.

.

.

December 26, 2008

သံဝေဂ ယူတတ်ကြပါစေ

နိုင်ငံတကာရောက် ညီငယ် စစ်တက္ကသိုလ် ကျောင်းဆင်းအရာရှိများသို့

ဆောင်းပါးရှင် - ဗိုလ်အောင်မြင် (နည်းပြ အရာရှိဟောင်းတစ်ဦး)

စာဖတ်ပရိသတ်များခင်ဗျား

နိုင်ငံတကာမှာ ရောက်ရှိ ပညာ သင်ကြားနေကြတဲ့ မြန်မာ့တပ်မတော်မှ စစ်တက္ကသိုလ် ကျောင်းဆင်း အရာရှိများကို အတွေးအခေါ်၊ ခံယူချက် မှန်ကန်စေဖို့ မေတ္တာစေတနာ ရှေ့ ထားပြီး မြန်မာ့တပ်မတော်မှာ နည်းပြလုပ်ခဲ့တဲ့ အရာရှိဟောင်း တစ်ဦးဖြစ်တဲ့ ဗိုလ်အောင်မြင်က “သံဝေဂ ယူတတ်ကြပါစေ” ဆိုတဲ့ ဆောင်းပါးတပုဒ်ကို ကျွန်တော် ကိုဖိုးတရုတ်ထံ ရေးသား ပေးပို့လာပါတယ်။ တပ်မတော်ရဲ့ သမိုင်းကြောင်း ကောင်းမွန်အောင် ဆောင်ရွက်ကြဖို့ ပြည်တွင်းပြည်ပမှ တပ်မတော် အရာရှိများကို လေးလေးနက်နက် တိုက်တွန်းရင်း ကျွန်တော် ကိုဖိုးတရုတ်က တင်ပြပေး လိုက်ရပါတယ်။ ယခုလို ပေးပို့လာတဲ့ နည်းပြ အရာရှိဟောင်း တစ်ဦး ဖြစ်ခဲ့တဲ့ ဗိုလ်အောင်မြင်အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိပါကြောင်း စည်းလုံးခြင်းရဲ့  အင်အား ဘာလောဂ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။

“ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို ကြင်နာသနား” လို့ မြန်မာ ဆိုရိုးစကား ရှိပါတယ်။ ဒီ ဆိုရိုးစကားနဲ့ အညီ လိုက်နာ ကျင့်ကြံနေကြတဲ့ ယဉ်ကျေးမှု စရိုက်လေးကလည်း ချစ်စရာ ကောင်းလှပါတယ်။ တပ်မတော်ထဲမှာလည်း လေးစားရိုသေမှု ပြသရာမှာ အလေးပြုခြင်းကို ရည်ရွယ်ချက် (၅) ရပ်နဲ့ ပြသထားပါတယ်။ တစ်ဦးနဲ့ တစ်ဦး ခင်မင်လေးစားမှုကို ပြသခြင်း၊ အလေးပြုတိုင်း မိမိထမ်းဆောင်နေရတဲ့ တာဝန်ကို သတိရစေခြင်း၊ တစ်ဦးရဲ့  ထမ်းဆောင်နေတဲ့ တာဝန်ကို တစ်ဦးက အသိအမှတ်ပြုခြင်း စသဖြင့်ပေါ့။ ဒါကြောင့် တပ်မတော်မှာ အလေးပြုခြင်းဟာ ကောင်းမြတ်တဲ့ အလုပ်ပါပဲ။

ကိုယ့်ထက်ငယ်သူများက ကိုယ့်ကို ရိုသေသလို ကိုယ်ကလည်း ကြီးသူပီပီ ကောင်းမြတ်တဲ့ အကျင့်သီလ၊ အနေအထိုင်၊ အပြောအဆို၊ အတွေးအခေါ် တွေရှိကြရပါလိမ့်မယ်။ ဒီလိုပါဘဲ တပ်မတော်မှာ အလေးပြုခံရတဲ့ သူဟာ အလေးပြုခံထိုက်တဲ့ အကျင့်စရိုက်ကောင်း၊ အရည်အချင်း၊ အတွေးအခေါ်၊ အမြော်အမြင်၊ အကြီးအကဲ ကျင့်ဝတ် နာယက ဂုဏ် (၆) ပါး ရှိရပါမယ်။ အပြန်အလှန် လေးစားမှု ရှိရပါတယ်။


တလောက စစ်တက္ကသိုလ် ဗိုလ်လောင်း အပတ်စဉ် (၅၁) ကျောင်းဆင်းပွဲ ဓာတ်ပုံများကို မြင်တွေ့ရတဲ့အခါမှာ အလွန် အံ့သြသွားရပါတယ်။ ဒါကတော့ ကျောင်းဆင်း ဗိုလ်လောင်းများရဲ့  စစ်ရေးပြ အခမ်းအနားမှာ ဗိုလ်သန်းရွှေရဲ့  ဇနီး၊ သမီး၊ မြေးတွေ ဗိုလ်ရှုခံ မဏ္ဍပ်အတွင်း ရှေ့ တန်းတစ်တန်းလုံးမှာ နေရာယူထားကြတာ တွေ့ရပါတယ်။ စစ်ဗိုလ်ချုပ်ကြီးများကတော့ အနောက်မှာပါ။ သဘောတရားကတော့ တိုင်းပြည်ရဲ့  အရှင်သခင်များက ဗိုလ်ရှုခံ သဘင် ဆင်နွှဲသလိုပါဘဲ။ ဇနီး၊ သမီး၊ မြေးတွေ အခမ်းအနား မတက်ရောက်ရဘူးလို့ မဆိုလိုပါဘူး။ နိုင်ငံတော် အဆင့် တပ်မတော်နဲ့ သက်ဆိုင်တဲ့ အခမ်းအနားမှာ Seating Plan အရ ဒီလို နေရာချထားတာ လုံးဝ မသင့်တော်ပါဘူး။ ဧည့်သည်တော်များ နေရာရဲ့  ရှေ့ ဆုံးမှာ ဆိုရင်တော့ ပြောစရာ မရှိပါ။ ဒါဟာ စစ်ဗိုလ်ချုပ်ကြီးများကိုရော၊ ကျောင်းဆင်း ဗိုလ်လောင်းများကိုပါ တန်ပြန်လေးစားမှု မထားတဲ့ သဘောပဲ ဖြစ်ပါတယ်။ ကာလဒေသ ပယောဂ ပုဂ္ဂိုလ်ဆိုတာကို နားလည်သင့်ပါတယ်။ ဒီလို မြန်မာ့နည်း မြန်မာ့ဟန် ဗိုလ်လောင်းသင်တန်း ဆင်းပွဲမျိုး ကမ္ဘာမှာ ရှိမှာ မဟုတ်ပါ။ ဒ့ါအပြင် သမီးနဲ့ မြေးတွေ စာအုပ်ဖတ်၊ မုန့်စား နေချိန်ဟာ ကိုသန်းရွှေ ကျောင်းဆင်းဗိုလ်လောင်း တပ်ရင်းများရဲ့  အလေးပြု ခံနေချိန် သို့မဟုတ် ဗိုလ်လောင်းများကို စစ်ဆေးနေချိန် ဖြစ်ပါလိမ့်မယ်။ လူကြီး လူကောင်းမဆန် ဂုဏ်သိက္ခာမရှိတဲ့ မိသားစုရဲ့ အပြုအမူမျိုးပါဘဲ။ သူတို့ရဲ့  အပြုအမူများဟာ သူတို့ရဲ့  စိတ်နေစိတ်ထားတွေကို ဖော်ပြနေတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ၀ိုင်းဝန်းဝေဖန်ကြသူများကို စစ်အရာရှိငယ် တချို့ က ကာကွယ် ပြောကြားပေးတာလည်း တွေ့ရပါတယ်။ ဒါကြောင့် ထိုအရာရှိငယ်များ အမှန်တရားကို လက်ခံတတ်ဖို့အတွက် သင်ခန်းစာ ယူတတ်ဖို့ ကိုယ်တွေ့ ဖြစ်ရပ်လေး ပြောပြချင်ပါတယ်။

ကျွန်တော်တို့ ဗိုလ်ဖြစ်စမှာ မဆလက ဖွင့်တဲ့ “တပ်တွင်း ပညာပေး သဘောတရား ခေါ် တပည” ကို (အခု တိုက်ပွဲဝင် စည်းရုံးရေး သင်တန်းလိုပဲ) စစ်ဖက်နယ်ဘက် အဆင့် အမျိုးမျိုးက တက်ကြရပါတယ်။ မဆလ ကတော့ ဆိုရှယ်လစ် အတွေးအခေါ်ကို ရိုက်သွင်းပြီး အခု တိုက်/စည်းကတော့ စိတ်ဓာတ်စစ်ဆင်ရေး (Brain Wash) လုပ်ပစ်နေတာပေါ့လေ။

အဲဒီတုန်းက ဆောင်ပုဒ်မှာ “တပ်မတော်သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ အမာခံ ကျောရိုး”၊ “တပ်မတော်သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ကာကွယ်စောင့်ရှောက်ရမည်” ဆိုပြီး စစ်တပ်ကို ခုတုံး လုပ်ထားလို့ စစ်သက်နုနုနဲ့ ကျွန်တော်တို့ ဖိုးတက်ကြွလေးတွေဟာ “လူနဲ့ လူ့ပတ်ဝန်းကျင် အညမည” ဆိုတဲ့ သဘောတရားကို ဆွေးနွေးလို့ အားကောင်းဆဲပေါ့။ အမှန်က အဲဒီအချိန်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီကြီး ပျက်တော့မယ်ဆိုတာကို အထက်လူကြီးပိုင်းနဲ့ သင်တန်း ဆရာ/ဆရာမ တွေက ရိပ်မိနေကြပါပြီ။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ကို ပြည်သူလူထု တစ်ရပ်လုံးက မကြိုက်တဲ့အချိန်၊ ကိုယ်တို့ အငယ်လေးတွေကတော့ တက်ကြွဆဲ၊ မဆလကြီး ထာဝရ တည်ရှိမယ် ထင်နေတုန်း၊ သင်တန်းတောင် မပြီးလိုက်ပါဘူး၊ ရှစ်လေးလုံး အရေးအခင်းကြောင့် အိပ်ယာလိပ် ခဲ့ကြရတယ်။ နောင် တပ်မတော်သား အားလုံး မဆလပါတီမှ နှုတ်ထွက်ခွင့်ကို ထွက်စာ မတင်ရဘဲ အကြောင်းကြားခဲ့တယ်။ နောင်မှာ မဆလ မအောင်မြင်မှုတွေ၊ မြန်မာနိုင်ငံနဲ့ မကိုက်ညီ မသင့်တော်တာတွေကို ဒီစစ်တပ်ထဲက စစ်ခေါင်းဆောင် တွေကပဲ ပြောလာကြတော့တယ်။ န၀တ အာဏာသိမ်း ပြီးတော့ အခုတပ်မတော်ရဲ့  မျိုးဆက်သစ် ညီငယ်တို့က အလယ်တန်း ကျောင်းသားလောက် ရှိရောပေါ့၊ ဒီစစ်အာဏာရှင် (မဆလ တင်းပြည့် ပါတီဝင် စစ်စစ်ကြီး) တွေက မဆလ ဆိုတာ တို့မသိ၊ တို့နဲ့ မဆိုင်လို့ ထုတ်မပြောရုံပါပဲ၊ ပြီးတော့ မဆလ ခေတ်နဲ့ န၀တ၊ နအဖ ခေတ်ဆိုပြီး နှိုင်းယှဉ်ပြလိုက်သေးတယ်။ လူ့စရိုက်ကို ပြောပါတယ်။ အကယ်၍ မဆလပါတီကြီး ဆက်လက် တည်ရှိနေရင်တော့ ဒီလူတွေပဲ မဆလ ထိပ်သီးကြီးတွေ အဖြစ်နဲ့ ခေါင်းပေါင်းစ တလူလူကို “ညာချပြီး” လုပ်စားနေကြဦးမှာပဲလို့ ဆင်ခြင်မိလိုက်ပါတော့တယ်။

(မဆလ တင်းပြည့် ပါတီဝင်ဟောင်း) ဗိုလ်သန်းရွှေဟာ အာဏာကို ချုပ်ကိုင်မိပြီး ယစ်မူးလာချိန်မှာ သူ့ကို စစ်သားတစ်ယောက် အမြင်နဲ့ ဒီလို ရှင်းရှင်းလင်းလင်း သုံးသပ်လိုက်ချင်ပါသေးတယ်။ ဗိုလ်သန်းရွှေဟာ ဆင်ကြံ ကြံတတ်ပြီး၊ စဉ်းလဲကောက်ကျစ်တတ်သူပီပီ-

(၁) သူ့ရဲ့  ကျေးဇူးရှင် ဖြစ်ခဲ့တဲ့ မိုင်းယောင်း အရေးအခင်းမှာ တပ်မ (၈၈) တပ်မမှူးအဖြစ်က သူပြုတ်တော့မဲ့အရေးမှ ကယ်တင်ပေးခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း နေ၀င်းကို (ဗိုလ်ချုပ်ကြီးဟောင်း နေ၀င်းကို ထိန်းသိမ်းပြီး မဆလနဲ့ နအဖ မသက်ဆိုင်ကြောင်းကို ပြည်သူလူထုသို့ သွယ်ဝိုက်သောနည်းဖြင့် ပြသစေပြီး ၄င်း၏ ပုဂ္ဂလိက အငြိုးအတေးအဖြစ်) သိမ်ငယ်စွာ သေဆုံးစေခဲ့ခြင်း၊

(၂) မဆလကြောင့် တိုင်းပြည် ချောက်ထဲကျဖို့ လက်တစ်လုံးအလိုမှာ သူတို့ ကယ်တင်လို့ တိုင်းပြည် ချမ်းသာရာရပြီး မဆလခေတ်နဲ့ မတူ အံ့မခန်း တိုးတက်လာပါတယ်ဆိုပြီး ၀ါဒဖြန့်ခြင်းများနဲ့ တိုင်းပြည်ရဲ့  ကယ်တင်ရှင်ကြီးအဖြစ် ဖော်ကျူးခဲ့ပါသေးတယ်။ ဒါကြောင့်သူဟာ လူယုတ်မာ တစ်ဦးလို့ သုံးသပ်မိပါတယ်။

ကျွန်တော်တို့လည်း ဒီတော့မှ ဗုဒ္ဓစာပေ ကျမ်းဂန်လာ “ကာလာမသုတ်တော်” မှ “ကာလမ အမျိုးသား” လို့.... အစချီပြီး ဗုဒ္ဓဟောကြားထားတာကို နှလုံးသွင်း ဆင်ခြေမိသလို၊ Senior ကြီးများရဲ့  အောက်ပါ စကားလေးကိုလဲ “ဒီလိုကိုး” လို့ ကိုယ်တိုင် ကိုယ်ကျ သဘောပေါက် လိုက်ရပါတယ်။ အဲဒါကတော့ တပ်မတော်မှာ

"Know Nothing ၊ Do Everything"
"Know Something ၊ Do Something"
"Know Everything ၊ Do Nothing" တဲ့

ဒီထဲက Senior ကြီး တချို့ ကတော့ ဗိုလ်ချုပ်တွေ၊ တိုင်း/ တပ်မမှူးတွေ ဖြစ်နေပြီး မိုးခါး ရေသောက်၊ ဘသားယိမ်းလိုက်၊ ရောယိမ်းလိုက်နဲ့ မချစ်သော်လည်း အောင့်ကာနမ်းနေကြပေမဲ့ ကိုယ်တို့ အတွင်းသိတွေ ကတော့ ပြင်ပက လုပ်ကိုင် ပြောဆို အမိန့်ပေး နေရတာတွေနဲ့ သူတို့ ရင်တွင်း ခံစားချက်၊ အသိက ထပ်တူ ရှိမနေတာကို လုံးဝသိနေပါတယ်။ လူမိုက် အမွေးခံထားရတဲ့ ဗိုလ်ချုပ်မောင်ဦး၊ ဗိုလ်ချုပ် မောင်ဘို တို့လို လူစားတွေကတော့ ရာထူးနေရာ၊ အာဏာအတွက် ဟောက်စား လုပ်စားခဲ့ကြသူတွေဆိုတော့ တစ်မျိုးပေါ့လေ။

ရာထူး၊ အာဏာ၊ ငွေကြေးဟာ လူကို ပြောင်းလဲ ပျက်ဆီးစေနိုင်ပါတယ်။ အာဏာရှင် စနစ်ကြောင့် ပျက်စီး ယိုယွင်းနေတဲ့ မြန်မာနိုင်ငံမှာ ဘာသာရေးတရား အဆုံးအမကောင်းတွေ ရှိနေပေမဲ့ လူတွေရဲ့  လောဘ၊ ဒေါသ၊ မောဟ ပိုများလာကြသလို ရာထူး၊ အာဏာ၊ ငွေကြေးကိုလည်း မက်မောလာနေကြပါတယ်။ တကယ်တော့ လူဟာ လူပါဘဲ။ လူသားပီသစွာ ပြုမှုပြောဆို ဆက်ဆံတတ်ဖို့၊ စဉ်းစားဆင်ခြင်တတ်ဖို့၊ ကြင်နာမှုနဲ့ မေတ္တာတရား ထားရှိကြဖို့ လိုပါတယ်။ တပ်မတော်သားတွေဟာ လူထဲကလူ၊ ပြည်သူထဲက ပြည်သူတွေပါ။ ယူနီဖောင်း ချွတ်သွားရင်၊ ပင်စင်ယူ အနားယူသွားပြီးရင် ပြည်သူထဲက သာမန် ပြည်သူ တစ်ယောက်ပါဘဲ။ သံဝေဂ ယူတတ်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံ တစ်ခုတည်းမှာ ပြည်သူလူထု နဲ့ အပြိုင် တပ်မတော် (စစ်တပ်) ဆိုတဲ့ လူတန်းစား မရှိသင့်ပါဘူး။ မွေးမထုတ်သင့်ပါဘူး။ ပြည်သူလူထု အချင်းချင်းကို ၄င်း၊ ပြည်သူလူထုနဲ့ စစ်တပ်ကို ၄င်း အိုးမဲသုတ် ခွပ်မခိုင်းသင့်ပါဘူး။ ဗိုလ်သန်းရွှေ ရဲ့ လုပ်ဆောင်ချက်တွေဟာ ဒီလမ်းကို သွားနေတယ် ဆိုတာကို တပ်မတော်သားတွေ သိမြင်တတ်ဖို့ လိုပါတယ်။

စစ်အာဏာရှင်တွေနဲ့ စစ်အာဏာရှင် စနစ်ကြီး ပျက်သုဉ်းသွားမှ အသိမြင်တွေ မှန်ကန်လာတာမျိုး၊ ဒီတော့မှ အာဏာရှင် နဲ့ အာဏာရှင် စနစ်ဟာ တို့နဲ့ မဆိုင်ပါဘူး၊ တို့ မသိပါဘူးလို့ ငြင်းဆိုပြောကြားမှာထက် အခုကပင် ဆင်ခြင် နားလည် သိမြင်နေဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အာဏာရှင်တို့ရဲ့  မဖုံးမဖိနိုင် ရက်စက်လွန်းတဲ့ လုပ်ရပ်တွေကို မျက်မြင်ကိုယ်တွေ့ တွေ့နေရလို့ပါဘဲ။

တပ်မတော်ရဲ့  မျိုးဆက်သစ် ညီငယ်တို့ အနေနဲ့ အာဏာရှင်စနစ်ကို ကာကွယ်ပြောကြား နေမဲ့အစား ပြည်သူလူထုကို စစ်မှန်သော ကာကွယ်စောင့်ရှောက်မှု ပေးဖို့ လိုပါတယ်။ “အာဏာရှင်တွေ အာဏာတည်မြဲဖို့ ပြည်သူလူထုနဲ့ တပ်မတော်ကို သွေးခွဲတဲ့” “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” အစား “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” လို့ ပြန်လည် ပြောင်းနိုင်ဖို့ ညီငယ်တို့ တာဝန် ဖြစ်လာပါပြီ။ အာဏာရှင်နဲ့ အာဏာရှင်စနစ်ကို ချစ်မဲ့ တပ်မတော် မျိုးဆက်သစ် အစား၊ ပြည်သူလူထုကို ချစ်မဲ့ ပြည်သူလူထု လိုလားတဲ့ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းကို ချစ်မဲ့ တပ်မတော် ဖြစ်ဖို့ အခြေအနေတွေက တောင်းဆိုနေပါပြီ။ ပြည်သူလူထုကြီးကလည်း ပြည်သူလူထုနဲ့ အမှန်တရားဘက်က ရပ်တည်ပေးလာမဲ့ တပ်မတော်သားများကိုသာ မျှော်လင့်နေကြကြောင်း ကိုယ်တွေ့နဲ့ ယှဉ်ကာ ရေးသားတင်ပြလိုက်ရပါတယ်။

1 comment:

patriotsoldier said...

စာရေးသူ ဗိုလ်အောင်မြင်၏ မြော်မြင်ရည်မှန်းချက်ကို အထူးလေးစားစွာ ထောက်ခံပါသည်။ ကျနော် သည်လည်း စစ်တက္ကသိုလ်မှ ဆင်းသော မျိုးချစ် စစ်သားတယောက် ဖြစ်ပါသည်။ ကျနော်တို့၏ လက်ရှိတပ်မတော်ခေါင်းဆောင်များသည် ကိုယ်ကျိုးရှာ အာဏာသုံးသော ကိုယ်ကျင့်သိက္ခာ မဲ့သည့် စစ်အာဏာရှင်များ ဖြစ်နေသောကြောင့် တပ်မတော် တရပ်လုံးနှင့်ချီ၍ ဂုဏ်သိက္ခာကျဆင်း နေရခြင်းဖြစ်ပါသည်။ ဗိုလ်လောင်း ကျောင်းဆင်းပွဲတွင် မိသားစုလိုက် နေရာယူ ဗိုလ်ကျ စီးပိုးကာ ဗိုလ်လောင်းများနှင့် တပ်မတော် တရပ်လုံးအား စီးပိုးအနိုင်ကျင့် အာဏာပြခြင်းမျိုးအား မည်သည့် စစ်သားကောင်းများမှ လက်ခံမည် မဟုတ်ပါ။ အာဏာရှင်နှင့် စစ်ခေါင်းဆောင် ခွဲခြား သိမြင်ပြီး လူထုအတွက် တပ်မတော်ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း လက်ရှိ စစ်တပ်တွင်းမှ စစ်ခေါင်းဆောင်ငယ်များ သူငယ်ချင်း အရာရှိများနှင့် လေးစားအပ်သော ရဲဘော်စစ်သည်များ အား ပြည်တွင်းမှ စစ်သားဟောင်းများကိုယ်စား နိုးဆော် တိုက်တွန်းပါသည်။

မျိုးချစ် တပ်မတော် အရာရှိဟောင်း တဦး