.

.

.

April 25, 2010

အရပ်ဘက် စစ်ဘက်ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၃၁)

အရပ်ဘက် စစ်ဘက်ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၃၁)

ဆောင်းပါးရှင် - ကိုကျော်ထင်

အပိုင်း (၃၀) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

ဒွိမစ်ရှင်။ ။ ပြင်သစ် ( ၁၉၅၄ မှ ၁၉၆၂ အထိ)

(၁၉၅၄) မှ (၁၉၆၂) အထိ ပြင်သစ်နိုင်ငံအား ဆုပ်ကိုင်ထားခဲ့သော အယ်လ်ဂျီးရီးယန်း (Algerian) အကြပ်အတည်းသည် စိန်ခေါ်မှုပြုနေသည့် ပြည်ပနှင့် ပြည်တွင်းခြိမ်းခြောက်မှု ပတ်ဝန်းကျင်က အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအား မည်ကဲ့သို့ရှုပ်ထွေးစေသည် ဆိုသည်ကို ပြသပေသည်။ (၁၉၅ဝ) ခုလွန်နှစ်များတွင် ပြင်သစ်စစ်ဘက်က ထွေးပွေ့ကိုင်စွဲ ခဲ့သော မူဝါဒအသစ်များသည် လက်နက်ကိုင်တပ်ဖွဲ့များမှ ပြည်တွင်းနှင့် စစ်ဘက်မဟုတ်သော လုပ်ငန်းမစ်ရှင်များကို ဦးတည်ဖြစ်ပေါ်စေခဲ့ပေသည်။ ၎င်းသည် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ကျရှုံပြိုကွဲမှုကို ထုတ်လုပ်ဖြစ်ပေါ်စေခဲ့ပြီး စစ်ဘက်၏အစဉ်အလာ ပြည်ပမစ်ရှင် များကို ပြန်လည် အာရုံစိုက်လုပ်ဆောင်သည့် မူဝါဒအသစ်များကို သမ္မတ ချားလ်စ်ဒီဂေါလ် (President Charles de Gaulle) က နိဒါန်းပျိုး မိတ်ဆက်ပေးလိုက်သည့် အခါမှ ၎င်းအရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ကျရှူံးမှုသည် အမှန်ဘက်သို့ ပြန်လည်ရောက်ရှိ လာခဲ့ရပေသည်။

ပြင်သစ်နိုင်ငံကိစ္စက ဖွဲ့စည်းပုံအားဖြင့် မရေမရာ တည်ရှိနေသော ခြိမ်းခြောက်မှု ပတ်ဝန်းကျင်နှင့် အယူအဆများက အရေးကြီးသောအခန်းမှ မည်ကဲ့သို့ ပါဝင်လှုပ်ရှား နိုင်ကြောင်းပြသပေသည်။ (၁၉) ရာစုနှင့် (၂ဝ) ရာစု၏ အချိန်ကာလအများစုတွင် ပြင်သစ်စစ်တပ်သည် အရပ်သားအုပ်ချုပ်ရေး အဖွဲ့အစည်းများအပေါ်၌ စစ်ဘက်တို့က နာခံမှု ပေးခဲ့ရာတွင် စံပြစစ်တပ်တစ်ခု ဖြစ်ခဲ့ပေသည်။ ပြင်သစ် စစ်ဘက်သည် မထင်ရှားသော ပြည်တွင်းနိုင်ငံရေး အခန်းကဏ္ဍတွင် ပါဝင်လှုပ်ရှားခဲ့ပြီး ပြင်သစ်ဘာသာအားဖြင့် (la grande muette) ခေါ် ကြီးမားသောဆွံ့အသူ (the great mute) အဖြစ်လူသိများ ခဲ့ပေသည်။ ဤကဲ့သို့ အလွန်တည်ငြိမ်သော အရပ်သားထိန်းချုပ်မှု စံပြပုံစံမှ ပြင်သစ်ဒီမိုကရေစီ အဆောက်အဦးအား ခြိမ်းခြောက်မှု ပြုသည့် အမှန်တရား အသစ်များသို့ ကူးပြောင်းရောက်ရှိ စေရန် မည်သည့်အရာများ ဖြစ်ပျက်ခဲ့ပါသနည်း။

ပထမဦးစွာအားဖြင့် ပြောရလျှင် (၁၉၃ဝ) ခုလွန်နှစ်များတွင် ပြည်သူ့တပ်ဦးအစိုးရ (Popular Front government) အစိုးရ ကျဆုံးမှုစတင်ခြင်းနှင့်အတူ ဆက်လက်၍ ပဲရစ်တွင် ကျူးကျော်သူ ရန်သူများနှင့်ပူးပေါင်း ဆောင်ရွက်သော ဗစ်ချီ (Vichy) အစိုးရ ထူထောင်လာမှု၊ စင်ပြိုင်လွတ်လပ်သော ပြင်သစ်ပြည်ပအစိုးရ (Free Front French exile government) လန်ဒန်တွင် ပေါ်ပေါက်လာခြင်း၊ နောက်ပိုင်းတွင် စစ်ပြီးကာစနှစ် ကာလများ၌ ကံကောင်း ကြောင်းမလှသော စတုတ္တပြည်သူ့နိုင်ငံတော် ထူထောင်မှုများ စသည် စသည်တို့တွင် ပြင်သစ်အစိုး ရအဖွဲ့ အစည်းများသည် ပို၍ပို၍အားနည်းလာပြီး ပြည်သူ့ထောက်ခံမှု၊ တရားဝင်မှုများ ဆုံးရှူံးလာခဲ့သည်။ ဒုတိယအချက်အနေဖြင့် ဆက်စပ်ဖြစ်ပျက် လာမှုတစ်ခုမှာ ပြင်သစ်အရပ်သား ခေါင်းဆောင်များသည် စစ်ဘက်အပေါ်၌ အရပ်ဘက်၏ ဆန္ဒစွဲကျ ထိန်းချုပ်မှုအား ချမှတ်ကျင့်သုံးလာခြင်းပင် ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကာလအတွင်း ဗိုလ်ချုပ်ချားလ်စ်ဒီဂေါ (General Charles de Gaulle) နှင့် ဗိုလ်ချုပ်ကြီး ဖိလစ်ပီး ပီတိန် (Marshal Philippe Petain) တို့သည် ပြင်သစ်စစ်တပ်ဖွဲ့များ၏ ၎င်းတို့အပေါ်ထောက်ခံမှုနှင့် သစ္စာရှိမှုကို ရရှိရန်အတွက် ပြိုင်ဆိုင်ခဲ့ကြပြီး ယင်းသည် စစ်တပ်အား ခွဲခြမ်းပစ်ခြင်းကို ဖြစ်ပေါ်စေခဲ့သည့်အပြင်၊ ပြည်တွင်းရေးရာများသို့ တိုးမြှင့် အာရုံစိုက် လုပ်ဆောင်သွားစေရန်လည်း ဆွဲခေါ်သွားခဲ့ပေသည်။ ယင်းပုံစံသည် စစ်လွန်ကာလ စတုတ္တပြည်သူ့နိုင်ငံတော်၏ တိုတောင်းသော အစိုးရအုပ်ချုပ်ရေးကာလများအတွင်း ဆက်လက် ဖြစ်ပေါ် တည်ရှိသွားခဲ့ပေသည်။

ဒုတိယကမ္ဘာစစ်တွင် ဂျာမဏီ၏ ရှူံးနိမ့်မှုက ဥရောပရှိ ပြင်သစ်၏အစဉ်အလာ ပြိုင်ဘက်အဖြစ် တည်ရှိခဲ့သော ခြိမ်းခြောက်မှု အနေအထားအား အကြီးအကျယ် လျော့နည်းသွား စေခဲ့သောအခါ ပြင်သစ်တို့သည် အခြားဥရောပ နိုင်ငံများနှင့်မတူဘဲ ဆိုဗီယက်ပြည်ထောင်စု (USSR) ထံမှ ဖြစ်ပေါ်လာနေသော သမားရိုးကျ စစ်ဘက်ဆိုင်ရာ ခြိမ်းခြောက်မှုအသစ် (New conventional military threat) အား လုံခြုံရေးဆိုင်ရာ၊ စူးစိုက်လုပ်ဆောင်ဘွယ်ရာ အဖြစ် ရှုမြင်ပြောင်းလဲလုပ်ဆောင်ခြင်း မပြုလုပ်ခဲ့ပေ။ အမေရိကန်ပြည်ထောင်စုနှင့် ကျန်သော ဥရောပနိုင်ငံ အများစုက အနောက်ဥရောပ အသည်းနှလုံးအား ရုတ်တရက်တိုက်ခိုက်နိုင်ရန် အသင့် အနေအထား ပြုလုပ်ပြင်ဆင်ထားသော (၁၇၅) ဝါဆောစာချုပ် (175 Warsaw Pacts) ပါ တပ်မများကြောင့် ဖြစ်ပေါ်နေသော အန္တရာယ်အား ထိပ်တိုက်ရင် ဆိုင်ရေးအတွက် ကြိးပမ်းအားထုတ်မှုများကို အာရုံစိုက် လုပ်ဆောင်နေစဉ်တွင် ပြင်သစ်တို့သည် ပြည်တွင်းနှင့် စစ်ဘက်မသက်ဆိုင်သည့် ကွန်မြူနစ်ဝါဒဆန့်ကျင်ရေး အရေးအရာကိစ္စများအပေါ် သူတို့၏ အာရုံစိုက်မှုကို ဦးလှည့်ထားခဲ့သည်။

ယင်းသည် အနောက်ဥရောပတွင် ဆိုဗီယက်အလိုလားဆုံးနှင့် အကြီးမားဆုံး ကွန်မြူနစ် ပါတီများအနက်မှ တစ်ခုဖြစ်သည့် ပြင်သစ်ကွန်မြူနစ်ပါတီ (French Communist Party) မှ ဖန်တီးဖြစ်ပေါ်သော ပြည်တွင်း စိန်ခေါ်မှုများမှ မြစ်ဖျားခံဆင်းသက်လာခဲ့ခြင်းလည်း ဖြစ်ပေသည်။ ထို့အပြင် ပြင်သစ်တို့သည် ကျယ်ပြန့်လှသော ပြင်သစ်ကိုလိုနီအင်ပါယာအတွင်း စတင်ဖြစ်ပွားလာခဲ့သော အမျိုးသားလွတ်မြောက်ရေး စစ်ပွဲများကို နိုင်ငံတကာကွန်မြူနစ်ဝါဒ၏ ပြည်တွင်းဖြစ်သူလျှိုများ၏ အားပေးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ် လာရခြင်း ဖြစ်သည် ဟုလည်း ရှုမြင်လာခဲ့ကြပေသည်။ တခြားစကားလုံးအားဖြင့်ပြောရလျှင် ပြင်သစ် အရပ်ဘက်၊ စစ်ဘက်ခေါင်းဆောင်များသည် စစ်အေးတိုက်ပွဲအား ပြည်တွင်းနှင့်ကြီးကြီးမားမားပင် သမားရိုးကျမဖြစ်သော ပဋိပက္ခအဖြစ် သဘောထားလာကြသည်။

အယ်လ်ဂျီးရီးယန်း (Algerian) ပဋိပက္ခအတွင်း ပြင်သစ်တို့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး တွင် အကြပ်အတည်း တွေ့ကြုံခဲ့ရသည်ဆိုသည်မှာ အံ့သြစရာတော့မဟုတ်ပေ။ ကွန်မြူနစ် ဗီယက်မင်း (Vietminh) တို့ လက်အတွင်း၌ အင်ဒိုချိုင်းနား (Indochina) တွင် ပြင်သစ်တို့၏ ရှူံးနိမ့်မှုမှ နိုးထလာသည့်အချိန်တွင် အယ်လ်ဂျီးရီးယန်းစစ်ပွဲ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ပြင်သစ်စစ်ဘက်က အင်ဒိုချိုင်းနားတွင် ပြင်သစ်တို့ စစ်ပွဲရှူံးနိမ့်ရသည်မှာ ပြင်သစ်တို့က အစဉ်အလာ စစ်ဘက်ဆိုင်ရာမူဝါဒများနှင့် နည်းဗျူဟာများကို အသုံးပြု၍ တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သောကြောင့်ဖြစ်သည်ဟု ယုံကြည်ပေသည်။ ထိုကြောင့် (၁၉၅၄) တွင် ဒင်ဘင်ဖူး (Dien Bien Phu) တိုက်ပွဲတွင် ရှူံးနိမ့်ခဲ့ပြီးနောက် ပြင်သစ်အရာရှိတပ်ဖွဲ့များသည် သူတို့က ဂူးရဲတော်လှန်ရေး (Guerre revolution) ဟု ခေါ်သည့် မူဝါဒအသစ်ကို စိတ်ကူး စတင် ရရှိလာကြသည်။

“တော်လှန်ရေးစစ်ပွဲ (Revolutionary War)” ဆိုင်ရာမူဝါဒအသစ်၏ အခရာအချက်မှာ စစ်အေးတိုက်ပွဲသည် ခြေလျင်တပ်များ၊ သံချပ်ကာတပ်ဖွဲ့များ၊ အမြောက်လက်နက်ကြီး တပ်ဖွဲ့များ အသုံးပြု၍ ပြင်ပရန်သူအား ဆန့်ကျင်တိုက်ခိုက်ရသည့် ဒုတိယကမ္ဘာစစ်ကဲ့သို့သော သမားရိုးကျစစ်ဘက် ပဋိပက္ခတစ်ခုမဟုတ်ဟု ရှုမြင်ခြင်း ပင်ဖြစ်သည်။

စစ်အေးတိုက်ပွဲသည် တစိတ်တပိုင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့များအသုံးပြု၍ အဓိကအားဖြင့် ဝါဒဖြန့်ချိရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံရေးဆိုင်ရာ စည်းရုံးဆွဲဆောင်မှုများကို အသုံးပြု၍ တိုက်ပွဲဆင်ရသော နိုင်ငံရေး၊ စီးပွားရေးနှင့် အယူဝါဒရေးရာ ပဋိပက္ခဖြစ်သည်ဟု ပို၍ရှုမြင်ပေသည်။ အတိုချုပ်အနေဖြင့် ပြောရလျှင် ဂူရဲတော်လှန်ရေး (Guerre Revolution) မူဝါဒသည် ပြင်သစ်စစ်ဘက်မစ်ရှင်အား ပြင်ပစစ်ပွဲတိုက်ခိုက်မှုများမှ အထင်အရှားအားဖြင့် စစ်ဘက်မဟုတ်သည့် လုပ်ဆောင်မှုများကို ဖြစ်ပေါ်စေသည့် ပြည်တွင်းဆိုင်ရာ တန်ပြန် တော်လှန်ရေးစစ်ပွဲများဆီသို့ ပြောင်းလဲပေး ခဲ့ပေသည်။

အယ်လ်ဂျီးရီးယားသည် ဤမူဝါဒသစ် စမ်းသပ်ရန်အတွက် အပြည့်စုံဆုံး အစမ်းသပ်ခံကွင်း ဖြစ်ခဲ့ပုံရပေသည်။ ပြင်သစ်အများစုက အယ်လဂျီးရီးယားအား ပြင်သစ်မြို့တော်နယ်နိမိတ်၏ ပေါင်းစည်းထားသော အစိတ်အပိုင်း တစ်ခုအဖြစ် သဘောထားပေသည် (ပြင်သစ်ဌာနနှစ်ခုဖြင့်သာ ပေါင်းစည်းထားတာတောင်မှ)။ နိုင်ငံတကာ ကွန်မြူနစ်ဝါဒ၏ တပ်ဖွဲ့များနှင့် အခြေခံ အာရပ်အမျိုးသားရေးဝါဒီများ၏ တပ်ဖွဲ့များမှ ထောက်ခံထားသော ပြင်သစ်အယ်လ်ဂျီးရီးယား (French Algeria) ၏ ရန်ဘက်များသည် အမျိုးသား လွတ်မြောက်ရေးတပ်ဦး (National Libration Front – FLN) ၏ အဖွဲ့ဝင်အများစုဖြစ်သော အယ်လ်ဂျီးရီးယန်းအာရပ် (Algerian Arabs) ဌာနေတိုင်းရင်းသားအများစု ဖြစ်ပေသည်။

ထို့အပြင် ပြင်သစ်အများစုက ယုံကြည်သည်မှာ သူတို့နိုင်ငံက အယ်လ်ဂျီးရီးယားကို ဆုပ်ကိုင်ထားခြင်းအပေါ်၌ ပြင်သစ်မြို့တော်နေ ပြည်တွင်းဖြစ်ရန်သူများ အထူးသဖြင့် လက်ဝဲအင်အားစုများ၏ အင်အားချိနဲ့အောင် ပြုလုပ်မှုများကို ခံနေရသည် ဟူ၍ဖြစ်ပေသည်။ အတိုချုပ်အားဖြင့်တင်ပြရလျှင် ပြင်သစ်တို့က အယ်လ်ဂျီးရီးယန်း စစ်ပွဲအား စစ်ဘက် မဟုတ်သော နည်းလမ်းများဖြင့် တိုက်ပွဲဆင်ရသော ပြည်တွင်းရေးရာ ကိစ္စအဖြစ် အခြေခံ အားဖြင့်ရှုမြင်ပေသည်။

အပိုင်း (၃၂) ကို နောက်တစ်ပတ်တွင် ဆက်လက်ဖေါ်ပြသွားပါမယ်။

No comments: