.

.

.

January 5, 2009

စစ်တပ်နဲ့ စစ်အာဏာရှင် - အပိုင်း(၆)

စစ်အာဏာရှင်ကို တော်လှန်ခြင်းသည် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သည် - အပိုင်း(၆)

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်

ဗိုလ်ချုပ်ခင်ညွှန့် ကိစ္စမှာလည်း ဗိုလ်သန်းရွှေက တမင် ဖန်တီး နိဂုံးချုပ် ပစ်ခဲ့တာ ဖြစ်ပါတယ်။ စွပ်စွဲထားတဲ့ ပြစ်မှုတွေဟာ ဗိုလ်ခင်ညွှန့်မှာ ရှိခဲ့ရင်တောင် ဗိုလ်သန်းရွှေလောက် မကြီးမားပါဘူး။ ရှင်းရှင်းပြောရရင် ဗိုလ်ချုပ်ခင်ညွှန့်ဟာ စစ်တပ်ထဲမှာ နံမည်ပျက်မရှိအောင် မိန်းမ၊ ငွေကြေး၊ အရက်၊ ဖဲ ကင်းကင်းရှင်းရှင်း နေခဲ့တာ နအဖထဲမှာ သူပဲ ရှိတယ်ဆိုရင် မမှားပါဘူး။ ဦးသန်းရွှေ ဇနီး၊ သမီး၊ မြေးတွေ ကတော့ မိန်းမ၊ ငွေကြေး အပါအ၀င် အဂတိ လိုက်စားမှုမှာ ကမ်းကုန်အောင် နာမည်ကြီးသူတွေ ဖြစ်ပါတယ်။

ဒါဟာ စစ်တပ်ထဲက သူတွေက ပိုသိကြပါတယ်။ မယ်တော်၊ သမီးတော် ခေါ်ခိုင်းတာကိုက လွန်လှပါပြီ။ ဗိုလ်သန်းရွှေရဲ့ ထောက်လှမ်းရေး မိသားစု တစ်ခုလုံးကို ဆွေစဉ်မျိုးဆက် နှိပ်ကွပ်ခိုင်းမှုနဲ့ လုပ်ဖေါ်ကိုင်ဖက် အချင်းချင်း ရက်ရက်စက်စက် ချနင်းတာကိုက ကောက်ကျစ်မှု၊ ရက်စက်မှု ကြီးမားတာ ဖြစ်ပါတယ်။ သူ့ရဲ့  အပြစ်ကို ထောက်လှမ်းရေး တပ်ဖွဲ့တစ်ခုထဲပေါ် ပုံချပြီး ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့ပေးခဲ့သလို ပြည်သူလူထုရဲ့  ကယ်တင်ရှင်၊ ထောက်လှမ်းရေးရဲ့  အန္တရာယ်မှ ကယ်တင်သူအဖြစ် ပြည်သူလူထုနဲ့ စစ်တပ် အတွင်း ၀ါဒဖြန့် လုပ်စားခဲ့ပါသေးတယ်။

အဆိုးရွားဆုံး လုပ်ရပ်တစ်ခု ရှိပါသေးတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့  ဂုဏ်ပုဒ် သမိုင်း အစဉ်အလာကို ဖျောက်ဖျက်ပစ်ခြင်း ဖြစ်ပါတယ်။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့  ရိုးသားမှု၊ စွမ်းရည်ထက်မြက်မှု၊ တည်ကြည်ဖြောင့်မတ်မှုနဲ့ သမိုင်းအစဉ်အလာကို ဦးသန်းရွှေဟာ ခြေဖျားတောင် မမှီသူ ဖြစ်ပါတယ်။ စစ်တက္ကသိုလ်မှာလည်း တစ်ချိန်က သင်တန်းသားတွေဟာ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ စာအုပ်ငယ်လေးတွေ ကိုယ်စီကိုင်ရင်းနဲ့ ဗိုလ်ချုပ်ကို အတုယူ အားကျ စံနမူနာ ပြခဲ့တာ ဒီနေ့ တိုင်းမှူး၊ တပ်မမှူး လောက်မှာ ရှိနေတဲ့ အဲဒီစစ်တက္ကသိုလ် ကျောင်းဆင်းများ သိနေပါတယ်။ ဦးသန်းရွှေ လက်ထက်မှာတော့ တပ်မတော်ရဲ့ ဖခင် သမိုင်းကို ပယ်ဖျက်ခံလိုက်ရပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းနေချိန်မှာ လူဖြစ်စ ရှိတဲ့ ဦးသန်းရွှေက အခု ဗိုလ်ချုပ်အောင်ဆန်းကို “ဒီငတိ” လို့ သုံးနှုန်း ပြောဆိုနေတာကိုက ရာဇ၀င် ရိုင်းလှပြီ ဖြစ်ပါတယ်။


နိုင်ငံတကာအလယ်မှာ စစ်တပ်ဟာ လူမိုက်လူရမ်းကားများလို့ အထင်ခံနေရတာ အမှန် ဖြစ်ပါတယ်။ ဒါဟာ စစ်တပ်ရဲ့  စစ်တပ်တာဝန် မဟုတ်တဲ့ အလုပ်ကို လုပ်နေရခြင်းနဲ့ စစ်တပ်ကို ချုပ်ကိုင်အသုံးချနေတဲ့ လူ့အန္ဓ ဗိုလ်ချုပ်မှူးကြီး လုပ်သူရဲ့  ခိုင်းစေမှုကြောင့် ဖြစ်ပါတယ်။ စစ်တပ်ကို စစ်ခေါင်းဆောင်က အုပ်ချုပ်မှုဟာ သဘာဝကျပေမဲ့ သဘာဝမကျတဲ့ အုပ်ချုပ်မှုကို လုပ်တဲ့ စစ်ခေါင်းဆောင်ကိုတော့ ဖယ်ရှားကြရမှာပါ။ ဒါဟာလည်း ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေနဲ့ ပြည်သူလူထုရဲ့  အာဏာ ပြည်သူလူထု လက်ထဲမှာရှိပြီး၊ ပြည်သူလူထုက အုပ်ချုပ်တဲ့ စနစ်နဲ့မှသာ ဖြစ်နိုင်ပါလိမ့်မယ်။ နိုင်ငံတော် အကြီးအကဲဆိုတာ ပြည်သူလူထု တစ်ရပ်လုံးက ရွေးချယ်တဲ့ ပုဂ္ဂိုလ် ဖြစ်ရပါလိမ့်မယ်။

တကယ်တော့ နိုင်ငံတော် အကြီးအကဲ ဆိုတာဟာ မည်သည့် ဖွဲ့စည်းပုံမှာမှ မရှိဘဲ နိုင်ငံတော် သမ္မတ ၀န်ကြီးချုပ် ဆိုတာဘဲ ဖြစ်သင့်ပြီး အာဏာကို ဆက်လက်ချူပ်ကိုင်ချင်တဲ့ အနေအထားမို့ တီထွင်ထားခြင်း ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်မို့ နိုင်ငံတော် အကြီးအကဲ ဖြစ်ရမယ်ဆိုတာဟာလည်း မမှန်ကန်တဲ့ အတွေးအခေါ် ဖြစ်ပြီး တပ်မတော်သည် နိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍမှာ ပါဝင်ရမည် ဆိုတာဟာ စစ်တပ်ကို နာမည်ပြပြီး စစ်ခေါင်းဆောင်ဆိုသူတွေက လုပ်စားနိုင်ဖို့ ရည်ရွယ်ချက် သက်သက်သာ ဖြစ်ပါတယ်။ တပ်မတော်သား အားလုံးကလည်း ပါဝင်နိုင်တာ မဟုတ်တဲ့အပြင် အခြေခံဥပဒေကိစ္စ အောက်ခြေ ရဲဘော် အထိ အသေးစိတ် ရှင်းလင်းမှု မပြုတာလည်း သေချာပါတယ်။ တပ်မတော်သားတွေကို နားလှည့်ပါးရိုက်တာမို့ စစ်သားစိတ် သက်သက်၊ တပ်ဖွဲ့စိတ်သက်သက်နဲ့ နားမယောင်မိကြဖို့ လိုပါတယ်။ ပါဝင်ချင်ရင်တောင်မှ ကိုယ့်ဘာသာကိုယ် ၀င်ပါလို့ ရတာမျိုး မဟုတ်ပဲ ပြည်သူလူထုရဲ့  ကြည်ဖြူလိုလားစွာခွင့်ပြုမှုအပေါ်သာ မူတည်ရမှာ ဖြစ်တာမို့ စစ်အာဏာရှင်ရဲ့  လှည့်ကွက်ကို သိမြင်ကြဖို့ လိုအပ်လှပါတယ်။ ပြည်သူလူထုနဲ့ နိုင်ငံတော် ကြီးပွား တိုးတက်ဖွံ့ဖြိုးမှ တပ်မတော်လည်း ကြီးပွားတိုးတက် အောင်မြင်နိုင်ပါမယ်။ ဒါကြောင့် ပြည်သူ့ဆန္ဒကို လေးစားပြီး ပြည်သူ့ဆန္ဒနဲ့အညီ ဖြည့်ဆည်းပေးကြသင့်ပါတယ်။


စစ်တပ် အသိုင်းအ၀ိုင်း တစ်ခုတည်း တိုးတက်ကြီးပွားလို့ တိုင်းပြည်နဲ့ လူမျိုး မတိုးတက် မကြီးပွားနိုင်သလို စစ်တပ်အနေနဲ့ လှေကြီး လှေငယ် ဆင့်ချင်လို့ မရနိုင်တာကြောင့် “ပြည်သူလူထုသာ အဓိက၊ ပြည်သူလူထု သာ ပဓာန” ဖြစ်ပါတယ်။ ပြည်သူလူထုထဲမှာ တပ်မတော်သားများရဲ့  မိဘ၊ ညီကို မောင်နှမ၊ ဆွေမျိုးသားချင်း မိတ်ဆွေသူငယ်ချင်းတွေ ရှိကြပါတယ်။ သူတို့ရဲ့  တွေ့ကြုံခံစားနေရတာတွေ နားလည်ပေး ကြည့်ပါ။ တပ်မတော်သားဆိုတာ ပြည်သူလူထု ထဲကလာတာပါ။ ပြည်သူနဲ့ ခွဲခြားမရပါ။ ခွဲခြားရတာကတော့ တပ်မတော်၊ တပ်မတော် ခေါင်းဆောင် စစ်စစ်နဲ့ တပ်မတော် ယူနီဖောင်းဝတ် အာဏာရှင်သာ ဖြစ်ပါတယ်။

ဒါကြောင့် ဆိုးရွားယုတ်မာတဲ့ တိုင်းဖျက် ပြည်ဖျက် ယူနီဖောင်းဝတ် အာဏာရှင်များကို ပြည်သူလူထုနဲ့ လက်တွဲ တိုက်ထုတ်ဖို့ တင်ပြရင်း ဒီဆောင်းပါးတွဲကို နိဂုံးချူပ်လိုက်ရပါတယ်။နောက်တစ်ပတ်မှာတော့ ဒီမိုကရေစီနဲ့ တပ်မတော် ဆောင်းပါးတွဲကို ဆက်လက် တင်ပြပါမယ်။

2 comments:

Nanda said...

Please keep writing U Kyaw Kyaw Khaing. We are looking forward to reading yours!

Anonymous said...

ကျွန်တော်လည်း အားပေးပါတယ်။ ဆောင်းပါးတွေဟာ Contribution ဖြစ်ပါတယ်။