွီဒီယိုမှတ်တမ်းရိုက်ကြတယ်။ ရိုက်ထားတဲ့ ဗွီဒီယိုမှတ်တမ်းကို အဆင့်မြင့် ဗွီဒီယို အယ်ဒီတင်းဆော့ဖ်ဝဲတွေနဲ့ ပြန်တည်းဖြတ်၊ အစ္စလမ် ဓမ္မသီချင်းတွေ ကိုက်ညီအောင်ထည့်ပြီးတဲ့နောက် အစွန်းရောက် အစ္စလမ်ဘာသာရေးဝက်ဘ်ဆိုက်တွေမှာ တင်ထားလိုက်တယ်။ ဒါမှမဟုတ်လည်း အီးမေးလ်နဲ့ဖြန့်ပြီး ကြော်ငြာကြတယ်။ ဈေးကွက်စီးပွားရေးခေတ်မှာ အများသိကြတဲ့ အတိုင်း ဒီကြော်ငြာဗွီဒီယိုခွေတွေကို အင်မတန်ဆွဲဆောင်မှုရှိအောင် ကင်မရာအတတ်ပညာ၊ တည်းဖြတ်မှုအတတ်ပညာ၊ ကြော်ငြာ အတတ်ပညာတွေ အစွမ်းကုန်သုံးထားကြတယ်။

ဒီဗုံးခွဲမှုအမျိုးမျိုးရဲ့ မှတ်တမ်းဗွီဒီယိုတွေကို တော်လှန်ရေးအဖွဲ့တွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေက နှိုင်းယှဉ်ကြည့် ရှုပြီးနောက် ကိုယ်ကြိုက်တဲ့ ဗုံးကုမ္ပဏီတွေကို အလုပ်အပ်ကြတယ်။ အလုပ်အပ်ရာမှာ တိုက်ခိုက်မှု တစ်ခုချင်း အတွက်ပဲ ခိုင်းတာဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၃ဝဝ ကနေ ၁ဝဝဝ အထိရှိတယ်။ ဗုံးတစ်လုံးကို ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်အောင် ငါးနှစ်လောက် သင်ကြားလေ့ကျင့်ဖို့လိုပါတယ်။ စမ်းရင်းလုပ်ရင်းနဲ့ တစတစ အမှားတွေ ကင်းလာပြီး အစွမ်းထက်လာအောင် လုပ်ရတယ်။ ကျွမ်းကျင်သွားပြီဆိုရင်တော့ အင်တာနက် ပေါ်တင်လိုက်ပြီး ဒီပညာရဲ့ အသီးအပွင့်တွေ တခဏနဲ့ဝေမျှနိုင်အောင် လုပ်လို့ရတယ်။ ဒီနည်းနဲ့ ၂၁ ရာစုရဲ့ တတိယလှိုင်းနည်းပညာ အင်တာနက်ဟာ အမေရိကန်စစ်တပ်ကို အကြီးအကျယ်ဒုက္ခပေးနေတဲ့၊ အင်မတန် ထိရောက်အောင်မြင်တဲ့ တရားမဝင်ဈေးဝိုင်းကြီးဖြစ်လာစေပါတယ်။

အီရတ်တော်လှန်ရေးအဖွဲ့တွေဟာ မိမိအဖွဲ့က အောင်မြင်စွာ တီထွင်လိုက်နိုင်တဲ့ ဗုံးခွဲနည်းအသစ်အဆန်း ကောင်းကောင်းတွေ၊ အမြှောက်ဆံ၊ မော်တာဆံတွေ၊ ဂက်စ်ဗူးတွေနဲ့ လမ်းဘေး ဗုံးထောင်နည်းတွေ၊ ဆဲလ်ဖုံးတွေနဲ့ အဝေးကနေ ဗုံးခွဲတဲ့ နည်းသစ်နည်းဆန်းတွေကိုလည်း ဗွီဒီယို ရိုက်ပြီး ဗွီဒီယိုတစ်ခွေလုံး အီးမေးနဲ့ပို့ ပညာဖြန့်ကြတယ်။ အမေရိကန် အမှတ် (၃) မြင်းစီးတပ်ရင်းကြီး ရဲ့ တပ်ရင်း မှူး ဒုဗိုလ်မှူးကြီး ရော့စ်ဘရောင်းက “သူပုန်တွေဟာ ကျုပ်တို့ကို သတ်ဖို့နည်းတွေကို တစ်ပတ်ထက်တစ်ပတ် ပို,ပိုပြီးတော့ ကျွမ်းကျင်လာနေတယ်၊ ပို,ပိုပြီးတော့ အဆင့်မြင့် လာနေတယ်” လို့ပြောပြတယ်။ “ကောင်းကောင်းသတ်နိုင်လေ ငွေကြေးအရလည်း မြတ်စွန်းလေ ဖြစ်တယ်။”

ဗုံးဈေးကွက်တင်မက အခုအခါ ဗွီဒီယိုခွေဈေးကွက်လည်း ကျယ်ပြန့်ကြီးထွားနေပါတယ်။ အမေရိကန်တပ်တွေကို ဗုံးခွဲတိုက်ခိုက် တဲ့ဗွီဒီယိုတွေတင်မဟုတ်ဘဲ လက်ဖြောင့်သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုတွေကိုပါ ဗွီဒီယိုရိုက်ပြီး ပြန်ရောင်းကြတယ်။ ဒီလိုဗွီဒီယို ရိုက်တာ အကုန်အကျလည်းသိပ်မများ၊ အမေရိကန် သို့မဟုတ် အီရတ်အစိုးရ လုံခြုံရေးတွေက ဖမ်းမိမယ့်အန္တရာယ်လည်းနည်း တော့ သေနတ်နဲ့ချောင်းပစ်ဖို့ မက်လုံးဖြစ်နေပါတယ်။

၂ဝ ရာစုအစပိုင်းတုံးက မက္ကဆီကိုတော်လှန်ရေးခေါင်းဆောင် ပန်ချိုဗီးလားဆီကို အမေရိကန် ရုပ်ရှင်သမားတွေ သွားပြီး အမေရိကန်ပရိသတ်အတွက် ဝါဒဖြန့်ဖို့ ရုပ်ရှင်ရိုက်ရာမှာ ရိုက်ကွင်းလိုအပ်ချက်နဲ့ ကိုက်အောင် လက်တွေ့တိုက်ပွဲတွေ တိုက်ပေးခဲ့ရတာက စပြီး ကမ္ဘာမှာ သရုပ်မှန်လူထု ဆက်ဆံရေးဝါဒဖြန့်လုပ်ငန်း စတင်ခဲ့တယ်။ အခုလည်း အယ်ကိုင်ဒါတွေက အီရတ်ကတိုက်ပွဲတွေ၊ ဖမ်းထားသူများကို ခေါင်းဖြတ် သတ်နေပုံတွေ၊ အသေခံဗုံးခွဲသမားများ သင်တန်းတက်နေပုံတွေ၊ အသေခံသွားတဲ့ ဗုံးခွဲသမားများရဲ့ အတ္ထုပ္ပတ္တိတွေ၊ အသေခံဗုံးခွဲမှုလက်ရာတွေကို ဗီဒီယိုရိုက်ပြီး ဝက်ဘ်ဆိုက်တင်ထားတယ်။ မိမိတို့အဖွဲ့ရဲ့ စွမ်းဆောင်ချက် တိုင်းကို ဗီဒီယိုမှတ်တမ်းတင်ပြီး အင်တာနက်မှာတင်တယ်။ စစ်ဆင်ရေးစီမံချက်ဆွဲပုံတွေ၊ တိုက်ကွက်ကြိုတင် ပြင်ဆင်ပုံတွေကိုလည်း ထပ်တလဲ လဲ ထုတ်လွှင့်ပြလို့ အမေရိကန်တွေ မခံချိမခံသာ ဖြစ်ရတယ်။ အယ်ကိုင်ဒါဟာ ဖြစ်စဉ်တွေကို အချိန်နဲ့တပြေးညီ အင်တာနက် ပေါ်တင်ဖို့ သက်သက်ကိုရည်ရွယ်ပြီး တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ ဆောင်ရွက်နေပုံပေါက်နေတယ်။ အခုအခါ အီရတ်မှာ သူပုန်တွေက တိုက်ခိုက်မှုတစ်ခုလုပ်တိုင်း အဲ့ဒီတိုက်ပွဲဖြစ်စဉ်ကို အင်တာနက်တင်ဖို့ ဗီဒီယိုရိုက်ကူးတာ အမြဲလုပ်တယ်။ တကယ့်စစ် မြေပြင်မှာ ဘယ်လောက်ပဲနိုင်နိုင် အင်တာနက်ပေါ်မရောက်ရင် ရှုံးတာပဲလို့တောင် ပြောကြတယ်။

ဒီနည်းတွေနဲ့ အီရတ်ရဲ့လူးလွန့်စဈေးကွက်စီးပွားရေးဟာ အမေရိကန်စစ်သားတွေရဲ့ အသက်တွေကို ခြွေယူ နေပါတော့တယ်။ ကမ္ဘာမှာ အမေရိကန်က အဓိကရပ်ခံအားပေးနေတဲ့ ဈေးကွက်စီးပွားရေးနဲ့ အိုင်တီတတိယ လှိုင်းနည်းပညာတွေက အမေရိကန်ကို နောက်ပေါက်ပေါက် နေတာဟာ ကံကြမ္မာရဲ့ သရော်ချက်လို့ပဲ ဆိုရပါလိမ့်မယ်။ အင်တာနက်ကျေးဇူးကြောင့် တိုက်ချင် ခိုက်ချင်စိတ် တက်ကြွလာတဲ့လူငယ်တွေဟာ အီရတ်ကို စွန့်စားလာရောက်ပြီး နောက်ထပ်လူငယ်တွေ စိတ်ဓာတ်တက်ကြွလာစေဖို့ တလှည့်တပြန်အသုံးတော်ခံကြ၊ အသေခံကြတယ်။ ဒီလိုနဲ့ အီရတ်တော်လှန်ရေးမီးတောက်ကို မငြိမ်းစတမ်း ဆက်လက်ထွန်းညှိနေ ကြပါတယ်။

(ရည်ညွှန်း။ ။ (၁) ၂ဝဝ၆ သြဂုတ် ၇-၈-၉ ထုတ် ဝါရှင်တန်ပို့စ်သတင်းစာ၊
(၂) ၂ဝဝ၆ မေ-ဇွန် ထုတ် Foreign Policyမဂ္ဂဇင်း)

1 comment:

ဗီလိန် said...

တော်တော်လေး ဗဟုသုတွေရသွားပါတယ်ဗျိုး