.

.

.

June 12, 2010

သားကောင်းတို့၏ မိခင်သို့ တိုင်ကြားခြင်း ( သို့ ) တမ်းချင်း - အပိုင်း (၄)

သားကောင်းတို့၏ မိခင်သို့ တိုင်ကြားခြင်း ( သို့ ) တမ်းချင်း - အပိုင်း (၄)

ဆောင်းပါးရှင် - ဗိုလ်ရဲထက်

ဒါပေမယ့်…. ခုတော့အမေရယ် အောက်က ကဗျာလေးထဲကလိုပဲ ဖြစ်နေပြီ။

“အောင်ဆန်းတေဇ
ဒို့ အားကျလို့
ငယ်ကရည်စူး၊ စစ်ဗိုလ်မှူးပေါ့ .....
စစ်ဗိုလ်ဆိုရင်
ပျိုတို့ချစ်ပြိုင်၊ နှင်းဆီခိုင်တဲ့ ။
ခုခေတ်မှာတော့……
သံဃာကိုသတ်၊ ငရဲတပ်တွေ .....
မိဘကိုသတ်၊ ဒေ၀ဒတ်တွေ .....
သူငါခွာရှောင်၊ မုဒိန်းကောင်တွေ
ကျောင်းသားကျောင်းသူ၊ သတ်ဖြတ်သူတွေ ....
အိမ်ရာဖျက်ဆီး၊ သဘက်ကြီးတွေ .....
လယ်ယာလုယက်၊ သူခိုးသူဝှက်တွေ .....
ခုခေတ်မှာတော့……
သူငါ ကျောခိုင်း၊ ပဒိုင်းပွင့်တွေ…..
ဖြစ်နေကုန်ပြီ။
စစ်ထဲဝင်ချင်၊ လက်ညှိုးထောင်၊
ထောင်တဲ့လက်ညှိုး၊ “မီးပုံ” ထိုး
လို့ဆိုရိုးတွင်ရစ်စေသတည်း”

ကဲ ကောင်းကြသေးရဲ့လား အမေရေ…..ဒါကို ရေးတာက တခြားတစ်ယောက်ပါ။ တကယ့်ကို အဲဒီအတိုင်း ဖြစ်နေပြီ အမေ… သားတို့ကို အမေလေ့ကျင့် သင်ကြားပေးလိုက်တာက လက်ရုံးရည်ကော နှလုံးရည်ကော ပြည့်ဝတဲ့ အရာရှိကောင်းများ မွေးထုတ်ပေးရန် ဆိုတဲ့အတိုင်း သားတို့ဟာ လက်ရုံးရည်ကော နှလုံးရည်ကော ပြည့်ဝတန်သလောက် ပြည့်ဝခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒါတွေက ပြည်သူတွေကို ကာကွယ်ဖို့ မဟုတ်ပဲ ပြည်သူကိုသတ်ဖို့ ဖြစ်နေရပြီ။ ဒါတွေကလည်း သားပြောသလိုပဲ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အာဏာရူး လူတစ်စုကြောင့်ဆိုတာကို ပြည်သူတွေရော နောင်တော်ညီတော်တွေပါ သိနားလည်စေချင်တယ်။ သားတို့မှာလည်း သားတို့အခက်အခဲနဲ့ သားတို့ဆိုတာ အမေ သိပါတယ်နော်။




စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ စစ်ရေးပြ ဝတ်စုံပြည့်ဖြင့် လေ့ကျင့်နေပုံ

အမေ့စကားကို နားမထောင်တာ မဟုတ်ဘူးနော်အမေ။ သားကတော့လေ ဗိုလ်ချုပ်အောင်ဆန်း ပြောသွားတဲ့ “တပ်မတော်သည် တိုင်းပြည်အတွက်၊ တိုင်းပြည်သည် တပ်မတော်အတွက် မဟုတ်”၊ “စည်းကမ်းမရှိတဲ့ စစ်တပ်ရှိနေမယ့် အစား အဲဒီစစ်တပ် မရှိတာက တိုင်းပြည်အတွက် ပိုကောင်းတယ်” ဆိုတဲ့ စကားတွေကို သိပ်ကြိုက်တယ်အမေ။ နိုင်ငံတစ်နိုင်ငံကို ကာကွယ်ဖို့ စစ်တပ်ဆိုတာ ရှိကိုရှိနေရမယ်။ ဒါပေမယ့် အဲဒီစစ်တပ်ကို စည်းကမ်းကောင်းဖို့ဆိုတာ အုပ်ချုပ်တဲ့သူ အပေါ်မှာ အဓိက မူတည်တာမို့ စစ်တပ်ကို ဖျက်ပစ်မယ့်အစား အုပ်ချုပ်သူကို ပြောင်းပစ်ရမယ်လို့ ထင်တယ်။ အမေကော ဘယ်လိုထင်လဲဟင်… အခုဖြစ်နေတာကလည်း အုပ်ချုပ်သူကြောင့်ပဲမဟုတ်လား။ စစ်တပ်နဲ့ အာဏာရူး စစ်ခေါင်းဆောင်ကို ခွဲခြားပစ်ရမယ်နော်။


သားတော့လေ သားတို့တပ်မတော်ကြီး အခုလို ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို ဆုံးရှုံးရတာ၊ တပ်မတော်အတွင်း စည်းလုံးမှု ပြိုကွဲနေတာဟာ မြတ်စွာဘုရားဟောကြားခဲ့တဲ့ “အဖွဲ့ပျက်ပြယ်ခြင်း ( ၃ ) ပါး” ကြောင့်လို့ ထင်တယ်။ အဲဒါတွေက -

(၁) ဗဟုနေတ္တာရ = နည်းညွှန်လမ်းပြ အကြီးအမှူးလုပ်လိုသူ ပေါများခြင်း။

(၂) သဗ္ဗပဏ္ဍိတမာနီ = မိမိကိုယ်ကို ပညာရှိဟု ဘ၀င်မြင့်သူ များခြင်း။

(၃) ဗဟုမဟိစ္ဆာ = ရာထူးမက်မောသူ များခြင်း။ တဲ့လေ…

ပြီးတော့ တရုတ်စစ်ပညာရှင် ဆွန်ဇုက “တပ်မတော်တစ်ခုသည် တပ်သားများ ထွက်ပြေးခြင်း၊ အမိန့်မနာခံခြင်း၊ ပြိုကွဲခြင်း၊ ထိခိုက်ပျက်စီးခြင်း၊ စုစည်းမှုမရှိခြင်း၊ ကစဥ့်ကလျား ထွက်ပြေးခြင်းအားဖြင့် အတိဒုက္ခ ရောက်ပေလိမ့်မည်။ အဆိုပါ ကံမကောင်း အကြောင်းမလှမှု ခြောက်ရပ်သည် သဘာဝ အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ ယင်းတို့သည် စစ်သေနာပတိ၏ အမှားများ ကြောင့်သာ ဖြစ်သည် ” တဲ့။

ဟုတ်တယ်နော်အမေ…. အမေသင်ပေးလိုက်တဲ့ ဆွန်ဇုရဲ့ သဘောတရားတွေက တကယ်ကို ဟုတ်နေတယ်။ ခု သားတို့တပ်မတော်ရဲ့ အင်အားပြုန်းတီးမှုက မယုံနိုင်လောက်အောင်ပဲ အမေ… ခုတော့ သားလည်း အဲဒီပြုန်းတီးစာရင်းမှာ ပါခဲ့ပြီ။ ဒါပေမယ့် သားက စာရင်းကနေသာ ပြုန်းတီးတာပါအမေ။ အမေသင်ပေးလိုက်တဲ့ ပညာတွေနဲ့ ပြည်သူ့အကျိုးကိုတော့ သားအသက်ရှိသရွေ့ ဆောင်ရွက်သွားမှာပါအမေ။

တစ်ခုပါပဲ.. တကယ်ကို တစ်ခုပါပဲအမေ။ သားရဲ့ တပ်မတော်သားညီနောင်တွေ သားနဲ့အတူ လက်တွဲပြီး တပ်မတော်ကို ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ပြန်ရအောင် ဆောင်ရွက်တဲ့ နေရာမှာ၊ တိုင်းပြည်ကို စစ်မှန်တဲ့ တိုးတက်မှုလမ်းကြောင်းကို ရောက်အောင် ပြောင်းလဲတဲ့နေရာမှာ အဖွဲ့အစည်းအစွဲတွေ လူပုဂ္ဂိုလ်အစွဲတွေ ဖျောက်ပြီး အများအကျိုးကို ရှေးရှုစေချင်တာပါ။ အားလုံးကို ကျောင်းမှာတုန်းကလိုပဲ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်စေချင်တာပါအမေ။ အမေ့သားတွေ၊ သားရဲ့နောင်တော်တွေ ညီတော်တွေကို ပြောပေးပါနော်။ သားကတော့ နောက်ဆုံးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ အောက်ပါစကားလေးနဲ့ သားရဲ့စာကို အဆုံးသတ်လိုက်ပါရစေ။

ခေါင်းဆောင်ဆိုတာ ဟိုလူပြော ဟုတ်နိုး၊ ဒီလူပြော ဟုတ်နိုး ယောင်ချာချာလုပ်နေရင် ခေါင်းဆောင်မဟုတ်ဘူး။ အများယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိဘူး ဆိုရင် ခေါင်းဆောင်မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို မယုံကြည်သူဟာ ဘယ်အခါမှ အခြားလူကို မယုံကြည်ဘူး။ ကိုယ့်တိုင်းသူပြည်သားကိုလဲ မယုံဘူး၊ ကျွန်တော့်အဖို့ ကျွန်တော့်ကိုယ်ကို ယုံတယ်။ ခင်ဗျားတို့ကိုလည်း ယုံကြည်တယ်။ ဗမာ့လွတ်လပ်ရေးကိုလဲ ယုံတယ်။ ဘာကိစ္စ မဆို မှားတယ်၊ မှန်တယ်ဆိုတာ ရာဇ၀င်က ဆုံးဖြတ်လိမ့်မယ်” တဲ့ ။

သားကတော့ ရာဇ၀င်မှာ အမေနဲ့ အမေ့သားတွေဟာ မှားခဲ့တယ် ဆိုတာမျိုး အဖြစ်မခံချင်ရုံ သက်သက်ပါအမေ။ ဒါကို အမေ့သားများ အားလုံးနှင့်တကွ အမေ့တပ်မတော်သားများ အားလုံးလည်း နားလည် ခံစားနိုင်ကြပါစေလို့ ဆုတောင်းရင်း…

အမေ့ကို ထာဝရယုံကြည် လေးစားလျှက်

အမေ့ရဲ့သား -

ဗိုလ်ရဲထက်

No comments: