.

.

.

June 19, 2010

အရပ်ဘက် စစ်ဘက်ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၄၀)

အရပ်ဘက် စစ်ဘက်ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၄၀)

ဆောင်းပါးရှင် - ကိုကျော်ထင်

ထို့အပြင် (၁၉၉၅) ခုနှစ်တွင် ကော်စတာရီကာနှင့် ပနားမား နှစ်နိုင်ငံစလုံးသည် ဟေတီတွင် အမေရိကန်နိုင်ငံများအဖွဲ့ (OAS) အဖွဲ့၏ ငြိမ်းချမ်းရေးထိန်းသိမ်းရေးဆိုင်ရာ ကြိုးပမ်း အားထုတ်မှုများသို့ သူတို့၏ လုံခြုံရေးတပ်ဖွဲ့များကို ပေးပို့ ကူညီစေခဲ့ပေသည်။ သူတို့၏ လက်နက်ကိုင်တပ်ဖွဲ့များကို ဆက်လက်ထားရှိသည့် အခြားနိုင်ငံများသည်လည်း စစ်အေးတိုက်ပွဲ ပြီးဆုံးကတည်းက သူတို့၏ စစ်ဘက်ရေးရာ ထူထောင်မှုများတွင် ထင်ထင်ရှားရှားပင် အပြောင်းအလဲများ ပြုလုပ်ခဲ့ကြပေသည်။

(၁၉၈၅) နှင့် (၁၉၉၄) နှစ်များအတွင်း ကမ္ဘာ့လက်နက်ကိုင်တပ်ဖွဲ့များ၏ အရွယ်အစားသည် စုစုပေါင်းအားဖြင့် (၁၆) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး စုစုပေါင်း စစ်အသုံးစရိတ်တွင် (၃၀) ရာခိုင်နှုန်း ဖြတ်တောက် လျှော့ချသုံးစွဲခဲ့ပေသည်။ ထို့အပြင် များစွာသော အမျိုးသားနိုင်ငံများ၏ စစ်ဘက်တို့သည် မျက်နှာစာပေါင်းစုံ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးစီမံချက်များ (multilateral peacekeeping operations) တွင် ပါဝင်လာကြပြီး အချို့တို့သည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ရန် ယခုလောလောဆယ်အားဖြင့် ကြိုးပမ်းအားထုတ်လာနေကြပေသည်။

ORGANIZATION of AMERICAN STATES (OAS flag)

လက်နက်ကိုင် တပ်ဖွဲ့များရှိနေသော နိုင်ငံများအတွက် အခြေအနေများသည် အမြဲတန်း လက်နက်ကိုင် တပ်ဖွဲ့များရှိနေသော နိုင်ငံများအတွက် ရှိနေသာ အခြေအနေများနှင့် နှိုင်းစာကြည့်လျှင် များစွာသော အရေးတကြီးဖြစ်သည့် ကဏ္ဍပေါင်းစုံတွင်ပင် ကွဲပြားခြားနားမှု ရှိနေပေသည်။ တခြားတဖက်တွင် နှိုင်းယှဉ်ချက်အရ အရွယ်အစားသေးငယ်သော လုံခြုံရေးတပ်ဖွဲ့များ အဆိုပါနိုင်ငံများတွင် ရှိမှုက စစ်ဘက် ၀န်ဆောင်မှု အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့ အစည်းများအကြား တည်ရှိနေသည့် အာဏာဘက်မညီမှုကို လျှော့ချပေးခဲ့ပေသည်။

အခြားတဖက်တွင်မူ ဤနိုင်ငံများမှ မူဝါဒရေးရာ ဆုံးဖြတ်ပြုလုပ်သူများတွင် အမြဲတန်း လက်နက်ကိုင် တပ်ဖွဲ့များရှိနေသော နိုင်ငံများမှ မူဝါဒရေးရာ ဆုံးဖြတ်ပြုလုပ်သူများထက် ဤသို့သော ပို၍သေးငယ်သည့် လုံခြုံရေးတပ်ဖွဲ့များအတွက် အခြားသော လုပ်ငန်း ရည်မှန်းချက်မစ်ရှင်များ တာဝန်အပ်နှင်းခြင်းနှင့် သက်ဆိုင်သည့် ပို၍နည်းပါးသော ရွေးချယ်စရာများသာ ရှိနေပေသည်။ ဤကွဲပြားခြားနားချက်များသည် အောက်တွင် ဆက်လက်ဆွေးနွေးမည့် အကြောင်းအရာများ၌ အရေးကြီးသော ဂယက်ရိုက်ခတ်မှုများ ရှိနေပေသည်။

(ဤဘာသာပြန်ဆိုချက်တွင် အချို့သော စာလုံးအသုံးအနှုံးများကို အင်္ဂလိပ်စာလုံးအားဖြင့် သိထားလျှင် နားလည်ရမှုသည် ပို၍ အဆင်ပြေလွယ်ကူချောမွေ့စွာ ဖြစ်ပေါ်နိုင်မည်ဟု ယုံကြည်ပါသဖြင့် အောက်ပါ စကားလုံးများအား အင်္ဂလိပ် - မြန်မာ ဘာသာပြန်နှင့်တကွ ထည့်သွင်းရေးသား ဖေါ်ပြပေးထားပါသည်)

၁။ Conventional war - သမားရိုးကျစစ်ပွဲ။

၂။ Traditional external mission - အစဉ်အလာပြင်ပြ (သို့မဟုတ်) ပြည်ပ လုပ်ငန်းမစ်ရှင်။ (မှတ်ချက်- မစ်ရှင်ဆိုသည့် အင်္ဂလိပ် ဝေါဟာရအား မြန်မာမှုပြု၍ တချို့နေရာများတွင် သုံးစွဲထားပါသည်)

၃။ Objective control - ဓမ္မဒိဌာန်ကျသောထိန်းချုပ်မှု။ (အကျိုးအကြောင်းဆီလျော်ပြီး ပုဂ္ဂိုလ်ရေးမပါသော လုပ်ငန်းသဘောအရ လုပ်ဆောင်သည့် လုပ်ဆောင်မှုဟု နားလည်နိုင်ပေသည်)

၎။ Subjective control - ဆန္ဒစွဲကျသော ထိန်းချုပ်မှု။ (အကျိုးအကြောင်းမဆီလျော်သော ပုဂ္ဂိုလ်ရေး စိတ်ခံစားမှုအပေါ် အခြေခံသည့် လုပ်ငန်းသဘော အဖွဲ့အစည်းသဘောမဆောင်ဘဲ လုပ်ဆောင်မှုဟု နားလည်နိုင်ပေသည်)

No comments: