.

.

.

November 22, 2008

မျက်နှာ မရ လက်သီး ဆုချ

လက်သီးဆု ချီးမြှင့်ခံရတဲ့ လ၀က မင်းကြီးရဲ့  ဘဝ

ညောင်ရွှေ စာပြန်ပွဲမှ ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ကို ကျွန်တော် ကိုဖိုးတရုတ်မှ ဒီကနေ့ တင်ပြပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းလေးမှာ ပါဝင်တဲ့ ဗိုလ်မောင်ဘိုဟာ ရပခ တိုင်းမှူး ဘ၀မှာတည်းက ကုန်သည်များထံတွင် တန်ဖိုးကြီး အဆင့်မြင့် ပရာဒို ကား ကို တောင်းလေ့ ရှိတာကြောင့် သူ့ကို ``ပရာဒို မောင်ဘို´´ လို့ ဂုဏ်ပြု ခေါ်ဝေါ် ကြကြောင်း စစ်ဖက်နဲ့ နီးစပ်သူများရဲ့  ပြောကြားချက် အရ သိရှိခဲ့ရပါတယ်။ ပရာဒို မောင်ဘိုရဲ့  နောက်နံမည် တခုကတော့ ``ကတုတ်ကျင်း မောင်ဘို´´ ဖြစ်ပြီး တိုက်ပွဲတွေမှာ သတ္တိရှိစွာနဲ့ ကတုတ်ကျင်းထဲမှာ အမြဲ ပုန်း နေလို့ ဂုဏ်ပြု ခေါ်ဝေါ်ကြကြောင်း အလျဉ်းသင့်လို့ ကျွန်တော် ကိုဖိုးတရုတ်က တင်ပြပေးလိုက်ရပါတယ်။

ရှမ်းပြည်နယ်လုံးဆိုင်ရာ စာပြန်ပွဲကို ညောင်ရွှေမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည်။ ၁၉၉၉-ခုနှစ်တွင် ရွှေကျင် သာသနာပိုင်၊ ကန်ကြီး ဆရာတော်ဝိမလ လက်ထက်ဖြစ်သည်။ ဆရာတော်လက်ထက်တွင် စည်စည်ကားကား ဖြစ်မြောက်အောင် ကိုးကွယ်ဆည်းကပ်နေသော ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးက ဘက်ပေါင်းစုံမှ တာဝန် ယူလေသည်။ ကမ္ဘောဇဘဏ်ပိုင်ရှင် ဆရာကျောင်းခေါ် ဦးအောင်ကိုဝင်းကလည်း ငွေကိုပုံအော ပေးထားသည်။ ပွဲတော်ဖြစ်မြောက်ရေးကော်မတီအဖြစ် တိုင်းမှူး မောင်ဘို အားခန့်အပ်ထားလေသည်။ တိုင်းမှူးမောင်ဘိုကလည်း လုပ်ငန်းဆိုင်ရာ ဆပ်ကော်မတီများ ခွဲတမ်းချ၍ ဆက်လက်တာဝန်ပေးရာ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးမှူး အရာရှိသည် ကြိုဆိုရေးအတွက်တာဝန်ယူရလေသည်။

ရွှေကျင်ဂိုဏ်းမှ လက်ထောက်အရာရှိဖြစ်သူ ပဲခူးကြခတ်ဝိုင်းဆရာတော်ကို သွားကြိုသောအခါ ပြဿနာ ပေါ်တော့သည်။ ကြခတ်ဝိုင်းကျောင်းတိုက်သို့ ရှမ်းတောင်ကြံ့ဖွတ်အသင်းပိုင် (အီးအက်စ်အီး) လေအိပ်ကား များဝင်သောအခါ လမ်းကျဉ်းသောကြောင့် လမ်းထိပ်၌ကားကိုရပ်တန့်ထားပြီး ကြခတ်ဝိုင်းကျောင်းဆီသို့ ကားသမားများသွားကြိုလေသည်။ မိမိကျောင်းတိုက်တွင်းထိ ကားများ လာရောက် မကြိုဆိုသောကြောင့် ကြခတ်ဝိုင်း ဆရာတော်ကြီးက နှာစေးကာ စိတ်ကောက် လေတော့သည်။ ကြံ့ဖွတ် ကားမောင်းနေသော ကားသမားအဖွဲ့ကလည်း မာနကြီးကြီးမို့ အဆင်မပြေကြဘဲ နောက်ဆုံး ရွှေကျင်ဂိုဏ်းမှ လက်ထောက်ဂိုဏ်းချုပ် ကြခတ်ဝိုင်းဆရာတော်မှာ ညောင်ရွှေသို့မသွားတော့ဘဲ တပည့်များကိုသာစေလွှတ် လိုက်လေသည်။ တိုင်စာ ကိုလည်း တံဆိပ်တုံးထုက အဆစ်ထည့်ပေးလိုက်သေးသည်။


မျက်နှာ လုပ်ချင်လှတဲ့ ဗိုလ်မောင်ဘို

ပွဲပြီးမြောက်သောနေ့ ရေစက်ချပွဲတွင် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးက ဆရာတော်ထံမှ မျက်နှာရမည် အထင်ဖြင့် စိတ်တိုင်းကျပါရဲ့လားဟု မေးမြန်းသောအခါ သွားရောက်သော ဆရာတော်က အတိုင်အတော ထူသော ပဲခူးကြခတ်ဝိုင်း တိုင်စာကို ပြသလိုက်လေသည်။ ဗိုလ်မောင်ဘိုခမျာ ဗိုလ်မောင်အေးရဲ့  မျက်နှာမရသည့်အပြင် မျက်နှာကြီးနီမြန်း သွားတာကိုသာ တွေ့ရပါလေတော့သည်။ ရလဒ်ကတော့ ညောင်ရွှေမှ အပြန် ရဟတ်ယာဉ်ပေါ် တက်ချိန်ထိ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးသည် တိုင်းမှူး မောင်ဘိုကို ဆဲဆိုမြည်တမ်း လေတော့သည်။ ဆင့်ကဲရလာဒ်အဖြစ် တောင်ကြီး ပြန်ရောက်လာသော တိုင်းမှူးမောင်ဘိုသည် ကြိုဆိုရေးတွင်တာဝန်ယူထားသူ ရှမ်းပြည်နယ် လ-ဝ-ကမှူးအား တစ်မိနစ်မိုင် (၂ဝဝ)နှုန်းရှိသော ဒေါသလက်သီးပြင်းဖြင့် ဆင့်ကဲဆင့်ကဲ ဆုချလိုက် လေတော့သည်။

(အငြိမ်းစား ယူသွားပြီဖြစ်သော ပြည်နယ် လ-ဝ-က မှူးသည် ကျိုးသွားသော သွားနှစ်ချောင်းကို ပြန်မစိုက်ဘဲ ယနေ့တိုင် အမှတ်တရအဖြစ် သိမ်းထားလေသည်)

No comments: