.

.

.

December 25, 2008

အထူးသတင်း

နအဖ ပြည်ထဲရေး ၀န်ကြီးရဲ့  ထိုးဖောက်ရေး အဖွဲ့ဝင်များ အကြောင်း

စာဖတ်သူများခင်ဗျား

နအဖ ပြည်ထဲရေး ၀န်ကြီးရဲ့  ထိုးဖောက်ရေး အစီအစဉ်အရ မဲဆောက်ကို စေလွှတ်လိုက်တဲ့ ထောက်လှမ်းရေး အဖွဲ့များ အကြောင်း ခေတ်ပြိုင်ဝက်ဘ်ဆိုဒ်မှ ကူးယူဖော်ပြခဲ့ပြီးနောက် ပြည်တွင်းရှိ ရဲဖက်နဲ့ နီးစပ်သူများက အဲဒီ အဖွဲ့ဝင်များရဲ့  အကြောင်းနဲ့ အခြေအနေတွေကို ကျွန်တော် ကိုဖိုးတရုတ်ထံသို့ အီးမေးလ်ဖြင့် ပေးပို့လာပါတယ်။ ဒါကြောင့် စာဖတ်သူများ လုံခြုံရေး သတိရှိစေဖို့ အခုလို ဖော်ပြ ပေးလိုက်ရပါတယ်။

နအဖ ပြည်ထဲရေး ၀န်ကြီးရဲ့  ထိုးဖောက်ရေး အစီအစဉ်အရ စေလွှတ်လိုက်တဲ့ ထောက်လှမ်းရေး အဖွဲ့ ခေါင်းဆောင် ရဲမှူး သန်းထွန်းဆိုသူမှာ မှော်ဘီ ရဲတပ်ရင်း (၈)မှ ဒုတပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိတစ်ဦး ဖြစ်ပါတယ်။ အဲဒီ အဖွဲ့ရဲ့  အဖွဲ့ဝင်များဖြစ်တဲ့ ဒုရဲအုပ် မဆွေဆွေဝင်း၊ ဒုရဲအုပ် မဆွေဆွေအောင်၊ ဒုရဲအုပ် မနိုင်နိုင်ဇော်တို့ဟာ အထူးရဲတပ်ဖွဲ့ SB နဲ့ မှုခင်းရဲတပ်ဖွဲ့ တို့မှ တပ်ဖွဲ့ဝင် အမျိုးသမီးများ ဖြစ်ကြပြီး မဲဆောက်ကို လွန်ခဲ့တဲ့ နှစ်ပိုင်းက စေလွှတ်ခဲ့တဲ့ ဒုရဲအုပ် အမျိုးသမီးဖြစ်သူ သူတို့ သူငယ်ချင်း တစ်ဦးရဲ့  နည်းလမ်းအတိုင်း အဖွဲ့အစည်းများအတွင်း မာယာကျော့ကွင်းကို အသုံးချကာ လုံးထွေး ရစ်ပတ် သတင်း ထောက်လှမ်းကြဖို့ စီစဉ်ထားကြတာ ဖြစ်ပါတယ်။ အလားတူ ဒုရဲမှူး ဇော်မင်းထွန်းနဲ့ ဒုရဲမှူး တင်ထွန်းအောင် တို့မှာ မှုခင်းရဲတပ်ဖွဲ့ CID မှ ဖြစ်နိုင်ဖွယ် ရှိကြောင်း သတင်းပို့လာ၍ စာဖတ်ပရိသတ်များအား တင်ပြပေးလိုက်ရပါတယ်။


လက်နက်ကိုင် မြန်မာတချို့ မဲဆောက်တွင် ဖမ်းဆီးခံရ

သတင်း - ဧရာဝတီ

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ အာဏာပိုင်များဖမ်းဆီးထားသော မြန်မာပြည်သား ၁၀ ဦးကျော်တွင် လက်နက်ကိုင်များပါဝင်ပြီး ၎င်းတို့မှာ မြန်မာစစ်အစိုးရက စေလွှတ်ထားသူများဟု ယူဆနေကြကြောင်း သိရသည်။

ယင်းမဲဆောက်မြို့ကိုရောက်ရှိလာသည့် အဖွဲ့တွင် အနည်းဆုံး လူ ၄ ဦးထံမှ လက်နက်များ သိမ်းဆည်းရမိပြီး အမျိုးသမီးများလည်း ပါဝင်ကြောင်း ယမန်နေ့ည ဘီဘီစီ ရေဒီယိုသတင်းတွင် ပါရှိသည်။

ထိုင်းနိုင်ငံအတွင်း သေနတ်သမားများရဲ့ လုပ်ကြံမှုကို ခံခဲ့ရတဲ့ KNU အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ

ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ အတိုက်အခံအင်အားစုများကို စစ်အစိုးရဘက်မှ လက်နက် ကိုင်တစုစေလွှတ်ပြီး လုပ်ကြံသတ်ဖြတ်မှုအစီအစဉ်များ ပြုလုပ်နိုင်သည်ဟု မဲဆောက်မြို့ရှိ မြန်မာ အတိုက် အခံများကလည်း ဆိုသည်။

“ဒီရက်ထဲမှာ အဲဒီသတင်းတချို့ကိုကြားတယ်။ ထိုင်းထောက်လှမ်းရေး အသိုင်းအ၀န်း ကို မေးကြည့်တဲ့ သတင်းအရကတော့ ဖမ်းဆီးမှုတွေရှိ တယ်လို့သိရတယ်” ဟု မဲဆောက်မြို့ အတိုက်အခံ အသိုင်းအ၀န်းက ပြောသည်။

ယခုနှစ် ဖော်ဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ ကို အမည်မသိ သေနတ်သမားနှစ်ဦးက မဲဆောက်မြို့ရှိ ၎င်း၏နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ် သတ်ဖြတ်ခဲ့သည်။ ယနေ့အချိန်အထိ ၎င်းတရားခံကို ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

ယင်း ဖဒိုမန်းရှာလုပ်ကြံခံရပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်တလျောက်ရှိ မြန်မာအတိုက်အခံများက လုပ်ကြံ သတ်ဖြတ်မှုများထပ်မံဖြစ်လာနိုင်ဖွယ်ရှိသည့်အတွက် ၎င်းတို့၏လုံခြုံရေးကို အထူးဂရုပြုနေကြ ကြောင်းလည်း သိရသည်။

မြန်မာအင်တာနက်သတင်းစာမျက်နှာများနှင့် ဘလော့များတွင်လည်း မြန်မာအတိုက်အခံနှင့် တိုင်းရင်းသား ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ရန် မြန်မာစစ်အစိုးရက လူ ၂၀ ထက် မနည်း စေလွှတ်ထားသည် ဆိုသော သတင်းများလည်း ပျံ့နှံ့လျှက်ရှိသည်။

ယုံကြည်ပါကြောင်း

စာဖတ်သူများခင်ဗျား

NCGUB ၀န်ကြီး ဒေါက်တာ တင့်ဆွေက ယုံကြည်ပါကြောင်း ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော် ကိုဖိုးတရုတ်ထံ ပေးပို့ထားရာ ဆောင်းပါးရဲ့  အဓိပ္ပာယ်အရ လာမဲ့ နှစ်သစ်ကူးမှာ စည်းလုံးခြင်းရဲ့  အင်အား အတွက် တိုက်တွန်းထားတာမို့ အနှစ်သာရ ပိုမို ပြည့်စုံစေဖို့ အခုလို နှစ်သစ်ကူး နီးကပ်ခါနီးမှာ စာဖတ်ပရိသတ်များကို တင်ပြပေးလိုက်ရပါတယ်။တဆက်တည်းမှာဘဲ လာမဲ့ ၂၀၀၉ နှစ်သစ်မှာ ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစု တွေအားလုံး အာဏာရှင်စနစ်ကို တက်ညီလက်ညီ လက်တွဲဆန့်ကျင်ကြဖို့ နှစ်သစ်ကူး အမှတ်တရ နှိုးဆော်တင်ပြ လိုက်ရပါတယ်။

လူတော်တော်များများ ကိုယ်နဲ့ဆိုင်တဲ့၊ ပတ်သက်တဲ့အကြောင်းကိစ္စမှန်သမျှ အတတ်နိုင်ဆုံး မှတ်တမ်းမှတ်ရာ ထားကြမယ်ထင်ပါတယ်။ ကျွန်တော့်အတွက် မဖြစ်မနေလုပ်ဘို့ အကျင့်ဖြစ်လာစေခဲ့တာက (ရီပို့တ်) ပေးရတဲ့ အလုပ်မျိုး လုပ်နေရလို့ပါ။ အကျင့်က ဒိုင်ယာရီရေးတာဖြစ်ပါတယ်။ ကွန်ပြူတာတွေ မပေါ့်တပေါ်ခေတ်မှာ ပြည်ပထွက်လုပ်ရတဲ့ အခြေအနေကိုရောက်လို့ စောစောပိုင်း ကာလတွေမှာ စာအုပ်ဒိုင်ယာရီမှာ ရေးရတယ်။ မြင်အောင်ရေးရရင် (မာနယ်ပလော) ခေတ်ပေါ့။ နောက် ကွန်ပြူတာဆိုတာ သုံးနိုင်လာတယ်။ ဒါလဲ (မော်နီတာ) အဖြူအမဲခေတ်၊ (ဒေါ့စ်)ဆိုတဲ့ဘာသာရပ်ကနေ စပြီးလေ့လာရတယ်။ ၂၈၆-၃၈၆ ဆိုတဲ့ ခေတ်မှာပါ။ နောက်လူတွေဆို သိချင်မှသိတော့မယ်။ သိဘို့လည်းမလိုကြတော့လို့ပြောတာပါ။ ခူးပြီး-ခတ်ပြီး (၀င်းဒိုး) အမျိုးမျိုးတွေ ပေါ်လာပြီကိုး။ ကျွန်တော်တို့လို လူစားတွေအဖို့ သင်တန်းဆိုတာမျိုး ဘယ်တက်နိုင်မလဲ။ အချင်းချင်းကို မြင်ဆရာ၊ ကြားဆရာ တင်ရတာမျိုးပါ။

သုံးလတခါဖြစ်ဖြစ် တနှစ်ကုန်ချိန်မျိုးဖြစ်ဖြစ် (ရီပို့တ်)တင်ချိန်ရောက်ရင် ကွန်ပြူတာထဲကပြန်ရှာပြီး၊ အမြီးနဲ့ ခေါင်းတပ်၊ ဘာသာပြန်စရာပြန်၊ အရှည်ခေါက်ရေးစရာကိုရေးတာနဲ့ (ပတ်ကား) (ရီပို့တ်) ဖြစ်ရော။ ဒါက (နာရေးတစ်-ရီပို့တ်)။ ငွေစာရင်းဆိုတာရှိသေး။ ကွန်ပြူတာပေါ်တာ အတော့ကို လွယ်တာဘဲ။ (အိတ်ဇဲလ်)၊ (ကွတ်ကင်းမ်)၊ (ကွတ်ဘုတ်ခ်) ဆိုတာကို အလုပ်ဖြစ်ယုံလောက်သင်ယူရသေးတယ်။

အခုရေးချင်တာက နည်းပညာအကြောင်း မဟုတ်ပါ။ မှတ်တမ်းတွေကို မကြာမကြာ ပြန်လှန်ရလို့ စိတ်ဝင်စားစရာတွေ တွေ့ရပြီး၊ သင်ခန်းစာ ရတာကို ရေးချင်လို့ပါ။ ပြန်လှန်တဲ့အခါ အပြောင်းအလဲတွေကို မှတ်သားရပါတယ်။ အခြေအနေတွေသာမက လူအင်အားဆိုတာလည်း ပြောင်းလဲနေတတ်တာတွေ့ရပါတယ်။


နီပေါ ပါလီမန် ရှေ့ မှ ၀န်ကြီး ဒေါက်တာ တင့်ဆွေ

ဟိုအရင်ကလူတွေ အခုလှုပ်ရှားမှုထဲမှာ မပါတော့တာတွေ၊ တချို့ဆို လူ့ပြည်မှာတောင် မရှိကြတော့တာတွေ စသဖြင့် ပြန်အမှတ်ရစေပါတယ်။ အသစ်အသစ်တွေ ၀င်လာတာလဲရှိနေတယ်။ အိန္ဒိယမှာဆိုရင် ကျောင်းသားတွေနောက် အစောဆုံးရောက်နေသူဆိုတော့ အနှစ် ၂၀စာ သမိုင်းက ကိုယ့်မျက်စေ့အောက်မှာ ဖြတ်သန်းသွားခဲ့ပါပြီ။

Burmese groups in India ဆိုပြီး နာမည်ပေးတဲ့ (ဖိုင်)ကို မကြာမကြာ (အပ်-ဒိတ်) လုပ်ရတယ်။ ဘာလို့လဲဆိုတော့ မကြာမကြာပြောင်းနေလို့ပါ။ တချို့ဆို နောက်တခါ ပြန်စစ်တော့ မရှိကြတော့ဘူး။ တချို့ကြ ရှိသေးတယ်ပြောရမလား၊ မရှိတော့ဘူး စာရင်းထဲထည့်ရမလား ဝေခွဲရခက်တာလဲရှိတယ်။ (လက်တာဟက်) ဆိုတာ လုပ်ဘို့လွယ်လွန်းလို့ (လက်တာဟက်)အဖွဲ့အစည်းမျိုးလဲရှိတာဘဲ။ အလုပ်လုပ်တာ သူများမသိရဘူး။ တချို့အဖွဲ့တွေက လူစည်စည်ရှိရင် (စတိတ်မင့်)တက်ဖတ်ပြီး ကြေငြာရတယ် ရှိမှန်းသိအောင်။ လူတွေနဲ့ ဖွဲ့ထားတဲ့ အစုအစည်းတို့သဘာဝအရ မတူ-မတည့်တာတွေ၊ မကြိုက်ဖြုတ်-ကြိုက်တင်တွေဆိုတာ ဓမ္မတာပါ။ ၀ါရင့်-သဘာရင့် မြေအောက်ပါတီကြီးတခု ဖြတ်သန်းခဲ့ရဘူးတဲ့ သွေးစွန်းတဲ့ “ဖြုတ်-ထုတ်-သတ်” ဆိုတာမျိုးအထိ ကျင့်သုံးဘို့ကျိုးစားတာမျိုးလဲ အနည်းအကျဉ်း ရှိခဲ့သေးတယ်။ သင်ခန်းစာဆိုတာ ယူမကုန်ပါလား။

နှစ်ကာလရဲ့စမ်းသပ်မှုကို ခံနိုင်ရည်ရှိရှိနဲ့၊ ဓမ္မတာတွေကို ကြံ့ကြံ့ခံနိုင်တဲ့ အဖွဲ့အစည်းတွေလည်း မနည်းလှပါ။ ချီးကျူးရမှာပါ။ ငယ်ကျင့်တွေဆိုတာ အရွယ်အရ ပျောက်ကုန်ကြစမြဲပေမဲ့ မပျောက်သေးတာတွေလည်း ရှိနေဆဲပါ။ လူတစ်ဦးချင်း အရည်အသွေးတွေကို ဆန်းစစ်ရင် တချို့က တစ်နှစ်ထက်တစ်နှစ်ဆိုသလို ရင့်ကျက်-တိုးတက်လာကြတာ အားရစရာကောင်းလှတယ်။ တချို့ကြတော့ တခါလာ ရှစ်လေးလုံးနှစ်တွေက အမြင်-အပြော-အလုပ်က မတက်သေးပါ။

ကိုယ်စားလှယ်ဆိုသူတွေအကြောင်းကိုလည်း အမြဲ(အပ်ဒိတ်) လုပ်နေရတယ်။ တစ်နှစ် နှစ်ခါ (အိုင်ပီယူ)မှာ အစစ်ခံရလို့ပါ။ ဟိုအဖွဲ့အစည်း ဒီအဖွဲ့အစည်းတွေက လိုတဲ့အခါမျိုးလည်း ပို့ပေး-ပြင်ပေးရတတ်သေးလို့ပါ။ အခုစာရေးချိန်မှာ အပြင်ရောက်နေတာ ၃၃ ဦး၊ အပြင်ရောက်ပြီးမှ ကွယ်လွန်ရတာ သုံးဦး၊ နှစ်ဦးက လုပ်ကြံခံရသူတွေ။ အထဲမှာ-ထောင်ထဲမှာ လုပ်ကြံခံရသူကလည်း သုံးဦး။ အညံ့ခံသွားသူက ပေါင်း ရှစ်ဦး။ ထောင်ထဲမှာ နေရသူစာရင်းကလည်း ပြောင်းတတ်ပေမဲ့ နှစ်ရှည်သမားတွေကတော့ သူ့ကော်လံမှာသူ ရှိနေကြရတယ်။

ဒီစာရင်းကိုကြည့်ပြီး အကြမ်းဖျင်း ပြောကြရင် အသက်ဆုံးတဲ့အထိ ကြံ့ကြံ့ခံသူတွေကို ထိပ်ဆုံးစာရင်းမှာထားပြီး ဘယ်သူကမဆို ဂုဏ်ပြုကြမယ် ထင်ပါတယ်။ နောက် ဘာဘဲဖြစ်ဖြစ် အပြင်ထွက်လာပြီးမှာ အထဲပြန်ဝင် သူတွေကိုလည်း အတိုင်းအတာ တစ်ခု အထိ လေးစားပါသေးတယ်။ ယုံကြည်ချက်နဲ့ထွက်လာပြီး မျှော်လင့်ချက် ကင်းတယ်လို့ယူဆကာ လမ်းတစ်ခုကို ရွေးသွားကြသူတွေပါ။ အဲဒီထဲက တချို့ဆိုရင် ပြန်စိတ်လည်လို့ ပြန်အသက်ဝင်တာကိုလည်း ကြားသိနေရသေးတယ်။ သူတို့အပြင်မှာရှိတုံး ဘ၀ကြမ်းကြမ်းကို သူများနည်းတူ ဖြတ်သန်းရင်း အကြံတွေ၊ ဥာဏ်တွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ပေးခဲ့တာပါ။ မြောင်းထဲ ရောက်သွားပြီလို့ ဆိုတာကို ငြင်းတာမဟုတ်ပါ။ တချိန်တုံးကတော့ သူ့အထွာနဲ့သူ လုပ်ခဲ့တာဟာ သူ့သမိုင်းပါဘဲ။

သူတို့ထက်စာရင် ကနေ့အထိ အပြင်ကနေ ရပ်ခံနေသူတွေအားလုံးကို ပိုပြီးလေးစားဖို့ ထိုက်တယ်လို့ ကျွန်တော် ရေးပါမယ်။ သဘောမတူသူ နည်းနည်းက ဆဲရေးချင်မှာ သိပါတယ်။ ဒါလည်း မှတ်တမ်းပါ။ လောကဓံဆိုသည့် ဆင်းရဲ-ချမ်းသာ၊ ချီးမွမ်း-ကဲ့ရဲ့၊ လာဘ်ရ-မရ၊ အခြွေအရံနည်း-များ၊ ရှစ်ပါးကို ဘယ်သူ လွတ်ကင်းပါသနည်း။ လောကဓံတရားကို တွေ့ကြုံလာပါလျင် အဘယ်သူတို့သည် တုန်လှုပ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ရမ္မက်ရှိခြင်း၊ ဘေးရှိခြင်း၊ ကင်းကြပါသနည်း။

မိမိတို့နဲ့ဆိုင်တဲ့ ပါတီအဖွဲ့အစည်းကိုယ်စား ခုခံကာကွယ်ဖို့ သဘောထား တင်ပြဆွေးနွေးဖို့ အလုပ်မျိုး မှာလည်း လုပ်ကြရတာ ဒီလူတွေပါ။ ပြည်ထောင်စုတခုလုံးနဲ့ သက်ဆိုင်တဲ့အရေးကိစ္စမျိုး တနည်းအားဖြင့် တိုင်းရင်းသားများ အားလုံးနဲ့ဆိုင်တဲ့ အရေးမျိုးတွေမှာ လက်မှတ်ရေးထိုးစရာမျိုးကို သူတို့က လူထုကိုယ်စား ပြုတဲ့ အလုပ်မျိုးလည်း လုပ်ရပါတယ်။ ပေါ်လစီကိုသိနေပြီး မလွတ်ရအောင် ဘယ်လောက်ပဲ ဝေဖန်လွယ်သူ-ကျယ်သူများက အော်နေနေ၊ ထိန်းတည့်နေဖို့ တာဝန်ကို သိကြ-လိုက်ကြရသူတွေပါ။ အနိမ့်ဆုံးတစ်ခုပြောရရင် အချင်းချင်းမတူဦးတော့ “တံခါးဖွင့်ရင် ရင်ပိတ်၊ တံခါးပိတ်ရင် ရင်ဖွင့်” ဆိုသလို ကြိတ်ချေ-ကြိတ်ဖြေရသူတွေ ဖြစ်ကြပါတယ်။

အားလုံးသိကြတဲ့ ဒေါ်စုဆီက နောက်ဆုံးရ သတင်းစကားကို ဘာသာပြန်ရင် “ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး”ဆိုတာပါ။ ဒါကို လမ်းညွှန်ချက်လို့ မှတ်သူအပေါင်းက “တွေးတာ-ရေးတာ၊ ပြောတာ-လုပ်တာတွေသည် အချင်းချင်း စည်းနှောင်ဖို့ လိုတာကို စည်းနှောင်ကြဖို့ ၊မညီသေးတာတွေ ညီအောင်ကြိုးပမ်းကြဖို့” လာမဲ့နှစ်သစ် ဒိုင်ယာရီမှာ စကြ-ပြကြမယ်လို့ ယုံကြည်ပါကြောင်း။


နယ်စပ်၌ နအဖစစ်အင်အားတိုးချဲ့ ၀တပ်ဖွဲ့နှင့် အပြိုင်ဂိတ်ကြေးကောက်

သတင်း - သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်အမှတ် ၂ BP2 ၌ နအဖစစ်တပ် စစ်အင်အား တိုးချဲ့ချထားပြီး ၀တပ်ဖွဲ့ နှင့်အပြိုင် ထိုင်း-မြန်မာ အ၀င်အထွက် ခရီးသွားများထံမှ ဂိတ်ကြေးကောက်နေကြောင်း နယ်စပ်သတင်း ရပ်ကွက် က ဆိုပါသည်။

ယခုလ ၁၆ ရက်နေ့က နအဖစစ်တင်အားအယောက် ၃၀ ခန့် BP2 ၀ဂိတ်နှင့် ၄ ကီလိုမီတာခန့်အကွာ နမ့်လုအနီး တောင်ခြေတွင် ဂိတ်ဆောက်၍ အ၀င်အထွက် လူ - ဆိုင်ကယ်သမားများအား ဂိတ်ကြေးကောက်ကြောင်း၊ ထို မတိုင်ခင်ကလည်း နမ့်လု၌ ၀ တပ်ဖွဲ့နှင့် ၁၅ မိနစ်ခန့်အကြာ ပစ်ခတ်မှုရှိခဲ့ကြောင်း၊ မိမိနှင့်ပစ်ခတ်နေသူမှာ နအဖ စစ်တပ်ဖြစ်ကြောင်း သိလျှင်သိချင်း ၀တပ်ဖွဲ့က တပ်ဆုတ်ခဲ့ကြောင်း၊ တိုက်ပွဲတွင် သေကြေဒဏ်ရာရသူမရှိခဲ့ ကြောင်း နယ်စပ်ရောက် ဆိုင်ကယ် ကယ်ရီသမား တစ်ယောက်က ပြောပြသည်။ သို့သော် တိုက်ပွဲနှင့်ပါတ်သက်၍ သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုနိုင်သေးခြင်းမရှိပါ။

“ ၁၅ ရက်နေ့က ပုံပါကျင်အခြေစိုက် ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်သူ လုံခြုံရေးအင်အား ၃၀ လောက်နဲ့ နအဖ လွယ်ပါခီးတပ်စခန်းကို ရောက်လာတယ်။ ဖိုးဝှီးကား ၄ စီးစာပေါ့။ အဲဒီမှာ အတတ်နိုင်ဆုံး ၀ တပ်ဖွဲ့တွေနဲ့ ပြဿနာ မဖြစ်အောင်နေပါလို့ မှာသွားတယ်- တဲ့။ ၁၆ ရက်နေ့ရောက်တော့ ၀မ့်မိုင်မူးဆေး(လားဟူရွာ) လွယ်ပါခီး ဂိတ်က လားဟူပြည်သူ့စစ်ဂိတ်စောင့်တွေကို နားကောင်းမူးပြန်သွားဖို့ ဖိအားပေးသေးတယ်ဆိုဘဲ။ အဲဒီဂိတ်မှာလဲ လားဟူပြည်သူ့စစ်ဂိတ်စောင့်တွေက တစ်ယောက် ဘတ် ၃၀၀ ကောက် တယ်။ ဆိုင်ကယ်တစ်စီး ဘတ် ၅၀၀ ကောက်တယ်။ ဒါပေမဲ့ နအဖတပ်စခန်းကို သူတို့တစ်ဝက်ပြန် ပေးရတယ်” ဟု အဆိုပါ ဆိုင်ကယ် ကယ်ရီကပြော ပြ၏။

လားဟူပြည်သူ့စစ်များ ကိုယ်တိုင်ကလည်း ဆိုင်ကယ် ကယ်ရီလုပ်နေသည်ဟု သိရ၏။

အတည်အခြေချခြင်းမရှိသေးသော်လည်း နအဖတပ်ဖွဲ့တို့ ကင်းတဲဆောက်အခွန်ကောက်သော ဂိတ်မှာ ထိုင်းနိုင်ငံ မိုင်းဖှန် အသွားလမ်း ( သျှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့အရှေ့တောင်ဘက် မိုင် ၃၀ ခန့်အကွာ) BP2 ၀ ဂိတ်နှင့် တတောင်တည်းတွင်ရှိနေသဖြင့် ယခင်ကထက် ဂိတ်ကြေး ၂ ဆ ကုန်ကျသည်ဟုဆိုကာ ခရီးသွားများ သိသိသာသာ စဲသွားသည်ဟုဆို၏။

“ ရှိရင်းစွဲ BP2 ၀ ဂိတ်မှာ လူတစ်ယောက် ဘတ် ၃၀၀ ကောက်တယ်။ အခု အသစ်ရောက်လာတဲ့ နအဖဂိတ် ကလည်း လူတစ်ယောက်ဘတ် ၃၀၀ ကောက်ပြန်တယ် ဆိုတော့ BP2 ဂိတ်မှာ တင် လူတစ်ယောက်ဘတ် ၆၀၀ ကုန်ကျနေပြီ ဆိုတော့ အသွားအလာ တော်တော်လေးကို စဲသွားတယ်ပြောရမှာပေါ့။ ဒီကိစ္စကို အခု လောလော ဆယ် နှစ်ဦးနှစ်ဘက် ဆွေးနွေးနေတုန်းဘဲတဲ့” ဟု ၄င်းက ဆက်ပြောပြ၏။

“ကြည့်ရတာ နအဖစစ်တပ်က ဂိတ်ကြေးတွေကို သူဘဲကောက်စားမယ်ဆိုတဲ့ပုံ။ အဲဒါကြောင့် ၀ တို့ ၊လားဟူတို့ကို တပ်ဆုတ်ဖို့ လာပြောတာ” ဟု ၀တပ်ဖွဲ့နှင့် ရင်းနှီးကျွမ်းဝင်သူတစ်ဦးကပြောပြ၏။

ယခုလဆန်းပိုင်းက ၆ ဘီးကား ၃ စီးစာရှိ ခလရ ၂၇၇ မှ အင်အား ၇၀-၈၀ ခန့်ကလည်း ထိုင်းနိုင်ငံ ၀ိန်းဟိုင်မြို့ နယ် ပိန်းလုံ-လတ်တိုင် နှင့်မျက်နှာချင်းဆိုင် မိုင်းတော့- မိုင်းထားဘက်သို့ ဆင်းသွားရာ ကားတစ်စီးမှ ပြန်မလာ သေးကြောင်း ဒေသခံများထံမှ သိရသည်။

No comments: