.

.

.

February 4, 2009

နိုင်ငံပြု ပညာ - အပိုင်း(၄)

ဆောင်းပါးရှင် - မိုးသန်

စံပယ်ဖြူ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ စာရေးဆရာ မိုးသန် ဘာသာပြန် ရေးဖွဲ့ထားသော နိုင်ငံပြုပညာ အပိုင်း (၁) (၂) နဲ့ (၃) ကို စည်းလုံးခြင်းရဲ့  အင်အား ဘာလောဂ်မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် ဖတ်ရှုချင်တယ်ဆိုရင် အစိမ်း ရောင် ဂဏန်းတွေပေါ် နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။ ယခု ဆက်လက်ပြီး နိုင်ငံပြုပညာ ဆောင်းပါး အပိုင်း(၄)ကို ဆက်လက် ဖော်ပြ ပေးလိုက်ပါတယ်။ စာဖတ်ပရိသတ်များ အားလုံး နိုင်ငံရေးအမြင် ရှင်သန်ကျယ်ပြန့် နိုင်ပါစေ။

ဤ စာစုတွင် နိုင်ငံရေး နှိုင်းယှဉ် လေ့လာမှုနှင့် ပတ်သက်သော ရည်ရွယ်ချက်များ၊ အခက်အခဲများနှင့် ထို အခက်အခဲများကို ကျော်လွှားနိုင်ရန် အသုံးပြုနိုင်သည့် နည်းလမ်းများကို တင်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေး နှိုင်းယှဉ်သုံးသပ်မှု ပြုရာတွင် အရေးကြီးဆုံး အခြေခံ လိုအပ်ချက်မှာ မိမိလေ့လာ သုံးသပ်မည့် အကြောင်းအရာ၊ တစ်နည်းအားဖြင့် နိုင်ငံရေး လောကများ (Political Worlds) ကို အဓိပ္ပာယ် ဖွင့်ဆိုနိုင်ရေးပင် ဖြစ်သည်။ တချို့ က ပုဂ္ဂိလက လူသားတစ်ဦးချင်းသည် ကိုယ်ပိုင် နိုင်ငံရေးဆိုင်ရာ သိမြင် နားလည်မှု၊ နိုင်ငံရေး ရည်ရွယ်ချက် ရှိနိုင်မှု၊ ပါဝါ တည်ဆောက်ရာတွင် ပါဝင်နိုင်မှု စသည့် သီးခြားလက္ခဏာ များ ရှိသဖြင့် ထိုလူတစ်ဦးချင်းကိုပင် နိုင်ငံရေး လောကတစ်ခု ဖြစ်သည်ဟု ယူဆကြသည်။ တချို့ ကလည်း ဘီယာဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စူပါမားကတ်များ စသည်တို့တွင် နိုင်ငံရေးအရ အရေးပါသော စုစည်းမှုများ ရှိနိုင်သဖြင့် ထိုနေရာများကို နိုင်ငံရေးလောကများအဖြစ် သတ်မှတ်လိုကြသည်။

ထို့ပြင် နိုင်ငံအတည်တကျ မရှိဘဲ ရွှေ့ ပြောင်းနေထိုင်နေကြရသော (ဥပမာ - Kurds ကာ့ဒ်လူမျိုးများ) ကဲ့သို့ လူမျိုးစုများကိုလည်း ရွေ့ လျား နိုင်ငံရေး လောကများအဖြစ် ရှုမြင်လိုကြသည်။ ထိုသို့ မတူ ကွဲပြားသော ယူဆချက်များ ရှိနေသော်လည်း နိုင်ငံရေး သိပံ္ပ ပညာ၏ နိုင်ငံရေး နှိုင်းယှဉ် သုံးသပ်မှု နယ်ပယ်တွင်မှု အခြေတကျ တည်ရှိနေသော အချုပ်အခြာ အာဏာပိုင် နိုင်ငံများကိုသာ နိုင်ငံရေး လောကအဖြစ် အဓိပ္ပာယ် ဖွင့်ဆိုသည်။ ယနေ့ ကမ္ဘာပေါ်တွင် သီးခြားလွတ်လပ်သော နိုင်ငံပေါင်း (၂၀၀) ခန့်ရှိရာ နိုင်ငံရေး သိပံ္ပ ပညာရှင်များသည် ထို နိုင်ငံပေါင်း (၂၀၀) ခန့်ကို နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု နယ်ပယ်၏ လေ့လာမှု အခြေခံ ယူနစ်များအဖြစ် သတ်မှတ်ကြသည်။ ထိုသို့ သတ်မှတ်၍ လေ့လာကြရာတွင် နိုင်ငံများ ကျင့်သုံးသော နိုင်ငံရေး စနစ်များ၊ ထိုစနစ်များကို အကောင်အထည် ဖော်လျက်ရှိသော နိုင်ငံရေး ပါတီများ၊ ရွေးကောက်ပွဲ စနစ်များ စသည်တို့ကို နှိုင်းယှဉ်လေ့လာကြသလို တိတိကျကျ လက်ဆုပ်လက်ကိုင် ပြ၍ မရသော နိုင်ငံရေး ယဉ်ကျေးမှု များကိုလည်း စူးစမ်းလေ့လာလေ့ ရှိကြသည်။

နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု၏ ရည်ရွယ်ချက်များ

နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု ပြုခြင်းဖြင့် ရှုပ်ထွေးပွေလီလှသော နိုင်ငံရေးအခြေအနေများ၊ ဖြစ်စဉ်များကို ရှင်းလင်းလွယ်ကူစွာ သိမြင်လာနိုင်စေသလို ထိုဖြစ်စဉ်များကို ပိုမို၍ စနစ်တကျ စီမံခန့်ခွဲနိုင်မည် ဖြစ်သည်။ ဥပမာ - နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု ပြုရန်အတွက် နိုင်ငံ (၁၀) နိုင်ငံကို စိတ်ထဲ ပေါ်လာသည့် အတိုင်း ချရေးကြည့်သည် ဆိုပါစို့။

Angola, Australia, China, France, Ghana, Great Britain, Japan, Luxembourg, United States, Venezuela.. နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု အမြင်ဖြင့် ကြည့်လျှင် အင်္ဂလိပ် ဗျည်းစာလုံး A ဖြင့် စသော နိုင်ငံ (၂) နိုင်ငံကို တွေ့ရမည် ဖြစ်ပြီး G နှင့်စသော နိုင်ငံ (၂) နှစ်နိုင်ငံကို တွေ့ရမည် ဖြစ်သည်။ ကျန်နိုင်ငံများမှာ A သို့မဟုတ် G အဖြစ် စသော နိုင်ငံများ မဟုတ်ကြပေ။ နိုင်ငံ (၁၀) နိုင်ငံကို စိတ်ထဲ ပေါ်သည့်အတိုင်း ချရေးထားသည့် အခြေအနေကို သီးခြား (၁၀)နိုင်ငံ အဖြစ်သာ မြင်ရမည် ဖြစ်သော်လည်း နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု အမြင်အရ ခွဲခြမ်းစိတ်ဖြာလိုက်ပါက A နှင့်စသော နိုင်ငံ (၂) ခုကို တစ်အုပ်စု၊ G နှင့်စသော နိုင်ငံ (၂) ခုကို တစ်အုပ်စု၊ A (သို့မဟုတ်) G ဖြင့် မစသော နိုင်ငံများကို တစ်အုပ်စု စသည်ဖြင့် ခွဲခြားနိုင်သည်။ သီးခြားစီရှိသော (၁၀) နိုင်ငံကို မျိုးတူ အုပ်စု (၃) အုပ်စု ဖွဲ့ပေးနိုင်ခြင်းဖြင့် လေ့လာရာတွင် ပိုမိုရှင်းလင်း လာစေခြင်းပင် ဖြစ်သည်။ နိုင်ငံရေး သိပံ္ပ ပညာရှင်များသည် အင်အားကြီးသော၊ အင်အားနည်းသော၊ ချမ်းသာသော၊ ဆင်းရဲသော၊ တည်ငြိမ်မှု ရှိသော၊ တည်ငြိမ်မှု မရှိသော နိုင်ငံတစ်ခုချင်းစီ၏ ၀ိသေသ လက္ခဏာများကို တူရာချင်း စုစည်းပြီး မျိုးတူ အုပ်စုများ ဖွဲ့၍ လေ့လာကြသည်။

ထိုသို့ ပိုမိုရှင်းလင်း လွယ်ကူစေရန် လေ့လာမှု ပြုခြင်းသည် နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု၏ ပထမဆုံး ရည်ရွယ်ချက် ဖြစ်ပေသည်။ မည်သည့် ကိစ္စအတွက် နှိုင်းယှဉ်မှု ပြုသည် ဖြစ်စေ၊ အနည်းဆုံး မတူညီသော အရာဝတ္ထု နှစ်မျိုး ရှိရန် လိုအပ်သည်။ ထို့အတူ နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု ပြုရာတွင်လည်း အနည်းဆုံး မတူညီသော နိုင်ငံ (၂) ခု ရှိရမည် ဖြစ်သည်။ သို့မဟုတ် နိုင်ငံ တစ်နိုင်ငံတည်းကို လေ့လာမည် ဆိုပါက မတူညီသော အချိန်ကာလ နှစ်မျိုးကိုပင် နှိုင်းယှဉ် သုံးသပ်ရမည် ဖြစ်သည်။ တခါတရံတွင် နှိုင်းယှဉ် လေ့လာမှုသည် လေ့လာသူ သုတေသီ နေထိုင်သော နိုင်ငံနှင့်အခြား နိုင်ငံ တခုခုကို နှိုင်းယှဉ်လေ့လာမှုမျိုးလည်း ဖြစ်နိုင်သလို တခြားနိုင်ငံ (၂) ခုကို လေ့လာခြင်းမျိုးလည်း ဖြစ်နိုင်သည်။ မည်သို့ပင် ဆိုစေ ထိုသို့ နှိုင်းယှဉ် လေ့လာခြင်းဖြင့် နိုင်ငံတစ်ခုချင်းစီ၏ မတူညီသော နိုင်ငံရေး စနစ်များ အားသာချက်၊ အားနည်းချက်များကို သိမြင်နားလည် လာမည်ဖြစ်ရာ နိုင်ငံရေးဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ အသိတရား မိုးကုတ်စက်ဝိုင်းကို ချဲ့ ထွင် နိုင်မည် ဖြစ်သည်။ ထို အချက်သည်ပင် နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု၏ ဒုတိယ ရည်ရွယ်ချက် ဖြစ်သည်။

နိုင်ငံရေး နယ်ပယ်တွင် ယေဘုယျ မှန်းဆချက်များ (Hypothesis) များရှိသည်။ ဥပမာ - ဓနဥစ္စာ ခွဲဝေမှု မမျှတ၍ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးသော နိုင်ငံများသည် ဓနဥစ္စာ ခွဲဝေမျှတသည့် နိုင်ငံတို့ထက် တော်လှန်ရေး ဖြစ်ပွားနိုင်ချေ ပိုရှိသည် ဟူသည့် အဆိုကို လေ့လာကြည့်သည် ဆိုပါစို့။ ထို အဆို၏ မှန်ကန်နိုင်စွမ်းကို ဆန်းစစ်ကြည့်ရမည် ဖြစ်သည်။ နိုင်ငံ တစ်နိုင်ငံတည်းတွင်သာ ထိုသို့ ဖြစ်နေပါက ထိုအဆိုသည် အခြေအနေ အားလုံးအတွက် မှန်ကန်ချက်မျိုးဖြစ်သည်ဟု ယူဆရန် ခက်သည်။

ထိုအခြေအနေမျိုးတွင် နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု ပြုလုပ်ကြည့်ရမည် ဖြစ်သည်။ ထိုသို့ လေ့လာရာတွင် ဓနဥစ္စာ ခွဲဝေမှု မမျှတသော်လည်း ဓနဥစ္စာ ဖန်တီးနိုင်မှု စွမ်းရည်မြင့်သော နိုင်ငံများတွင် တည်ငြိမ်မှု ဖန်တီး နိုင်သည်ကို တွေ့ရှိရပါက မူလ အဆိုကို ပြောင်းလဲရမည် ဖြစ်သည်။ ဤသို့ဖြင့် ယေဘုယျ မှန်းဆချက်များကို လက်တွေ့ စမ်းသပ်စစ်ဆေးခြင်းဖြင့် ပိုမိုကောင်းမွန် မှန်ကန်သော ခန့်မှန်းချက်များ၊ ဖွင့်ဆိုချက်များကို ထုတ်ဖော် ရရှိနိုင်ပေသည်။

ထိုသို့ ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု၏ အရေးကြီးဆုံးသော တတိယ ရည်ရွယ်ချက် ဖြစ်သည်။ နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု ပြုရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် ထိုအခက်အခဲများကို ကျော်လွှားနိုင်ရန် အသုံးပြုနိုင်သည့် နည်းလမ်းများကို ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။

နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု ပြုခြင်းသည် နိုင်ငံ တစ်ခုချင်းစီ၏ အသေးစိတ် အကြောင်းအရာများကို အရသာ မြောက်အောင် မှတ်တမ်း ပြုစုခြင်းမျိုး မဟုတ်ပေ။ နိုင်ငံများကို နှိုင်းယှဉ်လေ့လာပြီး ယေဘုယျ ရည်မှန်းချက်များ၊ သီအိုရီများကို ဖော်ထုတ်ပေးနိုင်ရန် ဖြစ်သည်။ လေ့လာသူ သုတေသီများနှင့် သုတေသီတို့၏ လေ့လာမှုတို့မှ ပေါ်ထွက်လာသော ရလဒ်များကို လက်တွေ့ အသုံးပြုမည့်သူ နှစ်ဦး နှစ်ဖက်လုံးသည် မှန်ကန်သော ဓမ္မဓိဌာန် ကျသော ရလဒ်များကိုသာ လိုလားကြမည် ဖြစ်သည်ဟု ယူဆနိုင်သည်။ ထိုနေရာတွင် သုတေသီတို့၏ ဓမ္မဓိဌာန် ကျကျ သစ္စာရှိရှိ ဆောင်ရွက်နိုင်စွမ်းသည် အလွန် အရေးပါလှသည်။ သုတေသီတို့အနေနှင့် မိမိတို့ လိုချင်သော နောက်ဆုံး ရလဒ် ထွက်ပေါ်လာစေရန်အတွက် လိုက်ဖက်ကြိုးပမ်းဆောင်ရွက်မှုများ မရှိစေရန် ထိန်းသိမ်းရမည် ဖြစ်သည်။

သုတေသန ရလဒ်များကို အပြည့်အ၀ ယုံကြည်မှု ပေးနိုင်ရန် အတွက် ထိုရလဒ်များကို အခြား ပညာရှင်များက ၀ိုင်းဝန်းဆန်းစစ်ရန် လိုအပ်လေသည်။ မည်သို့ပင်ဆိုစေ သုတေသီ၏ ကိုယ်ပိုင်တန်ဖိုးထားမှုများ၊ ခံယူချက်များသည် သူတို့၏ နှိုင်းယှဉ်လေ့လာမှု ရလဒ်များအပေါ်တွင် အနည်းနှင့်အများ ထင်ဟပ်နေမည်သာ ဖြစ်သည်။ ထိုအတွက် ရလဒ်များကို လက်တွေ့အသုံးချမည့်သူများအနေနဲ့ မည်သည့် အရာကိုမျှ မျက်စိမှိတ် ယုံကြည်မှု မပြုသင့်တော့ သလို ငြင်းပယ်မှုလည်း မပြုသင့်ပေ။ သုတေသီတို့၏ လေ့လာမှု၊ ရလဒ်များကို သေချာစွာ နားလည်နိုင်ရန် ကြိုးစားရန် ဓမ္မဓိဌာန်ကျသည့် အချက်များကို ရှာဖွေတတ်ရန် သာလိုသည်။

နာဇီခေတ် ဂျာမနီနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော လူမျိုးကြီး ၀ါဒ အခြေပြု၊ လူမှု ဗေဒ အယူအဆ၊ ဆိုဗီယက် ခေတ်တွင် ပေါ်ထွန်းခဲ့သော ပစ္စည်းမဲ့ သိပံ္ပ (Proletarian Science) အယူအဆများသည် ထိုနိုင်ငံမှ သုတေသီ တို့၏ အယူအစွဲများအပေါ်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုစဉ်က ဆိုဗီယက်ပညာရှင်တို့သည် အိုင်းစတိုင်း၏ ရီလေတီဗီတီ သီအိုရီကိုပင် ဆိုရှယ်လစ် တော်လှန်ရေးကို ဆန့်ကျင်သည်ဟု ယူဆကာ ငြင်းပယ် ခဲ့ကြသည်။ နိုင်ငံရေး အိုင်ဒီယိုလိုဂျီများက ဓမ္မဓိဌာန် မှန်ကန်ချက်များကို လွှမ်းမိုးသွားသည့် သဘောပင် ဖြစ်သည်။

No comments: