အရပ်ဘက် စစ်ဘက်ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၃၂)
ဆောင်းပါးရှင် - ကိုကျော်ထင်
အပိုင်း (၃၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။
ပြင်သစ်တို့သည် တော်လှန်ရေးစစ်ပွဲမူဝါဒအရ အသေးစိတ်ရေးသားထားသော လုပ်ငန်း မစ်ရှင်များအတိုင်း စစ်တပ်မှ အကောင်အထည်ဖေါ်နေသည့်နှစ်များဖြစ်သော (၁၉၅၄) မှ (၁၉၆၂) ကာလအတွင်း သည်းသန် ပြင်းထန်သော အရပ်ဘက်-စစ်ဘက် ပဋိပက္ခများကို ဆက်တိုက်ဆိုသလိုအတွဲလိုက်စီကာ စဉ်ကာ ကြုံတွေ့ ခဲ့ရပေသည်။ (၁၉၅၈) ဇွန်လတွင် ပျက်သုန်းလုနီးပါးဖြစ်နေသော စတုတ္တမြောက် ပြင်သစ်ပြည်သူ့နိုင်ငံတော် အစိုးရအား ဖြုတ်ချ၍ ဗိုလ်ချုပ်ဒီဂေါ အာဏာပြန်လည်ရရှိလာအောင် စွမ်းဆောင်ရာတွင် စစ်တပ်သည် အဓိက အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့ပေသည်။ (၁၉၆ဝ) ဇန်နဝါရီလတွင် ပြင်သစ် အယ်လ်ဂျီးရီးယား အရေးတွင် ဒီဂေါ၏သံန္နိဌာန်ပြုထားမှုများ နှင့်ပတ်သက်၍ ယုံကြည်မှုများ ဆုံးရှူံးလာ သောကြောင့် စစ်တပ်၏ကြီးမားသော အပိုင်းသည် အယ်လ်ဂျီးရီးယားတွင် “အတားအဆီး အပိတ်အဆို့များအား တော်လှန်ပုန်ကန်ခြင်း” “revolt of barricades” ကို ထောက်ခံလာ ကြသည်။
(၁၉၆၁) ဧပြီလတွင် ဗိုလ်ချုပ် (၄) ဦး ဦးဆောင်သော စစ်တပ်တွင်း တော်လှန်ပုန်ကန်မှုဖြစ်ပွားခဲ့သည်။ ယင်းတော်လှန်ပုန်ကန်မှုသည် မအောင်မမြင် ဖြစ်ခဲ့သော်လည်း လျှို့ဝှက်လက်နက်ကိုင်အဖွဲ့အစည်း Secret Armed Organization (OAS) မွေးဖွားပေါ်ပေါက်လာမှုကိုမူ အကူအညီပေးနိုင်ခဲ့လေသည်။ အယ်လ်ဂျီးရီးယား တွင် အခြေစိုက်သည့် (ပြင်သစ်မြို့တော်တွင် မြေအောက်ကလာပ်စည်းများရှိသည့်) အကြမ်းဖက် အဖွဲ့အစည်း တစ်ခုဖြစ်သော ထို OAS အဖွဲ့သည် အယ်လ်ဂျီးရီးယန်းလွတ်လပ်ရေးအား ဆန့်ကျင်သည့် သဘောထား တင်းမာသူ စစ်ဘက်အရာရှိများနှင့် လက်ယာအရပ်သား နိုင်ငံရေးသမားများဖြင့် ဖွဲ့စည်းထားပြီး ပြင်သစ် အရပ်ဘက် ဒီမိုကရက်တစ်အုပ်ချုပ်ရေးအား ပြင်းထန်စွာ စိန်ခေါ်မှုပြုသည်။ စစ်တပ်နှင့် အစိုးရအကြား ကွာဟချက်ကြီးမားလာသောကြောင့် ဒီဂေါ၏ကျွမ်းကျင်လိမ်မာ ပါးနပ်သော ကိုင်တွယ်ထိန်းသိမ်းမှုဖြင့်သာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး၏သိသာထင်ရှားလှသော ကျရှူံးပြိုကွဲမှုကို စီမံထိန်းသိမ်းကွပ်ကဲလာနိုင်ခဲ့ ပေသည်။
ပြင်သစ်သမ္မတ ဒီဂေါ
တည်ငြိမ်သော အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကို ပြန်လည်ထူထောင်ရန်အတွက် ဒီဂေါ၏ အစီအစဉ်မှာ အဓိက အပိုင်း (၂) ပိုင်းပါဝင်ပေသည်။ ပထမတစ်ခုမှာ ပြင်သစ်လူထုအများစုကို အယ်လ်ဂျီးရီးယားတွင် ပြင်သစ်အခြေချနေထိုင်သူများ (the pieds - noirs) များအား ပြည်သူလူထုထောက်ခံမှု အားနည်းချိနဲ့ သွားစေသည့် အယ်လ်ဂျီးရီးယားအား ပြင်သစ်နိုင်ငံ အတွင်း ပေါင်းစည်းထားသော အစိတ်အပိုင်းတစ်ခုအဖြစ် မစဉ်းစားသင့်ဆိုသည်အပေါ် လက်ခံလာစေရန် သူ့အနေဖြင့် အောင်မြင်စွာ စည်းရုံးဆွဲဆောင်ဖို့ဖြစ်သည်။ ထိုကြောင့် အချေအတင်ဆွေးနွေးငြင်းခုံမှုများ၏ အကြောင်းအရာခေါင်းစဉ်ကို အယ်လ်ဂျီးရီးယားအား ပြင်သစ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်ထိန်းသိမ်းထားရှိ၍ ပြင်သစ် အခြေချ နေထိုင်သူများ (the pieds - noirs) ဆက်လက် စုဆောင်းထိန်းသိမ်းသွားရန်ဆိုသည်မှ အယ်လ်ဂျီးရီးယား လွတ်လပ်ရေးအား အသိအမှတ် ပြုလိုက်လျော၍ ထိုအခြေချနေထိုင်သူ များအား အယ်လ်ဂျီးရီးယားအပြင်သို့ ထုတ်နိုင်ရေးအတွက် နည်းလမ်းများ ကို ရှာဖွေရန်ဟူသည့် ခေါင်းစဉ်သို့ ပြောင်းရွှေ့ခဲ့ပေသည်။
ဒုတိယအချက်မှာ ဒီဂေါသည် ပြင်သစ်စစ်ဘက်မဟာဗျူဟာအား ၎င်း၏ အခြေခံလုပ်ငန်း မစ်ရှင်အား ပြည်တွင်း သောင်းကျန်းမှုတန်ပြန်တိုက်ဖျက်ရေးအစီအစဉ်မှ ပြည်ပဆိုင်ရာ စစ်ပွဲအစီအစဉ်များဆီသို့ ပြောင်းလဲခြင်းအား ဖြင့် ဦးလှည့်လုပ်ဆောင်သွားခဲ့ပေသည်။ ဤကြိုးပမ်းအားထုတ်မှု၏ ဗဟိုအချက်အချာ အစိတ်အပိုင်းဖြစ်သော ပြင်သစ်နျူကလီးယား အစီအစဉ်သည် ပြင်သစ်နိုင်ငံအား ဥရောပ၏ အဓိက အင်အားကြီးနိုင်ငံအဖြစ် ပြန်လည် ထူထောင်သွားရန်နှင့် တချိန်တည်းတွင် ပြင်သစ်စစ်ဘက်အား ပို၍ အစဉ်အလာနှင့် ပြည်ပဆိုင်ရာကျသည့် အရေးအရာကိစ္စအပေါ်၌ အာရုံစိုက် လုပ်ဆောင်စေမှုကို ပေးအပ်သွားရန် ပုံဖေါ်ဒီဇိုင်းဆင်ထားပေသည်။
ဒီဂေါ၏မဟာဗျူဟာအသစ် ( tous azimuts) သည် ပြင်သစ်တို့အနေဖြင့် မည်သည့်အရပ်ဒေသမှမဆို ရောက်ရှိ လာနိုင်သော၊ အရှေ့မှ သာမက အနောက်မှလည်းလာနိုင်သော ပြည်ပခြိမ်းခြောက်မှုအား ရင်ဆိုင်ကြုံတွေ့ရ နိုင်သည်ဟု အခြေခံ ယူဆခဲ့ပေသည်။ ဤမူဝါဒရေးရာ အပြောင်းအရွှေ့ နိုးထမှုတွင် ပြင်သစ်ပြည်တွင်း နိုင်ငံရေးတွင် စစ်ဘက်၏ဝင်ရောက်စွက်ဖက်မှု လျော့နည်းဆုတ်ခွာ မှေးမှိန်သွားခဲ့ပေသည်။ ထိုကြောင့် ပြင်သစ်ကိစ္စက ပြည်တွင်းနှင့်စစ်ဘက်မဟုတ်သော မစ်ရှင်များသည် ဒုက္ခဖြစ်သော အရပ်ဘက်စစ်ဘက် ဆက်ဆံရေးအား ဖြစ်ပေါ်စေခြင်းနှင့် အစဉ်အလာ ပြည်ပစစ်ဘက်မစ်ရှင်များသည် စစ်ဘက်နှင့် အရပ်ဘက် အာဏာပိုင်များအကြား ပို၍ ကောင်းမွန်သော ဆက်ဆံရေးအတွက် အခြေခံများ ထောက်ပံ့ပေးသည်ဟူသော နောက်ထပ် သက်သေသာဓကကို ပြသခဲ့ပြန်ပေသည်။
စစ်အေးတိုက်ပွဲပြီးနောက်
အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စု နှစ်နိုင်ငံစလုံးက အရပ်ဘက်အုပ်ချုပ်မှု အပေါ်၌ တည်ငြိမ်သော စစ်ဘက်တို့၏နာခံမှုထားရှိခဲ့သည့် စံနမူနာပုံစံကို ပြသလုပ်ဆောင် ပေးခဲ့သည့် စစ်အေးတိုက်ပွဲ ကာလနှင့် ဆန့်ကျင်လျက် စစ်အေးလွန်ကာလ (post – Cold War) သည် နှစ်နိုင်ငံစလုံး၏ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးတွင် မှတ်သားလောက်သည့် ပို၍ဆိုးရွားလာမှုများကို ဖြစ်ပေါ်စေခဲ့ပေသည်။ ယင်းကဲ့သို့ စစ်အေးတိုက်ပွဲကာလအပြီးတွင် အချိန်ကိုက်တချိန်တည်းဖြစ်ပွားလာခဲ့ခြင်းမှာ မတော်တဆ တိုက်ဆိုင်မှုမျိုး မဟုတ်ဘဲ ပြောင်းလဲသွားသောနိုင်ငံ တကာလုံခြုံရေးဆိုင်ရာ ပတ်ဝန်းကျင်အနေအထားက ရေရှည်တည်ရှိ လာခဲ့သော စစ်အေးတိုက်ပွဲစစ်ဘက်မစ်ရှင်များကို အားနည်းချိနဲ့သွားစေခဲ့သောကြောင့် ဖြစ်ပေသည်။ ယခုအချိန်အထိ ရုရှားက ပို၍ ဖြစ်တန်စွမ်းရှိသော အန္တရယ်များကို အမေရိကန်ပြည်ထောင်စုထက် ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့်တိုင် ရုရှားနှင့် အမေရိကန် ပြည်ထောင်စုနှစ်နိုင်ငံစလုံးသည် တကယ့်တကယ် ကြီးကြီးမားမား စိန်ခေါ်မှုပြုသော ပြည်တွင်း ခြိမ်းခြောက်မှုဆိုင်ရာပတ်ဝန်းကျင်ကို မရင်ဆိုင်ကြရသေးပေ။
အမေရိကန် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအကြပ်အတည်း။ ။မကြာသေးမီက အမေရိကန် ပြည်ထောင်စုမှ ပညာရှင်များက နိုင်ငံသည် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးတွင် ကြီးကြီးမားမားပို၍ ဆိုးရွားသော အခြေအနေများကို ရင်ဆိုင်ကြုံတွေ့လာနေရပြီလား ဆိုသည်ကို စတင် မေးခွန်းထုတ်လာ ခဲ့ကြပေသည်။ အကြပ်အတည်းဆိုင်ရာကျောင်း (crisis school) မှ အဖွဲ့ဝင်များမှ ပူးတွဲစစ်ဦးစီးချုပ်များ၏ဥက္ကဌ ဗိုလ်ချုပ်ကော်လင်းပါဝါ (General Colin Powell) က မကြုံစဖူးသော နိုင်ငံရေးအခန်းကဏ္ဍအား ရယူထားခြင်း၊ လက်နက်ကိုင် တပ်ဖွဲ့အမျိုးမျိုးမှ သမ္မတဘင်ကလင်တန် (Bill Clinton) အား အေးစက်သော လက်ခံမှု ပေးခြင်း၊ ကလင်တန်အုပ်ချုပ်ရေးနှင့် စစ်ဘက်ခေါင်းဆောင်မှုတို့အကြား အပြန်အလှန် စွပ်စွဲပြောဆိုမှုများနှင့် မယုံမကြည်ဖြစ်မှုများဖြစ်ပေါ်နေသည့် ယေဘူယျရာသီဥတု စသည့် အချက်များကို ထောက်ပြကြပေသည်။ ဆန့်ကျင်ဘက်အားဖြင့် တခြားသောပညာရှင်များနှင့် ယခင်မူဝါဒရေးရာ ဆုံးဖြတ်သူအဟောင်းများက တကယ်တန်းအားဖြင့် မည်သည့်အရာမှ မပြောင်းလဲခဲ့ပါဘူးဟု ငြင်းချက်ထုတ်ပြောဆိုကြပေသည်။ မည်သူမှန်ပါ သနည်း။
အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးတွင်ရှိနေသော အကြပ်အတည်းများအကြောင်း ပြောဆိုမှုများသည် စောလွန်း နေသေးသည်ဟု ပြောဆိုမှုများရှိနေစဉ်တွင် တချို့သော သက်သေသာဓကများကလည်း အမေရိကန် စစ်ဘက်အပေါ် အရပ်ဘက်ထိန်းချုပ်မှုသည် အရင်ကလောက် မခိုင်မာဟုလည်း အကြံပြု ပြောဆိုနေပြန်ပါသည်။ အပေါင်းဘက်မှ ရှုမြင်မှုများက အရပ်သားခေါင်းဆောင်များသည် ကာကွယ်ရေး အသုံးစရိတ် အဓိက ဖြတ်တောက်လျှော့ချမှုကို စစ်ဘက်မှ လက်ခံလာအောင် စည်းရုံးနိုင်ခဲ့ပြီးပြီ။ ထို့အပြင် ပင်လယ်ကွေ့စစ်ပွဲ (Gulf War) မတိုင်ခင်က သမ္မတဂျော့ဘုရှ် (President George Bush) နှင့် ဟေတီ (Haitian) စစ်ရေးစီမံချက်အား ဦးဆောင်ဖြစ်ပေါ်သွားစေသည့် အချိန်ကာလများ အတွင်းက သမ္မတကလင်တန် (President Clinton) နှစ်ဦးစလုံးတို့သည် ဝင်ရောက် စွက်ဖက်မှုနှင့် ပတ်သက်၍ အစပိုင်းတွင် ဖြစ်ပေါ်နေသော စစ်ဘက်တို့၏ သံသယဖြစ်မှုများကို ကျော်လွှားလွန်မြောက်နိုင်ခဲ့ကြသည်ဟု မြင်ကြပေသည်။ အနှုတ်ဘက်က ကြည့်မြင်သူများ ကလည်း စစ်ဘက်တို့က အုပ်ချုပ်ရေးကဏ္ဍနှင့်ဖြစ်ပွားသော မူဝါဒရေးရာ ပဋိပက္ခများတွင် စစ်အေးတိုက်ပွဲ ကာလတုန်းကထက် အနိုင်ရရှိပုံပေါ်နေသည်ဟု ပြောဆိုရှုမြင်ကြပေသည်။ ဥပမာအားဖြင့် ဘော့စနီးယား (Bosnia) တွင် တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခြင်းနှင့် ပတ်သက်၍ စစ်တဘက်တို့၏ မလိုလားခြင်းက အမေရိကန်ပြည်ထောင်စုအား ပဋိပက္ခ၏ ဘေးမှာထိုင်လျှက်ရှိနေစေရန် (၃) နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
အပိုင်း (၃၃) ကို နောက်တစ်ပတ်တွင် ဆက်လက် ဖေါ်ပြပါမယ်။
No comments:
Post a Comment