.

.

.

January 11, 2009

ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအပ်နေတဲ့ ဒီမိုကရေစီ - အပိုင်း(၁)

ဒီမိုကရေစီနဲ့ တပ်မတော် - အပိုင်း(၁)

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်

စည်းလုံးခြင်းရဲ့  အင်အား ဘာလောဂ်ရဲ့  ပင်တိုင် ဆောင်းပါးရှင် ဗိုလ်မှူးကျော်ကျော်ခိုင်ရဲ့  “ဒီမိုကရေစီနဲ့ တပ်မတော်” ဆောင်းပါးတွဲကြီးကို ကျွန်တော် ကိုဖိုးတရုတ်မှ စာဖတ်သူများ လေ့လာနိုင်ရန် ဒီအပတ်မှစပြီး တင်ပြပေးသွားပါမယ်။ ဒီဆောင်းပါးတွဲကို အပတ်စဉ် အခန်းဆက် (၂) ရက် ဆက်တိုက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးတွဲကြီးရဲ့  ပထမပိုင်း အခန်း(၂) ခန်းကို ကောက်နှုတ်တင်ပြရမယ် ဆိုရင် စစ်အာဏာရှင်တွေဟာ တပ်မတော်သားတွေ အနေနဲ့ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေး အနှစ်သာရများ သိရှိ သွားမှာ အလွန် စိုးရိမ်ထိထ်လန့်နေပုံတွေ၊ အဲဒီ အနှစ်သာရများ မသိရှိနိုင်စေရေး အတွက် ပိတ်ဆို့ ဟန့်တားပုံတွေ၊ ၀ါဒဖြန့် စိတ်ဓာတ် စစ်ဆင်ရေး ဆောင်ရွက်ပုံတွေ၊ ဒီမိုကရေစီ ရရင်ဘဲ တိုင်းပြည် ပြိုကွဲသွားနိုင် သယောင် အဖျက်အမှောင့် လုပ်ထားပုံတွေကို တင်ပြထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ယခုလို ပေးပို့လာတဲ့ ဆောင်းပါးရှင် ဗိုလ်မှူးကျော်ကျော်ခိုင်အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူး တင်ရှိပါတယ် ခင်ဗျား။

ကျွန်တော်တို့ မြန်မာ့တပ်မတော်ကြီးတွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေး စသော အသံများကို ကြားရမှာ ကြောက်ကြသည်၊ မုန်းသည်။ ထိုသို့သော စကားလုံးများကို မကြားချင်။ သို့သော် ထို Democracy နဲ့ Human Rights အဓိပ္ပာယ်ကို သေချာ မသိသလို ခံလည်း မခံစားဖူးရပေ။ “ဟင်း၏ အရသာကိုဇွန်းမသိ”သကဲ့သို့ပင်။

ဒီမိုကရေစီ ဆိုတာနဲ့ပတ်သက်ပြီး အနောက်နိုင်ငံများက မြန်မာနိုင်ငံကို “၁၈ရာစု” ကဲ့သို့ နယ်ချဲ့ ချင် ၍ နယ်ချဲ့လက်သစ် ၀ါဒီများ ပစ်လွှတ်လိုက်သော စကားလုံးဟူ၍သာ နားလည်သည်။ ဒီကနေ့ တပ်မတော်ထဲက မျိုးဆက်သစ် အရာရှိ/ စစ်သည်များ မပြောနှင့် ယနေ့ တပ်မမှူး Level၊ မဆလခေတ်မွေး အရာရှိများပင် သေချာနားမလည်။ သေချာစွာ နားလည်ရန်လည်း မစူးစမ်းကြချေ။


ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့ကို စူးစမ်းလေ့လာ နားလည်ဖို့ ကြိုးစားလေ့လာသူများရဲ့  အခွင့်အလမ်းကိုလည်း ပိတ်ဆို့ထားသည်။ တပ်မတော်အတွင်း၌ BBC၊ VOA၊ RFA၊ DVB အသံလွှင့်ဌာနများမှ ထုတ်လွှင့်သည့် ရေဒီယို နားထောင်သူများကိုလည်း ရှုတ်ချပိတ်ပင်၊ တားမြစ်ထားသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၏ အရသာကို ခံစားဖူး ကြသူများ မဟုတ်ကြသော်လည်း ဒီမိုကရေစီတော့ လာမပြောနဲ့ ရန်သူ ဖြစ်သွားမည်။ ဘာကြောင့် ဒီလို ဖြစ်နေရသလဲဟု ဆင်ခြင် သုံးသပ်မိသည်။ ယနေ့ ကိုယ့်ကိုကိုယ် နိုင်ငံတော် အကြီးအကဲဟု ဆိုသူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် လုပ်သူ ဗိုလ်သန်းရွှေ၏ လက်ချက်ပင် ဖြစ်ပါသည်။ ၄င်းသည် ယခင် စိတ်ဓာတ် စစ်ဆင်ရေး အရာရှိ (Psychological Warfare Officer) လုပ်ခဲ့ဖူးသည်။ ဒါပေမဲ့ ထက်ထက်မြက်မြက်တော့ မရှိ။ အတွေ့အကြုံ တော့ ရှိသည်။ ၄င်း အာဏာရှင် ဖြစ်စ အစွယ်မထွက်သေး၍ ဘီလူးမှန်း မသိကြသေး။ တပ်မတော် အတွင်း၌ပင် ပြည်သူသို့ အာဏာ ပြန်လွှဲပေးမည်ဟု ယုံကြည်ဆဲ ရှိကြသည်။

စိတ်ဓာတ်စစ်ဆင်ရေး ပညာ (Psy-War) ၌ အလွန်တော်သူ ပြန်ကြားရေး ဒုဝန်ကြီး လုပ်ခဲ့တဲ့ ဗိုလ်မှူးကြီး(ဟောင်း) သိန်းစိန် နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကျော်ဆန်း တို့ကို တာဝန်ပေး၍ စိတ်ဓာတ် စစ်ဆင်ရေး အကြီးအကျယ် လုပ်ခဲ့ကြသည်။ တပ်မတော် အတွင်း၌ Psy-War နည်းပြအဆင့် သင်တန်းနှင့် တိုင်းအဆင့် တိုက်ပွဲဝင် စည်းရုံးရေး မွမ်းမံသင်တန်းများ ဖွင့်၍ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ခဲ့ကြသလို ကကပြည်ဌာန ဖွဲ့စည်းပုံကို စိတ်ဓာတ်စစ်ဆင်ရေး စကားလုံး ဖြည့်စွက် တိုးချဲ့ ပြီး ရုပ်မြင်သံကြား ဇာတ်လမ်းများ၌ ဒီမိုကရေစီ ဆန့်ကျင်ရေး ဇာတ်လမ်းများ ရိုက်ကူးကာ ၀ါဒဖြန့်သည်။ သတင်းစာစောင်များ၌ နာမည်ဝှက်များဖြင့် ရေးသားဝါဒ ဖြန့်ကြသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ အဖွဲ့အစည်းများကို ကာတွန်းရုပ်ပြောင်များဖြင့် သရော်လှောင်ပြောင် ထည့်ကြသည်။ အမေရိကန် သံရုံးရှေ့ တွင် ပြည်ပအားကိုး ပုဆိန်ရိုး ၊ ပြည်တွင်းရေးကို စွက်ဖက်တဲ့ ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ ဆိုတဲ့ ခြိမ်းခြောက်သယောင် စာသားများပါဝင်သော ဆိုင်းဘုတ်များ “ပေါ်တင်” ထောင်ကြသည်။ စစ်အာဏာရှင်တို့သည် ဒီမိုကရေစီ ဆိုသည်ကို ရုပ်ဆိုးအောင် ကြောက်လန့်ဖွယ် ဖြစ်အောင် တင်ပြ ၀ါဒဖြန့်ခဲ့ကြရာ အတော်ထိရောက်မှု ရှိခဲ့သည်။ ဗရုတ်သုက္ခ ဒီမိုကရေစီ၊ ဇောက်ထိုးမိုးမျှော် ဒီမိုကရေစီဟု အပုတ်ချ နာမည်တပ်ပစ်လိုက်ကြသည်။

ဒီမိုကရေစီ ရရင်ဘဲ ပြည်ထောင်စု ပြိုကွဲမယောင်၊ ဖယ်ဒရယ် ကိုင်ရင်ဘဲ ခွဲထွက် တိုင်းရင်းသားများ ရှိသလို ဖန်တီးပေးကြသည်။ နဂိုကမှ မဆလခေတ်၌ မွေး၍ မဆလ၀ါဒဖြန့်မှု အောက်၌သာ ကြီးပြင်းခဲ့ကြပြီး နိုင်ငံရေး အမြင်လုံးဝ ရှင်သန်ခွင့်မရှိသူများကို ဒီမိုကရေစီ အဓိပ္ပာယ်၊ အနှစ်သာရများအား စူးစမ်းလေ့လာခွင့်မရှိစေပဲ အဆိုးမြင် ဆန့်ကျင်ဘက် ရှုထောင့်မှ သွတ်သွင်းခဲ့ကြသည်။ “သူရဲဆိုတာ ဘာမှန်း မသိမမြင်ဖူးသော လူကြီးတစ်ဦးက ကလေးငယ်ကို သူရဲကြီးဆိုပြီး ခြောက်လှန့် ထားခြင်း” နှင့် တူပေတော့သည်။

ထိုအခါ တပ်မတော်သားများသည် စစ်အာဏာရှင်ကြီးများ အပင်း သွင်း ဆေးထိုးထားတဲ့ အပင်ကို စားကောင်း သောက်ဖွယ်ထင်၍ မစူးစမ်းတော့ပဲ သဒ္ဓါစိတ်သက်သက်ဖြင့် စားမိကြသည်။ ဒီမိုကရေစီကို ငါတို့အတွင်းကျကျ သိရန်မလို (သိဖို့လဲ မကြိုးစား)၊ ဒီမိုကရေစီ ဆိုတာ မကောင်းဆိုးပါး၊ တို့နိုင်ငံအတွက် လုံးဝ မသင့်တော်၊ နယ်ချဲ့များ၏ နယ်ချဲ့ ရန် စကားလုံး၊ ဒီမိုကရေစီ အော်သူ ဒို့ရန်သူ ဟုမှားယွင်းစွာ ထင်မြင်လာကြတော့ရာ ဒီမိုကရေစီ တောင်းဆိုသူ ပြည်သူလူထုနှင့် တပ်မတော်တို့ အမြင်မတူရာမှ ဆန့်ကျင်ဘက် ဖြစ်လာကြသည်။ ထို့အပြင် တပ်ဖွဲ့စိတ် နှင့် ပေါင်းမိသောအခါ တပ်မတော်သည် ဒီမိုကရေစီ ဆန့်ကျင်ရေး အင်အားစုများ ဖြစ်သွားတော့သည်။

No comments: