.

.

.

December 6, 2008

သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ - အပိုင်း(၈)

ဒီအပိုင်းမှာတော့ ကစထမှူး တစ်ဦးဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်အကြောင်းကို စစ်ဖက် နီးစပ်သူများက ပေးပို့လာလို့ ကျွန်တော် ကိုဖိုးတရုတ်မှ ဆက်လက် တင်ပြသွားပါမယ်။

ကာကွယ်ရေး ၀န်ကြီးဌာန အထူးစစ်ဆင်ရေး အဖွဲ့မှူး ရာထူးသာမက S2 နအဖအတွင်းရေးမှူး (၂) ရာထူး လိုချင်နေတဲ့ ဗိုလ်ရဲမြင့်ဟာ ၀န်ကြီးဌာနများရဲ့  စီမံကိန်းများကို စစ်ဆေးမှုဆိုင်ရာများ၊ ကစထမှူးရဲ့  လုပ်ငန်း တာဝန်ပိုင်းဆိုင်ရာတွေကို သူ့ရဲ့ အမိန့်တွေနဲ့ မတရားသုံးချင်တိုင်းသုံး၊ အာဏာရှင်တွေရဲ့  ဇာတိသရုပ် ပေါ်လွင်နေကြောင်း ဇာခန်းဆီ နောက်ကွယ်က ဇာတ်လမ်းများ အပိုင်း(၄)မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဒီအပိုင်းမှာတော့ ဗိုလ်ရဲမြင့်ရဲ့  ကိုယ်ရေးရာဇ၀င်နဲ့ သူ့ရဲ့  အကျင့်စရိုက်ကို ခွဲခြားဖော်ပြထားခြင်း ဖြစ်ပါတယ်။ ဗိုလ်ရဲမြင့်ဟာ ညောင်လေးပင် ဇာတိဖြစ်ပြီး ဗိုလ်သင်တန်းကျောင်း အပတ်စဉ် (၃၁) ကျောင်းဆင်းကာ တပ်မ (၁၀၁) တပ်မမှူး၊ လပခ တိုင်းမှူးမှတဆင့် ကစထမှူးသို့ တက်လှမ်းခဲ့သူ ဖြစ်ပါတယ်။ ကစထမှူး မဖြစ်ခင်က သူဟာ စစ်တပ်ရဲ့  ထိပ်ပိုင်း ရာထူးဖြစ်တဲ့ စစ်ရေးချုပ် အဆင့်ကို အနည်းဆုံး မှန်းထားခဲ့သူ ဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးနဲ့ ကစထမှူး ရာထူး ရလာတော့ အာဏာတွေ ယစ်မူးပြီး အတွင်းရေးမှူး(၂) ရာထူးအထိပါ မှန်းလာပါတယ်။

တီဗွီထဲမှာ ဗိုလ်သန်းရွှေ ကြည့်နေတာမို့ ဗိုလ်ရဲမြင့်ဟာ စာအုပ်ကြီးကို ဘေးမှာ ထားကာ ရေးမှတ်နေတာကို အလုပ်များနေသယောင် ပုံဖမ်းနေပေမဲ့ အကြောင်းသိ ဗိုလ်ချုပ်တွေကတော့ Commander ခေါင်းဆောင်လုပ်သူ တွေဟာ ခေါင်းကိုဘဲ သုံးရမှာမို့ ဗိုလ်ရဲမြင့်ရဲ့ စာအုပ်ရေးမှတ်တဲ့ ပုံစံကို ဘ၀င်မကျဘဲ မနာလို ရှုစိတ်နဲ့ တိုးတိုးတိတ်တိတ် ဝေဖန် နေကြပါတယ်။

တပ်ချုပ် ဗိုလ်သန်းရွှေ ရဲ့  ဇာတိဖြစ်တဲ့ ကျောက်ဆည်မြို့ မှာ အိမ်နဲ့ ခြံ ဆောက်လုပ်ကာ “ကျောက်ချပြီး” တိုင်းမှူးပီပီ အခွင့်အရေးကို အသုံးပြုလို့ ဗိုလ်သန်းရွှေရဲ့  ဆွေစဉ်မျိုးဆက်တွေကို `ဖား´ နေသူ ဖြစ်ပါတယ်။ သူရဲ့  မကြာမကြာ ပြောနေကြ စကားကတော့ “ငါ့ရဲ့ အကြီးအကဲဟာ ဗိုလ်သန်းရွှေ၊ င့ါရဲ့  ဖခင် ကျေးဇူးရှင်ကြီးသဖွယ် သူခိုင်းသမျှ အကုန်လုပ်ရမယ်၊ သစ္စာရှိရမယ်” ဆိုတဲ့ ကြွေးကြော်နေတာမို့ ကျန်တဲ့ စစ်အာဏာရှင်တွေရဲ့  ကြည့်မရသူ စာရင်းတွေထဲမှာ ပါဝင်နေသူ ဖြစ်ပါတယ်။ မေမြို့  - မန္တလေး ကားလမ်းဖောက် စီမံကိန်းကို ဗိုလ်ရဲမြင့် ရဲ့သား အောင်ဇော်ရဲမြင့်ပိုင် ရဲတံခွန်ကုမ္ပဏီမှ တိုင်းပြည်ဘဏ္ဍာငွေတွေကို လာဘ်စားကာ တာဝန်ပျက်ကွက်မှုအပေါ် ဗိုလ်ရဲမြင့်အား စစ်အာဏာရှင် ထိပ်ပိုင်းက ငြိုငြင်မှု ခံရသူ ဖြစ်ပါတယ်။ ဒီအတွက် ဗိုလ်ခင်ညွှန့်ကို မဖမ်းခင် မန္တလေးမှာ အနီးကပ် စောင့်ကြည့်ဖို့ ဗိုလ်ရဲမြင့်က အမှတ်ယူပြီး ယုံကြည်စိတ်ချ ခံရသူအဖြစ် ဂုဏ်ယူကြွတက်စွာ လှုပ်ရှားပေးနေသူ ဖြစ်ပါတယ်။ သူဟာ ဒေါသကြီးသူ အဖြစ် နံမည်ကြီးပြီး တခါတုံးက စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်ဝင်း (ယခု ဒုရဲချုပ်မှ အကျဉ်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်) ဟာ သူ့အား တင်ပြရန် ရှိလို့ ဆက်သွယ်ရေး စက်ပေါ်ခွင့်တောင်းတာကို စစ်ဗျူဟာမှူး အဆင့်တောင် အားမနာဘဲ ဆဲဆိုကြိမ်းမောင်းတတ်သူ ဖြစ်ပါတယ်။ ဗိုလ်ရဲမြင့်ဟာ ထောက်လှမ်းရေး အဖွဲ့ သြဇာထက်စဉ်က ဗိုလ်ခင်ညွှန့်ကို `ဖား´ တဲ့ အနေနဲ့ သူ့ရဲ့  ဇနီး ဒေါက်တာ တင်လင်းမြင့်ကို မိခင်နဲ့ကလေး အဖွဲ့၊ အမျိုးသမီးရေးရာ အဖွဲ့ချုပ်တွေမှာ ထိုးဖောက် လုပ်ကိုင်ခိုင်းသူ ဖြစ်ပါတယ်။ ဗိုလ်ရဲမြင့် လပခတိုင်းမှာ အာဏာရှင် ပီပီ ဒေါသတကြီး သောင်းကျန်းနေတာကို တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံးမှ ဗိုလ်မှူးချုပ် ခင်အောင်က ၀င်ထိန်းဖို့ သတိပေးခဲ့တယ် လို့ သိရပါတယ်။ ဗိုလ်ရဲမြင့်ဟာ ဦးအောင်သောင်းနဲ့ တပတ်စဉ်ထဲမို့ အဂတိလိုက်စားမှုနဲ့ စီးပွားရေး သောင်းကျန်းရာမှာ ပူးပေါင်းရိုက်စားကြပြီး သူ့ရဲ့  ညီဖြစ်သူ ဗိုလ်မှူးကြီး စိုးရီအား စက်မှု (၁) ရှိ နေရာကောင်း မြန်မာ့ကြွေထည်မြေထည် လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး အဖြစ် ကိုင်ခွင့်ပေးသူ ဖြစ်ပါတယ်။ တဖန် ကိုအောင်မင်းရဲ့  ဆောင်းပါးအရ ဗိုလ်မှူးကြီး စိုးရီရဲ့  အိမ်မှာ အိမ်ဖေါ်ကောင်မလေး သတ်ခံရမှုမှာ ဒေါက်တာ တင်လင်းမြင့်မှ မသိချင် ယောင်ဆောင်နေမှုနဲ့ ဦးအောင်သောင်းရဲ့  ဘက်လိုက်မှုများ ပေါ်လွင်နေပါတယ်။ ဗိုလ်ရဲမြင့်ဟာ လပခတိုင်းမှူး ဘ၀တုန်းက တိုင်းရဲ့  ကောင်းရာကောင်းကြောင်း လုပ်သည်ထက် သူ့နံမည် ပျက်တဲ့ ဖြစ်စဉ်နှစ်ခု ရှိခဲ့ပါတယ်။ မဟာမြတ်မုနိဘုရားကြီး ဗိုက်ဖောက်ခံရမှု ဖြစ်စဉ် မှာ ကြံရာပါ လူအဖြစ် လည်းကောင်း၊ ကျောက်ဆည်တွင် ကုလား-ဗမာ အဓိကရုဏ်းကြီး ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ၄င်း ဖြစ်စဉ်တွေမှာ တာဝန်ရှိခဲ့သူ ဖြစ်ခဲ့ပါတယ်။ ဗိုလ်ရဲမြင့်ရဲ့  သား အောင်ဇော်ရဲမြင့် မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းခံရမှုမှာ ဖခင်ဖြစ်သူ အား သိလျက်နဲ့ ထိမ်ချန်မှုဖြင့် ဗိုလ်ရဲမြင့်အား အရေးမယူသည်မှာ ဗိုလ်သန်းရွှေရဲ့  “င” လေးလုံးရှောင် မူဝါဒကို မလိုက်နာခဲ့တာမို့ လူခင်ရင် မူ ပြင်တဲ့ နအဖရဲ့ စရိုက်လို့ ပြောရမလို ဖြစ်ရပါတော့တယ်။

No comments: