.

.

.

June 12, 2010

စစ်အာဏာရှင် စနစ်အောက်က တပ်မတော် - အပိုင်း (၅)


စစ်အာဏာရှင် စနစ်အောက်က တပ်မတော် - အပိုင်း (၅)

(DVB ရဲ့ထုတ်လွှင့်မှု အစီအစဉ်)


ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်


ထုတ်လွှင့်ဖတ်ကြားသူ - ဦးခင်မောင်စိုး






ဘန်ကောက်မြို့ တောင်ဘက် မိုင် (၆၇၄) အကွာမှာ ရှိတဲ့ Yala ပြည်နယ်ရှိ ဆေးရုံမှာ
တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း ဒဏ်ရာရလို့ တက်ရောက် ကုသနေတဲ့ ထိုင်းစစ်သားအား ထိုင်းအိမ်ရှေ့မင်းသား Thai Crown Prince Maha Vajiralongkorn ကိုယ်တိုင် လိုအပ်သည်များ ထောက်ပံ့ချီးမြှင့်နေပုံ


ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတွေမှာ စစ်သားတွေဟာလည်း ပြည်သူလူထုနည်းတူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ဥပဒေတွေ စည်းကမ်းတွေကို တိတိကျကျ လိုက်နာ ကျင့်သုံးကြရပါတယ်။ ထိုနည်းတူပဲ မိမိ အကျိုးခံစားခွင့် ရှိရင်လည်း ပြည်သူလူထုနည်းတူခံစားကြရပါတယ်။ အကျိုးခံစားခွင့်အတွက် သီးခြား တောင်းဆိုနေရတာမျိုး မရှိပါဘူး။ တကယ်လို့ ခံစားခွင့် ရှိပါလျှက်နဲ့ မခံစားရဘူး ဆိုရင်လည်း ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘဲ တောင်းဆို ရယူ ခံစားနိုင်ကြပါတယ်။ မိမိရဲ့ နစ်နာချက်တွေကို လွတ်လွတ်လပ်လပ် တင်ပြ ပြောဆိုနိုင်ပြီး ဥပဒေရဲ့ အကျိုးခံစားခွင့်ကလည်း အပြည့်အ၀ ရှိကြပါတယ်။



ချပ်ဝတ်တန်ဆာ အပြည့်အစုံ ၀တ်ဆင်ထားသော US Special Force တပ်ဖွဲ့ဝင်တစ်ဦး M - 79 လောင်ချာတွဲ၊ M -16 ခေတ်မှီ မောင်းပြန်လက်နက်နဲ့အတူ အဆင့်မြင့် ကိရိယာများ တပ်ဆင်ထားပုံ


ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့မှာ ဒီမိုကရေစီနိုင်ငံတွေမှ စေလွှတ်ထားတဲ့ တပ်မတော်သားများဟာ အကျိုးခံစားခွင့်ဆိုင်ရာမှာ ကိုယ့်ပြည်တွင်းမှာထက် အခွင့်အရေး ပိုရကြပါတယ်။ ဒီလို တပ်မတော်သားတွေကို ပြည်သူလူထုကလည်း သူရဲကောင်းများ သဖွယ် ကြိုဆိုကြပါတယ်။ ပြည်တွင်းမှာ ထမ်းဆောင်တော့လည်း တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ဖို့ အတွက် သက်သာချောင်ချိရေး ပြည့်စုံကောင်းမွန်အောင် စီစဉ်ပေးထားပါတယ်။ ဒါပေမယ့် ပြည်သူတိုင်းဟာ သတ်မှတ်ထားတဲ့ စစ်မှုထမ်း တာဝန်ကိုလည်း အရွယ်ရောက်ချိန်မှာ ထမ်းဆောင် ကြရပါတယ်။ ငြင်းဆိုရင်တော့ မိုဟာမက် အလီ အပြစ်ပေးခံရသလိုမျိုး တိတိကျကျ အပြစ်ပေး ခံရပါတယ်။ တာဝန်လည်း ရှိသလို ခံစားခွင့်လည်းရှိတဲ့ ဒီမိုကရေစီနိုင်ငံက တပ်မတော်သားများ ဖြစ်ပါတယ်။



ဒီမိုကရေစီနိုင်ငံမှာ စစ်မှုထမ်းများဟာ (စစ်ရေးစစ်ရာကိစ္စက လွဲပြီး) ကိုယ့်အခွင့်အရေးအတွက် ပွင့်ပွင့်လင်းလင်း တင်ပြ အရေးဆိုနိုင်ကြပါတယ်။ မတရားလုပ်တာမျိုး မရှိပါဘူး။ အထက်လူဆိုတဲ့ အပေါ်စီးမျိုးနဲ့ နိုင့်ထက်စီးနင်း လုပ်တာမျိုး မရှိပါဘူး။ ယူနီဖောင်းချွတ်လို့ တပ်ရဲ့ပြင်ပကို ရောက်ရင်လည်း ဒီမိုကရေစီ အရသာကို ပြည်သူတစ်ဦး အနေနဲ့ ပြည့်ပြည့်၀၀ ရရှိခံစားနိုင်ပါတယ်။ နယ်ဘက် အာဏာရှင်တွေ၊ စစ်ဘက်အာဏာရှင်တွေ မရှိတဲ့အတွက် မျက်နှာငယ်စရာ မလိုပါဘူး။ ဒီမိုကရေစီ မရှိတဲ့ မြန်မာနိုင်ငံမှာတော့ စစ်တပ်က အပြင်ကိုရောက်ရင် အရင်ဆုံး ရင်ဆိုင်ကြရမှာက ရယက အာဏာရှင် အငယ်စားများ ဖြစ်ပါတယ်။


တပ်ပြင်ပမှာရှိတဲ့ တပ်မတော်သားတွေရဲ့ မိဘဆွေမျိုးသားချင်း အပေါင်းအသင်း မိတ်ဆွေတွေကို မေးကြည့်လိုက်ပါ။ ရုံးပြင်ကန္နားဆိုရင် ဘယ်သူမှ မသွားချင်ကြပါဘူး၊ ဘယ်သူမှလည်း မသွားရဲကြပါဘူး။ ဟိုလူကဟောက် ဒီလူကဟောက် အားလုံးကို ကြောက်နေကြရပါတယ်။ ယုတ်စွအဆုံး အပေါက်စောင့်ကိုပင် ကြောက်ကြရတဲ့ အနေအထားမျိုး ရှိပါတယ်။ တပ်ထဲကထွက်ပြီး အရပ်သားဘ၀ထဲ ၀င်ရောက်တဲ့ တပ်မတော်သားဟောင်းတွေလည်း ဒီအခြေအနေတွေကို အနည်းနဲ့အများ ရင်ဆိုင်ရဖို့ ရှိပါတယ်။ ပြန်တွေးကြည့်ရင်တော့ ဒီဖြစ်ရပ်တွေဟာ ရင်နာစရာ ကောင်းလှပါတယ်။


ဝန်ထမ်းဆိုတာ ပြည်သူလူထုပေးတဲ့ အခွန်အခတွေကို ရရှိခံစားနေသူများ ဖြစ်ပါတယ်။ ၀န်ထမ်းဆိုတာ နိုင်ငံတော်ရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ဆောင်ရွက်ပေးဖို့အတွက် ပြည်သူလူထုက တာဝန် ပေးထားသူများ ဖြစ်ပါတယ်။ မညှာတမ်း ပြောရမယ်ဆိုရင် ၀န်ထမ်းဆိုတာ ပြည်သူတွေရဲ့ အစေအပါးပဲ ဖြစ်ပါတယ်။ အခုတော့ ဒီမိုကရေစီမရှိတဲ့ မြန်မာနိုင်ငံမှာ ၀န်ထမ်း ဆိုတာက အာဏာရှင်တွေရဲ့ လက်ကိုင်တုတ် ဖြစ်နေပြီး ပြည်သူလူထုကို ဖိနှိပ်သူများ ဖြစ်နေပါတယ်။


ပြည်သူတွေ အနေနဲ့တော့ ကိုယ်မွေးတဲ့မျောက်က ကိုယ့်ကိုပြန်ခြောက်သလိုမျိုး ခံစားနေရမှာ အမှန် ဖြစ်ပါတယ်။ ဒါကြောင့်လည်း သာမန်ပြည်သူတွေဟာ အစိုးရ၀န်ထမ်း ဆိုတာကို မတွေ့ချင် မမြင်ချင် ဖြစ်နေကြရပါတယ်။ “ရဲ” မြင်လျှင် အလိုလို ကြောက်နေရပါတယ်။ ရယက ကိုသာမက အရန်မီးသတ်၊ ကြံ့ဖွံ့၊ စွမ်းအားရှင် အကုန် ကြောက်နေရပါတယ်။ တိတိကျကျ ပြောရရင် ကြောက်လည်း ကြောက်၊ ရွံ့လည်း ရွံ့ ဖြစ်နေကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလို အငယ်စား အာဏာရှင်လေးတွေရဲ့ နှိပ်စက်ဒဏ်ကို ခံနေရတဲ့အပြင် နေရာတကာ မှာလည်းပဲ လာဘ်ပေးနေရတဲ့အတွက် ဖြစ်ပါတယ်။ ဧည့်စာရင်းတိုင်ရင်တောင် ငွေပေးရပြီး ဧည့်စာရင်းစစ်တာ ဆိုပြီး ခြင်ထောင်လှန်တာကို ပြည်သူတွေ နေ့စဉ် ခံနေကြရပါတယ်။


ပြည်သူတွေဟာ ဘာပြစ်မှုမှ မကျူးလွန်ပါဘဲလျှက်နဲ့ ပြစ်မှု ကျူးလွန်သူတွေလို ခံနေကြရပါတယ်။ ယုတ်စွအဆုံး ပြည်သူလူထုမှာ အရံရဲ ဆိုတဲ့ ဆိုက်ကားသမားကိုပင် ကြောက်နေရတဲ့ အခြေအနေဘ၀ဆိုး ဒီကနေ့ နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့နေကြရတာပါ။ အကြောင်းကိစ္စရှိရင် ဘယ်သူ့တိုင်ပြီး ဘယ်သူ့ အားကိုးရမှန်း မသိ ဖြစ်နေကြရ ပါတယ်။ ပြည်သူတွေ အားကိုးရာမဲ့နေကြတယ်လို့ ပြောရပါမယ်။ ဒါကို တပ်မတော်သားတွေ မသိဘဲ ဖြစ်နေပါတယ်။ဘာကြောင့် မသိကြတာလဲ ဆိုတော့ ပြည်သူတွေနဲ့ ကင်းကွာနေလို့ ဖြစ်ပါတယ်။ ပြည်သူ့ တပ်မတော်ဆိုပေမဲ့ ပြည်သူ့ဘ၀ကို စာနာရမှန်း မသိတော့တဲ့ တပ်မတော်မျိုး ဖြစ်နေပါတယ်။ အာဏာရှင် အောက်က တပ်မတော်ဆိုတော့ အာဏာရှင်ရဲ့ မျက်နှာကိုဘဲ ကြည့်နေရလို့ပါ။


ဒီမိုကရေစီ နိုင်ငံက တပ်မတော်သားတွေကတော့ ဒီလို မဟုတ်ပါဘူး။ လက်ရှိ အနေအထားမှာ ပြည်သူလူထုရဲ့ ဘ၀ကို မသိအောင် တပ်မတော်သားတွေကို ပြည်သူလူထုနဲ့ ခွဲခြား ဆက်ဆံထားပါတယ်။ နောက်ပြီး တပ်မတော်သားတွေရဲ့ မျက်စိတွေ နားတွေကိုလည်း ပိတ်ဆို့ထားပါတယ်။ တပ်မတော်သားတွေအနေနဲ့ ဒီလို မျက်စိပိတ် နားပိတ်ခံရတဲ့ဘ၀ကို ကျော်လွန်နိုင်မှလည်း ပြည်သူတွေရဲ့ဘ၀ကို သိပြီး ပြည်သူ့အကျိုးဆောင် ပြည်သူ့တပ်မတော်သားအဖြစ်ကို ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အကြောင်းတွေကို သိဖို့ ဒီမိုကရေစီ အောက်က တပ်မတော်သားဘ၀တွေကို သိဖို့ မြန်မာနိုင်ငံရဲ့ တပ်မတော်သားတွေ အနေနဲ့ ကိုယ့်ရဲ့ မျက်စိနဲ့ နားကို ဖွင့်ထားရ ပါလိမ့်မယ်။ ပြည်တွင်းက ဂျာနယ်၊ မဂ္ဂဇင်းတွေ နိုင်ငံတကာရုပ်ရှင်တွေကို သေသေချာချာ ကြည့်ပြီး သုံးသပ်ရင်တောင် တပ်မတော်သားတွေ အနေနဲ့ ဒီမိုကရေစီအကြောင်း ရေးရေးတော့ သိမြင်လာနိုင် ပါတယ်။


ဒီမိုကရေစီ နိုင်ငံတွေနဲ့ ကိုယ့်နိုင်ငံ ဘယ်လောက် ကွာခြားနေသလဲ ဆိုတာကိုလည်း နှိုင်းယှဉ်လာနိုင်ပါမယ်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ အစစမှာ ဘယ်လောက် ကွာခြားနေသလဲ ဆိုတာကိုလည်းပဲ မြင်လာပါမယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေနဲ့ ကိုယ့်နိုင်ငံက ရွေးကောက်ပွဲ နှိုင်းယှဉ်တတ်လာပါမယ်။ အာဏာရှင်လက်အောက်က ကိုယ့်နိုင်ငံဟာ အစစ အရာရာ ညံ့ဖျင်း နိမ့်ကျနေပုံတွေကိုလည်း တရေးရေး မြင်လာပါမယ်။ အာဏာရှင် လက်အောက်က တပ်မတော်သားရဲ့ အောက်တန်းကျပုံကိုလည်း သဘောပေါက် လာလိမ့်မယ်။ ဒါဟာ အာဏာရှင် လက်အောက်က လွတ်မြောက်ဖို့အတွက် ပထမဆုံးလမ်းစဖြစ်တာကြောင့် တပ်မတော်သားတွေ အနေနဲ့ ကိုယ့်ရဲ့
မျက်စိတွေ နားတွေကို ဖွင့်ထားဖို့ အရေးကြီးတယ်လို့ပဲ သတိပေးလိုက် ပါတယ်ခင်ဗျာ။

No comments: