.

.

.

February 10, 2009

ဦးကျော်သူ နိုင်ငံခြားရေး ဒုဝန်ကြီးရာထူးက ဘာကြောင့် ပြုတ်

ဆောင်းပါးရှင် - ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်အောင်မြင် (ခေတ်ပြိုင် ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြ ပါသည်။)

နိုင်ငံခြားရေး ဒု-၀န်ကြီးဟောင်း ဦးကျော်သူဟာ ယခင်သမ္မတဟောင်း ဒေါက်တာ မောင်မောင်ရဲ့ သားဖြစ်ကာ DSA အပတ်စဉ် (၁၃) မှ ကျောင်းဆင်းခဲ့ပြီး စစ်ဆင်ရေးမှာလည်း ထူးချွန်ခဲ့သူတဦး ဖြစ်ပါတယ်။ ဒေါက်တာ မောင်မောင်က သူ့ရဲ့သားကို ဂုဏ်ပြုတဲ့အနေနဲ့ “သားမောင်စစ်သည်” ဆိုတဲ့ စာအုပ် ရေးသားထုတ်ဝေခဲ့လို့ အဲဒီခေတ်ကာလက လူငယ်များ စိတ်ဝင်စားစရာ စာအုပ်တအုပ် ဖြစ်ခဲ့ပါတယ်။ အဲဒီ ခေတ်ကလည်း စစ်တပ်အပေါ် ပြည်သူ လူထုက အခုချိန်လောက် နာကြည်းမှု မရှိသေးတဲ့အချိန် ဖြစ်ပါတယ်။

အဲဒီနောက် ဗိုလ်ကျော်သူဟာ အဆင့်ဆင့် ရာထူးတက်ကာ တပ်မ (၂၂) ရဲ့ တပ်မမှူး ရာထူး ဖြင့် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဦးကျော်သူဟာ တပ်မမှူးရာထူးနဲ့ ဗိုလ်မှူးချုပ် အပွင့်မတင်ရ သေးဘဲ ဗိုလ်မှူးကြီး ဘ၀ဖြင့် ရှိနေစဉ်မှာပင် ယခင် ရတခ တိုင်းမှူး ဗိုလ်မှူးချုပ် မြင့်အောင်နဲ့ စစ်ဆင်ရေးကိစ္စတခုအပေါ် စပ်လျဉ်းပြီး စကားများကြကာ တဦးနဲ့တဦး ထိုးကြိတ်တဲ့အထိ ပြဿနာ အကြီးအကျယ် တက်ခဲ့ပါတယ်။

သူ့ရဲ့တပ်မ (၂၂) ဟာ ရှေ့တန်းမှာ အကျအဆုံး ဒဏ်ရာရသူများပြီး အထိနာနေရာ ရတခ တိုင်းမှူး ဗိုလ်မှူးချုပ် မြင့်အောင်ကလည်း မညှာမတာ လက်အောက်ကို ဖိနှိပ် ညစ်ပတ်နေလို့ မခံမရပ်နိုင် ဖြစ်ကာ အမှန်တရားကို ရဲတင်းစွာ ပြန်ပြောရဲတဲ့ တပ်မမှူး ဗိုလ်ကျော်သူရဲ့ စိတ်ဓာတ်ကြောင့် တိုင်းမှူးနဲ့ တပ်မမှူးတို့ ထိုးကြိတ်ကြတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဗိုလ်ကျော်သူဟာ ဗိုလ်မှူးချုပ်ပင် မဖြစ်တော့ဘဲ ရာထူးပြုတ်ကာ တောင်အာဖရိက ဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် လွင့်သွားခဲ့ပါတယ်။ အဲဒီနောက် ဦးလင်းမြိုင်ကို ပြင်သစ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်မှ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်လည်းကောင်း၊ ဦးကျော်သူကို ပြင်သစ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် လည်းကောင်း ပြောင်းရွှေ့  တာဝန်ပေးဖို့ နအဖက စီစဉ်ခဲ့ပါတယ်။ ပြင်သစ် နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးဟောင်း ဖြစ်ခဲ့တဲ့ ဦးလင်းမြိုင်ဟာ သံတမန် လုပ်ထုံးလုပ်နည်းအရ သံအမတ်သစ်ရဲ့ ကိုယ်ရေးရာဇ၀င် အကျဉ်းချုပ်ကို ပြင်သစ်အစိုးရထံ တင်ပြလိုက်တဲ့အခါ ဦးကျော်သူရဲ့ မူရင်းရာထူး ဖြစ်ကြတဲ့ တပ်မမှူး၊ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး အဆင့်လို့ အတိအကျ ရေးလိုက်လို့ ပြင်သစ်အစိုးရက လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ကိုယ်ရေးရာဇ၀င်ကို ကာကွယ်ရေး ၀န်ကြီးဌာနမှာ လုပ်တယ်လို့ပဲ ရေးသားတင်ပြရမှာ ဖြစ်တယ်။

အဲဒီလို ပယ်ချခံရပြီးတဲ့နောက် ဦးကျော်သူဟာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်သာ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခဲ့ရ ပါတော့တယ်။ အဲဒီအချိန်မှာ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ တပည့်များဖြစ်ကြတဲ့ ထောက်လှမ်းရေးမှ ဦးဝင်းအောင်က ၀န်ကြီး၊ ဦးခင်မောင်ဝင်းက ဒု-၀န်ကြီးအဖြစ် နေရာယူ ထားတာကြောင့် အာဏာချိန်ခွင်လျှာ ညှိတဲ့အနေနဲ့ ဗိုလ်သန်းရွှေက ဦးကျော်သူကို ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး အဖြစ် ခန့်အပ်လိုက်ပါတယ်။

အဲဒီနောက် နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်နဲ့ ဒု-၀န်ကြီး ဦးခင်မောင်ဝင်းတို့ ပြုတ်သွားချိန် မှာ ဦးကျော်သူဟာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လိမ့်မယ်လို့ မျှော်မှန်းထားပေမယ့်လည်း မှန်းချက်နဲ့ နှမ်းထွက် မကိုက်ကာ ဗိုလ်ချုပ် ဥာဏ်ဝင်းအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် အစားထိုး ခန့်အပ်လိုက်တာကို တွေ့ရပါတယ်။

အမှန်တကယ်တော့ ဗိုလ်ဥာဏ်ဝင်းဟာ DSA အပတ်စဉ် (၁၅) က ဖြစ်ပြီး တပ်ချုပ် ဗိုလ်သန်းရွှေရဲ့  တပည့်ကျော် အိတ်ဆွဲ ဗိုလ်မြင့်ဆွေ (ယခု ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး) နဲ့ တပတ်စဉ်တည်း ဖြစ်လို့ ဗိုလ်မြင့်ဆွေရဲ့ ထောက်ခံချက်အရ စိုင်ကော်လို့ ချုံပေါ် ရောက်လာခြင်း ဖြစ်ပါတယ်။ လက်ညှိုးထောင် ခေါင်းညိတ်၊ စိုင်ကောင်ကြီး ဗိုလ်ဥာဏ်ဝင်းဟာ အင်္ဂလိပ်စာ မကျွမ်းကျင်လို့ အာဆီယံ အစည်းအဝေးမှာ “ဟား” ခံရတာမို့ အင်္ဂလိပ်စာ ကျွမ်းကျင်လှပြီး သံခင်း တမန်ခင်း အရည်ကျို သောက်ထားတဲ့ စီနီယာ ဖြစ်သူ ဗိုလ်ကျော်သူ အနေနဲ့ အထက်အောက် တွဲလုပ်ရာမှာ ကသိကအောက်တွေဖြစ်ကာ မကြာခဏ ထိပ်တိုက် တွေ့နေတယ်လို့ သိရပါတယ်။

ယခုအခါ ပြန်ကြားရေးဝန်ကြီး ဗိုလ်ကျော်ဆန်းက နာဂစ်မုန်တိုင်းသင့်ဒေသရှိ ပြည်သူတွေ နဂိုအခြေအနေ ပြန်ရောက်ပြီလို့ ဂမ်ဘာရီကို ပြောလိုက်ပေမယ့် ဒီနေ့ပဲ နာဂစ်ဆိုင်ကလုန်း လေဘေး ကယ်ဆယ်ရေး လုပ်ငန်း လုပ်ဆောင်ရန် ဖွဲ့စည်းထားသော သုံးပွင့်ဆိုင် ကယ်ဆယ်ရေးအဖွဲ့ အစည်းအဝေးတက်ဖို့ ဗိုလ်ကျော်သူဟာ ဘန်ကောက်ကို (၆-၂-၂၀၀၉) ရက်နေ့မှာ သွားနေကြောင်း သိရှိရပါတယ်။ အဲဒီအဖွဲ့မှာ လူမှုဝန်ထမ်း ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးအောင်ထွန်းခိုင်လည်း အဖွဲ့ဝင်တဦးအနေနဲ့ ပါဝင်ပါတယ်။ ဗိုလ်မှူးအောင်ထွန်းခိုင်ဟာ ယခင် ဗိုလ်ချုပ်ခင်ညွန့် လက်ထက် ထောက်လှမ်းရေး (၁၄) မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်ခွဲမှူး ဗိုလ်မှူး (ဗိုလ်ကြီး) တဆင့်မြင့် ရာထူးဖြင့် ရှေ့တန်း ခြေလျင်တပ်သို့ ဆင်းသွားရာမှ ထောက်လှမ်းရေးသို့ ပြန်မလာတော့ဘဲ လူမှုဝန်ထမ်းဝန်ကြီး ဌာနကို ညွှန်မှူး ရာထူးဖြင့် ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်တယ်။

ဗိုလ်ကျော်သူဟာ လုပ်သင့်လုပ်ထိုက်တဲ့ သုံးပွင့်ဆိုင် ကယ်ဆယ်ရေးအဖွဲ့ရဲ့ လုပ်ငန်း တာဝန်တွေကို လုပ်ခဲ့ရာမှာ တချို့ကိစ္စတွေကို အချိန်နဲ့တပြေးညီ လုပ်ရတာရယ်၊ UN နဲ့ အာဆီယံတို့ရဲ့ လိုလားချက်တွေကိုလည်း လိုက်လျော ညီထွေ လုပ်ဆောင်ပေးရတာ ရယ်ကြောင့် တခါတရံ အထက်ကို မတင်ပြမိဘဲ မိမိကိုယ်မိမိ ယုံကြည်စိတ်နဲ့ ရဲရဲတင်းတင်း Raise ယူပြီး လုပ်ခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့က အာဏာရှင် ပီသစွာ လုပ်ပိုင်ခွင့်ကို ချုပ်ကိုင်ပြီး တချို့ကိစ္စတွေမှာ သူတို့ မသိလိုက်ရတာမို့ အစာမကြေတာရယ်၊ အခါတော်ပေး အပါးတော်မြဲ ဗိုလ်မြင့်ဆွေနဲ့ လက်ညှိုးထောင် ခေါင်းညိတ် ဗိုလ်ဥာဏ်ဝင်း တို့ရဲ့ စနက်တွေရယ်ကြောင့် နိုင်ငံခြားရေး ဒု-၀န်ကြီးမှ ရွှေ့သွား ရတယ်လို့ ယူဆမိပါတယ်။ အခုအခါမှာတော့ သူ့ကို သုံးပွင့်ဆိုင် ကယ်ဆယ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌနေရာမှ မရွှေ့သေးဘဲ ဟန်ပြတော့ မှေးထားသေးကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။

No comments: