.

.

.

June 12, 2010

ကျနော် နှင့် ဝမ်းခါတိုက်ပွဲ - အပိုင်း (၂)

ကျနော် နှင့် ဝမ်းခါတိုက်ပွဲ - အပိုင်း (၂)


ဆောင်းပါးရှင် - ဖထီး မန်းရောဘတ် ဘဇန်


ရန်သူ့လက်နက်ကြီး မိမိတို့ ကတုတ်ပေါ် တည့်တည့် ကျရောက်ပေါက်ကွဲသဖြင့် တုန်ခါမှုဒဏ်ကြောင့် မိမိစစ်သည်တချို့ သတိမေ့သူများရှိ၊ နားမှသွေးထွက်လာသူရှိနေသည်။ မည်မျှပင်ကြိုးစား တိုက်ခိုက်ပါသော်လည်း မရ။ ရန်သူ့ အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များ (ရာဂဏန်း) ကျော် ထိခိုက်အနာတရ ကျဆုံးနေပါပြီး။ တချို့တပ်ခွဲများ ဖွဲ့စည်းပုံ ပျက်နေပါပြီ။ ထို့ကြောင့် ရန်သူနောက်တန်းဗျူဟာမှ ရှေ့တန်းတပ်ရင်းမှူးများသို့ -


“ဟေ့ကောင်တွေ၊ မင်းတို့ ဒီငပွေးတွေကို ဒီအပါတ်အတွင်းတိုက်လို့မရရင် မင်းတို့ပုခုံးပေါ်က ကြယ်ပွင့်တွေ ကြွေပြီးသာမှတ်”


“မင်းတို့ကိုနောက်ပိုင်းက အကြီးတွေနဲ့ပုံအောပြီးလုပ်ပေးနေတယ်” “မင်းတို့လိုတဲ့ စစ်သည် အင်အားတွေပို့ပေးနေတယ်” “ဒါတောင် မရဘူးလားကွ” “စစ်သည် ဘယ်လောက် ကုန်ကုန်ကွာ၊ ရအောင်တိုက်၊ ရေဘူးပေါက်ကတာ မလိုချင်ဘူး၊ ရေပါတာလိုချင်တယ်ကွ ဒါဘဲ”။


“ဟုတ်ကဲ့ပါ အဘ၊ ရထားပါ အဘ” ဟူ၍ တုန်ရီစွာ ပြန်ဖြေကြားနေသော ရှေ့တန်းတပ်ရင်းမှူးများ၏ ဘဝကို ကိုယ်ချင်းစာ သနားနေမိသည်။ ဗျူဟာမှူးများ ရှေ့တန်းတပ်မှူးများကို အားမရတော့ပေ၊ နောက်တန်းမှ၎င်းတို့ (စစ်ကွပ်ကဲ) (သို့မဟုတ်) ထိပ်တန်းအရာရှိကြီးက ၄င်းတို့အား ဖိဟောက်နေပြီးဖြစ်သည်၊ ကြီးနိုင် ငယ်ညှင်း ဗမာ့တပ်မတော်၏ အစဉ်အလာအတိုင်း ဖြစ်သည်။





နောက်ဆုံး (ဝမ်းခါဟောင်း) စခန်းကို ဗမာ့တပ်မတော် စစ်သည်တော်များ၏ ဝိဥာဏ် ရာပေါင်းများစွာ ပေးဆပ်ပြီး ရယူနိုင်ခဲ့သည်။ (သွေးညီနံ့၊ အလောင်းပုံ၊ ငြီးညူသံ) တို့ဖြင့် ရယူနိုင်ခဲ့သော အောင်ပွဲ မဟုတ်ပါလား ခင်ဗျား။ (ထုတဲ့ကြွေပန်းအိုးလည်း ကွဲ၊ အထုခံရတဲ့ ကြွေပန်းအိုးပါ ကွဲကြတဲ့ ဇာတ်လမ်းတစ်ပုဒ်တော့ ပြီးသွားပါပြီ)


ဝမ်းခါဟောင်းတိုက်ပွဲ၏ အထူးတပ်ရင်း (၁ဝ၁) မှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ မည်မျှကျဆုံး။ ဒဏ်ရာရရှိသည်ကို မသိ။ မိမိတို့ ဗိုလ်ကြီးတင့်လွင်ဦးစီး အထူးတပ်စိတ်တွင် နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်၊

- ရဲဘော်အောင်ကြည်။

- ရဲဘော်ကော်ဒို။ (ယခု တတိယနိုင်ငံရောက်) တို့ဖြစ်သည်။


၁၉၈၉ ခုနှစ်၊ မေလ (၂၅)ရက်နေ့။


“ပဒဲစေး မှ ပဒဲထူး။ ကျနော်တို့ရဲဘော်တွေ (ဝမ်းခါဟောင်း) စခန်းကဆုတ်လာ၊ ခု (ဝမ်းခါသစ်) စခန်းမှာ အခြေပြု။ ကျနော်တို့တပ်ဖွဲ့ကို အနီးကပ် ကွပ်ကဲဘို့ ခင်ဗျားကိုယ်တိုင် ရှိနေဘို့လို။ ခရီးထွက်ရန်အသင့်ပြင်၊ ကားပို့လိုက်မည်” - ဟု ညွှန်ကြားသည်။

စခန်းစောင့်နှင့် နာမကျန်းစစ်သည်များကို ထားခဲ့ပြီး ကျန်လက်ရွေးစဉ် စစ်သည်များခေါ်၍ တပ်ဖွဲ့မှူး ဗိုလ်မှူးစိုးစိုးရှိရာ စခန်းထောက်သို့ချီတက်ခဲ့သည်။ ရောက်ရှိပြီး ခေတ္တ အနားယူသည်၊ လုပ်ရိုးလုပ်စဉ်အတိုင်း ဘုရားဝတ်ပြုကြသည်။ တန်းခိုးရှင်ထံ လမ်းညွှန်မှုနှင့် ခွန်အားယူသည်။ ဘုရားရှင်၏ အကာအကွယ်ကိုတောင်းလျှောက်သည်။

“စစ်တိုက်တယ် ဆိုတာ ပန်းနဲ့ပေါက်ကြတာ မဟုတ်ဘူး၊ သေနိုင်တယ်။ ငါသေရင် ငါ့ဇနီး မုဆိုးမဖြစ်မယ်၊ ငါ့သား၊ သမီး ဘတဆိုးဖြစ်မယ်၊ (My son call another man Daddy) မိမိသားက အခြားလူတစ်ဦးကို ဖေဖေ လို့ ခေါ်လိမ့်မည်ကို မြင်ယောင်သည်” ဒါတွေဟာ လက်အောက်ခံ နဲ့ ဒုတိယပြသနာပါ၊ အဓိက ပြဿနာဟာ -


“ကျွန်ဖြစ်ပြီး အသက်ရှင်နေတာထက် တိုက်ပွဲဝင်ရင်း သေတာက မြတ်တယ်”


“တိုင်းပြည်နဲ့ လူမျိုးအတွက် တိုက်ပွဲဝင်ရင်း သေတာဟာ ကြီးမြတ်ပြီး ဂုဏ်ရောင်ပြောင်တယ်”


ဆိုတဲ့ တော်လှန်စစ် (ဒဿန) ကို စွဲစွဲမြဲမြဲ ကိုင်စွဲထားလိုက်သည်။ ဘုရားဝတ်ပြုပြီး တပ်ဖွဲ့မှူး ဗိုလ်မှူးစိုးစိုးမှ မိမိအား “ခင်ဗျားစက်နံမယ် (ကီးဒို) လို့ ခေါ်မယ်ဗျာ” တဲ့၊ ဒီနေ့ကစပြီး မိမိ စက်အမည် “ကီးဒို” ဖြစ်လာတော့သည်၊ မိမိတို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်တွင် မိမိအထက်အရာရှိများကို ရိုသေ သမှုဖြင့် “ဖူး” တတ်ခေါ်ကြသည်။ ဗမာ့တပ်မတော်တွင် “အာလူး ဘိုးတော်”၊ “အဘ” နည်းတူဖြစ်သည်။ စစ်မြေပြင်တွင် မိမိရဲဘော်များမှ မိမိအား“ဖူးကီးဒို” ဟု ခေါ်ဆိုကြပါသည်။


ဝမ်းခါသစ်စခန်းကို နံနက်မိုးသောက်အချိန် ရောက်ရှိသွားသည်။ ဗိုလ်ကြီးတင့်လွင်နှင့် မိမိရဲဘော်များကို တွေ့သည်။ အိပ်ပျက်ခဲ့ရတဲ့ ရက်ပေါင်းကများ ပင်ပန်းသည့်ဒဏ်မှလွဲ၍ အားလုံးစိတ်ဓါတ် တိုင်ထိပ်တွင်ရှိသည်။ မိမိတို့တပ်ဖွဲ့ တာဝန်ကျရာနေရာဝန်းကျင်ကို ဗိုလ်ကြီးတင့်လွင်နှင့် လည့်ပတ်ကြည့်ကြသည်။ အားနည်းချက်၊ အားသာချက်များကိုရှာသည်။ မိမိတို့နေရာသည် ထိပ်တိုက် ညာစွန်တွင်ဖြစ်သည်။ (ကက်ဘီလူး) တောင်ကြောနှင့် တဆက်တည်းဖြစ်ပြီး (ဝမ်းခါသစ်) စခန်းကို စိုးမိုးထားသလိုဖြစ်သည်။ မိမိကတုတ်ပြိုပါက စခန်းတစ်ခုလုံးကို အလွယ်တကူရယူနိုင်ပြီး ဖြစ်သည်။


မိမိတို့တပ်ဖွဲ့ လက်နက်ဖွဲ့စည်းပုံကို သုံးသပ်ပြီး လိုအပ်ချက်များဖြည့်ရန် လိုအပ်သဖြင့် ဗိုလ်ကြီးတင့်လွင်အား “ကျနော်တို့ ဘာလက်နက်တွေ ရှိလဲဗျ” “ကျည်တွေကော လုံလောက်ရဲ့လား၊ အရံကျည်တွေ ပြည့်ရဲ့လား၊ လက်ပစ်ဗုံးတွေ၊ (RPG - ၂/၅/၇) ဗုံးသီးတွေ ဘယ်လောက်ရှိသေးလဲ၊ စက်လတ်ကျည်က အစပေါ့ဗျား” ဟုမေးရာ ဗိုလ်ကြီးတင့်လွင်မှ -


“အားလုံးအပြည့်ဘဲ၊ (AK) ၊ (M - ၁၆) ကျည်ဘုန်းတွေ ဖင်ခုထိုင်ထားတယ်။ (Browning) စက်လတ်ကျည်တွေလည်း အပြည့်ဘဲ” ဟု ပြောသည်။


ကျနော့်စီမံချက်က - “ရန်သူကို ခြံစည်းရိုး သုံးထပ်ထိ ဝင်ခွင့်ပေးမယ်၊ လေးထပ်အထိ ရောက်တာနဲ့ တိုက်ပွဲစမယ်” ဆိုလိုတာက ကျနော် ရန်သူကို စပစ်မယ်၊ ရန်သူခြံစည်းရိုး ရောက်တယ်ဆိုရင် ကျနော်တို့နဲ့ (၁ဝ) ဂိုက်လောက်ဘဲရှိတော့တယ်၊ နောက်က လက်နက်ကြီးတွေ ကူပစ်မပေးနိုင်တော့ဘူး။ ဒါကြောင့် ဂိုက်အစိတ်အတွင်း ရောက်နေတဲ့ ရန်သူနဲ့ ဂိုက် (၅ဝ) အတွင်းရှိ ရန်သူကို ပစ်နိုင်ဘို့ (၆ဝ) မမ စိန်ပြောင်း တလက်လောက်တော့ လိုမယ်လို့ သုံးသပ်ပြီး ဗိုလ်ကြီးတင့်လွင်အား (၁ဝ၁) တပ်ရင်းရုံးထိုင်မှူးထံစေလွှတ်၍ (၆ဝ) မမ စိန်ပြောင်း ရှိ/မရှိ မေးပြီး ရှိပါက ယူလာရန် ညွှန်ကြားလိုက်သည်။


ဗိုလ်ကြီးတင့်လွင်ပြန်လာပြီး “ ၆ဝ မမ ကွန်မန်ဒို ဘဲရှိတယ်ဗျား”

“တို တို ရှည်ရှည်ဗျား။ ပစ်လို့ရရင်ပြီးရော” “အသီးဘယ်လောက်ရလဲ”

“လေးဆယ်”

ဟန်ကျတာဘဲ၊ ဂိုက် (၅ဝ) အတွင်း ပစ်ခတ်နိုင်ရန် (ပို့ယမ်း သုံည) (Charge Zero) လုပ်ရန် ပို့ယမ်းထုတ်များကို ထုတ်ပစ်လိုက်သည်။ ဗုံးသီးးများကို စီထားလိုက်ပြီး ခြေထောက်မပါသဖြင့် ပြောင်းကိုကိုင်ပစ်ရန် ထိုင်းဘာသာ စကားနှင့် (ဖါကမာ) ကိုယ်သုတ်အဝတ်ထည်နှင့် စီးထားလိုက်သည်။ (၆ဝ) မမ စိန်ပြောင်းအတွက် ပြင်ဆင်မှုတော့ပြီးပြီ။ ဘာလိုသေးလဲ၊ မိမိတို့ ကတုတ်နောက်ဘက်တွင် အကိုင်းအခက် စုံလင်တဲ့ သစ်ပင်ကြီးရှိနေသည်။ ရန်သူ့လက်နက်ကြီးတွေဖြစ်တဲ့ (၁၂ဝ) မမ စိန်ပြောင်း၊ (၈၄) မမ နောက်ပွင့် ရိုင်ဖယ်တွေနဲ့ ပစ်လို့ သစ်ပင်ထိပြီး ကျည်စတွေ ဒို့အပေါ် ကျနိုင်တယ်။ ဒီတော့ -


“ဒီမှာ ဗိုလ်ထူးထူး (ကျဆုံး) ဒို့ နောက်ကြောကိုကာဘို့ သဲအိတ်တွေတောင်းပြီး ကာကွာ” ဟု ညွှန်ကြားလိုက်သည်။


အထူး (၁ဝ၁) တပ်ရင်း တပ်ရေးဗိုလ်ကြီး စောဘဲဝါး ထံမှ ဂုဏ်အိတ်များယူလာပြီး ရဲဘော်များနှင့် ရွံ့သိပ်နေကြသည်။ နောက်ကြောလုံခြုံမှုအတွက် ပြင်ဆင်မှုလည်း ပြီးပြန်ပြီ။ ဘာလိုသေးလဲ၊ ရဲဘော်များနှင့်ပြင်ဆင်နေစဉ် (၁ဝ၁) မှ အရာရှိတစ်ဦး ရောက်ရှိလာပြီး စာတစ်စောင်လာပြကာ သဘောတူလက်ခံရင် လက်မှတ်ထိုးရန် ပြောသည်။ စာပါအကြောင်းအရာကတော့-


“ဒီည (၁၂) နာရီ လက်ရွေးစဉ် ကွန်မန်ဒိုတစ်ခွဲ (ဝမ်းခါသစ်) စခန်းကို အရတိုက်မယ်၊ ခမရ -(၁၂၊ ၁၃၊ ၁၆) နဲ့ ခလရ - (ရ၆) က ကွန်မန်ဒိုတွေဖြစ်တယ်၊ မိမိတာဝန်ကျရာ ကတုတ်ကို ကာကွယ်နိုင်ရမယ်။ မိမိလက်ထဲမှာကျသွားရင် အရပြန်ယူရမယ်၊ ယူနိုင်ရင် လက်မှတ်ထိုးရန်” ဖြစ်၍ -


“တခါမကဘူးကွ၊ နှစ်ခါထိုးတယ်” ဟု ပြောပြာဆိုဆို မိမိ နှစ်ခါထိုးလိုက်သည်။ စိန်ခေါ်ပွဲကြီးတော့ စတော့မည်။

“ဘယ်နှစ်ရက်ကြာကြာကွာ။ ဒို့က ကတုတ်ကျင်းထဲက စောင့်ပစ်ရတာ၊ သူတို့က မိုင်းကွင်းကို ဖြတ်လာရမှာ၊ ပြီးတော့ မိုင်းတွေ၊ ညှောင့်တွေ၊ သံဆူးကြိုးတွေ ရှိတယ်၊ ဒို့မှာ လက်နက်မျိုးစုံရှိတယ်၊ ကျည်တွေ တောင်လိုပုံနေတယ်၊ ကတုတ်ကြီးကလည်း (၁၂ဝ) (delay) ကတုတ်မို့ ကျည်ဒဏ်ခံနိုင်တယ်” မိမိတို့ကိုယ်ကို မိမိတို့ ယုံကြည်မှု အပြည့်ရှိနေကြသည်။ ရိက္ခာချောက်တွေ၊ ရေတွေ၊ ဆေးတွေ၊ ဆေးမှူးတွေ ကအစ ပြင်ဆင်ထားသည်။

မိမိရဲဘော် အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များကို ခေါ်၍ -

“ရန်သူကို ခြံစည်းရိုး (၃) ထပ်ကျော်တဲ့အထိ အဝင်ခံမယ်။ ခြံစည်းရိုး (၄) ထပ်ကို ကိုင်တာနဲ့ စပစ်မယ်၊ တိုက်ပွဲ ငါစမယ်၊ ဘယ့်နယ်လဲ၊ ရဲလား” လို့ မေးလိုက်ရာ -


“စိန်ခေါ်ရင် တိမ်ပေါ်အထိလိုက်ပစ်မယ်၊ စိန်လိုက်လေ ကြာသလားလို့” တဲ့၊


ချစ်စရာကောင်းလိုက်တဲ့ရဲဘော်တွေ၊ တိုက်ပွဲဖြစ်ရင် သေတတ်တယ်၊ ခြေပြတ်၊ လက်ပြတ်မယ်၊ မျက်စိကန်းမယ်၊ ဒုက္ခိတဖြစ်မယ်၊ လူ့ဘဝရှုံးမယ်။ ဒါတွေကို သိရက်နဲ့ တိုက်ရဲတယ်၊ ရဲဘော်တွေရဲ့ တော်လှန်တဲ့ သူရဲကောင်းစိတ်ဓါတ်နဲ့ ပြင်ဆင်မှုအလုံးစုံ ပြည့်စုံနေပြီးဖြစ်လို့ တိုက်ပွဲဝင်ရန်သာ လိုတော့သည်။

မှတ်ချက်။ ။

ဘာကြောင့် ခြံစည်းရိုး (၃) ထပ်အထိပေးဝင်ပြီးမှ စတင်ပစ်ခတ်ရသလဲဆိုရင် ကြိမ်းသေပေါက် ရန်သူ့လက်နက်ရမှာမို့ ဒီနည်းကို ကျင့်သုံးလိုက်တာ ဖြစ်တယ်။ တိုက်ပွဲဖြစ်လို့ ရန်သူ့စစ်ပစ္စည်း မရဘူးဆိုရင် ဒီတိုက်ပွဲဟာ အနိုင်ပွဲလို့ မခေါ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ငါတို့တော်လှန်တဲ့တပ်မတော်ကို ရန်သူ့စစ်ပစ္စည်းတွေနဲ့ တတ်ဆင်ရမယ်။


မိမိတို့တပ်ဖွဲ့ ညစာစားပြီးကြပြီး။ တိုက်ပွဲဝင်မည့် ကတုတ်ကြီးထဲတွင် တပ်စုတစ်စု အင်အားရှိနေသည်။ တပ်စိတ်တစ်စိတ် ထမင်းချက်၍ ကျန်တစ်စိတ် ကျောင်းသားတပ်မတော်နှင့် တွဲဘက်ထားသည်။ နှစ်ထပ် ကတုတ်ဖြစ်၍ ရန်သူကို နှစ်ထပ်စလုံးပစ်နိုင်သည်။ အပေါ်ထပ်တွင် မိမိ၊ ဗိုလ်ကြီးတင့်လွင်၊ ဗိုလ်ထူးထူး၊ ရဲဘော် ဘာဂျာမွတ်၊ ရဲဘော်သိန်းငှက်၊ ရဲဘော်ဝင်းထွန်းလင်း (ကျောင်းသားတပ်မတော်မှ စစ်အတွေ့အကြုံလာယူသူ)၊ အပေါ်ထပ် ဘယ်ဘက်ချမ်းတွင် ရဲဘော်သုံးဦး (AK) စက်လတ်တစ်လက်၊ (RPG) (၅) တစ်လက်။ မိမိတို့နှင့် (Browning) စက်လတ်တစ်လက်။ (BAR – Browining Automatic Rifle) တစ်လက်၊ (Rocket Propel Grenade) (၂၊ ၅၊ ၇) တစ်လက်စီ အပေါ်ထပ်တွင် ရှိသည်။ အောက်ထပ်တွင် တပ်ကြပ်ကြီးကော်လာဦးစီး အင်အား (၈) ဦး။ ရဲဘော်လင်းထင် (ကျောင်းသားတပ်မတော်မှ တိုက်ပွဲအတွေ့အကြုံလာယူသူ) နှင့် ဆေးမှူးတစ်ဦး ရှိသည်။

ညနေ (၄) နာရီမှစ၍ မြေနီတောင်ရှိ ရန်သူ့ (၁၂ဝ) နှစ်လက်နှင့် မိမိတို့နေရာကို စတင်ဖြိုခွဲ ပစ်ခတ်နေသည်။ မနားတမ်း မှန်မှန်ပစ်နေသည်။ ပေါက်ကွဲသံကြောင့် (ဝမ်းခါသစ်) စခန်းတုန်ခါနေသည်။ (၆) နာရီထိုးသည့်တိုင် မရပ်သေး၊


“ဒီကောင်တွေ ကျည် တယ်ပေါပါလား၊ ခုထိ မရပ်သေးဘူး။ သေချာပါပြီ ဒီညတော့ တကယ်တက်ပါပြီ” ဟု ဗိုလ်တင့်လွင်မှ မှတ်ချက်ပေးသည်။

(၁၂) နာရီ သန်းခေါင်ကျော်လို့ တိုက်ပွဲဖြစ်ရင် (မေလ ၂ရ ရက်၊ ၁၉၈၉) ရက်နေ့ဖြစ်ပြီး။


“ဒို့တတွေ အိပ်ပျက်အောင် သတင်းလိမ်ပေးတာတော့ မဖြစ်နိုင်တော့ဘူး”


“ဒို့ရဲဘော်တွေကို (၁ဝ) နာရီ ထိုးတာနဲ့ (Stand to) ပေးလိုက်” ရန် ဗိုလ်ကြီးတင့်လွင်ကို ညွန်ကြားလိုက်သည်။ တိုက်ပွဲဝင်ရန်အတွက် ကတုတ်အပေါ်ထပ်တွင် (ပုခက်) ချည်ပြီး ပုခက်ပေါ်ထိုင်ကာ အခြေအနေကိုစောင့်ကြည့်နေသည်။ ထိုအချိန့် မိမိအတွေးထဲတွင် (ဝမ်းခါသစ်) တိုက်ပွဲစဉ်တလျှောက် တိုက်ပွဲဝင်ရင်း မိမိသွေးသားထဲမှ ညီထွေး (ဒုတိယဗိုလ် ထိုလွီဇန် - မြေနီတောင်တိုက်ပွဲတွင်ကျဆုံး) နှင့် ညီဝမ်းကွဲ တပ်ကြပ်ကြီး ပုချို (Rocky) (ကက်ဘလူးတောင်တိုက်ပွဲတွင် ကျဆုံး) ညီနှစ်ယောက် တိုင်းပြည်နှင့် လူမျိုးအတွက် ပေးဆပ်ခဲ့ရသည်ကို မြင်ယောင်လာသည်။


မိမိတို့မိမိသားစုတွင် ညီကိုမောင်နှစ်မ (၈) ယောက်ရှိသည်။ ညီအစ်ကို (၃) ယောက်စလုံး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တွင် စစ်မှုထမ်းကြသည်။ ညီအလတ် ဘော်လ်ဒွင်ဇန် (တပ်ရင်းမှူး KNDO တပ်ရင်း (ရ) ဆုံး)၊ နှင့် ညီထွေး ထိုလွီဇန် (ကျဆုံး) တို့ဖြစ်သည်။ မိမိဖခင်မှ (တော်လှန်ရေးအမွေ) ကိုသာ ပေးခဲ့သည်၊


မှတ်ချက်။ ။


တော်လှန်ရေး ဆိုတာ မိမိအတွက် ရယူခြင်း မဟုတ်၊ အမျိုးသားအတွက် ပေးဆပ်ခြင်း ဖြစ်တယ်၊ တိုင်းပြည်မဲ့နေတဲ့ လူမျိုးအဖြစ်က လွတ်လပ်တဲ့လူမျိုးအဖြစ် ရောက်ရှိဘို့ ဒို့အသက်ထက်ဆုံး တိုက်ပွဲဝင်သွားရမယ်။ ဆင်းရဲမယ်၊ အခက်အခဲ၊ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရမယ်။ နောက်ဆုံးရမဲ့ ဆုလာဒ်ကတော့ (သေခြင်းတရား) ဘဲ၊ ဒါ မင်းတို့ကို ငါ ပေးမဲ့ တော်လှန်ရေးအမွေဘဲ။


ဖခင်ပေးခဲ့သော တော်လှန်ရေးအမွေကို ရင်ဝယ်ပိုက်ရင်း ရှေ့တန်းစစ်မြေပြင်တွင် လပေါင်းများစွာ ကြာညောင်းခဲ့ပြီး ခွင့်ရသဖြင့် မိမိအိမ်သူသက်ထား ချစ်ဇနီး မယားထံ ပြန်ခဲ့သည်။ တနေ့ ညီထွေးရောက်လာပြီး -


“ကျနော် လက်ထပ်တော့မယ်။ လက်ထပ်လက်စွပ်တစ်ကွင်းလောက် လုပ်ပေးပါ” တဲ့၊


မိဘနှစ်ပါးစလုံး ဆုံးပါးသွားပြီဖြစ်၍ အကိုကြီးအဖရာမြောက်သဖြင့် ညီထွေးအတွက် လက်ထပ်လက်စွပ်စီစဉ်ပေးရန် တာဝန်ရှိလာပြီးဖြစ်သဖြင့် -


“ရွေတစ်ကျပ်သား လက်ထပ်လက်စွပ်ဆိုရင် ဘယ်လောက် ကုန်ကျလဲ” ဟု ချစ်ဇနီးအားမေးရာ။


“ရွေတကျပ်သား ထိုင်းဘတ်ငွေ (၅ဝဝဝ)”

မြတ်စွာဘုရား။ ဒို့လို တိုက်ခိုက်ရေးသမားရဲဘော်တွေအဘို့ ထိုင်းဘတ် ငါးထောင် ဘယ်မှာသွားရှာရမှာလဲ၊ တစ်နှစ်လုံးမှ နောက်ပိုင်း ထောက်ပံ့ရေးရာဂဏန်းမျှသာ၊ ဘာဘဲဖြစ်ဖြစ်လေ။ ညီထွေး စိတ်ချမ်းသာစေရန်။ “အေးအေး။ အကိုကြီးစီစဉ်ပေးမယ်” လို့ ပြန်ပြောလိုက်သည်။


ညီထွေး စစ်ဦးစီးဌာနချုပ်သို့ ပြန်ရောက်သွားသည့်တိုင် လက်ထပ်လက်စွပ် ဘယ်မှာ နေမှန်းမသိ၊ တနေ့ (ဝမ်းခါသစ်) စခန်းအနောက်ဘက် တောင်ကြောတလျှောက် လက်နက်ကြီး ငယ်သံများဆူညံစွာထွက်ပေါ်လာသည်။ တိုက်ပွဲတော့ဖြစ်နေပြီး။ နံနက်စောစောမှ ညနေပိုင်းအထိ သေနတ်သံများ မဆုံးသေး။ သတင်းတစ်ခုခုတော့ ကြားရမည်။ ဘယ်ဘက် အောက်မျက်ရည်ခံ လှုပ်သလိုလို၊ သွေးသားလှုပ်သည်ဟု သဘောထားလိုက်သည်။

(၁ဝ၁) မှ ရဲဘော်ခင်ညွှန့်ရောက်လာပြီး -


“ဗိုလ်မှူးတူ မိုအောင်ဝင်း (ဒုတိယဗိုလ်မိုးမောင်ဝင်း - ထွီဖါးဝီးတိုက်ပွဲတွင်ကျဆုံး) ပေါင်မှာ ဒဏ်ရာရတယ်”


“စစ်သားဘဲကွား စစ်တိုက်ရင်း ဒဏ်ရာ ရတာမဆန်းပါဘူး” နောက်ခင်ညွှန့်ကဆက်ပြီး -


“ဗိုလ်မှူးညီကတော့ ကျသွားပြီ” တဲ့၊


မြတ်စွာဘုရား။ ကျနော့်ခေါင်းကို မိုးကြိုးဆယ်စင်း ပစ်ချလိုက်သလိုခံစားရပြီး သတိမေ့သလို ဖြစ်သွားသည်။ ဘယ်လောက်ကြာသွားသည်မသိ။ ညီမ ကော်နီဇန်၊ ကေသီဇန်တို့ ဝမ်းခါစခန်းထဲ ညီထူးလွီဇန်၏ ဈာပနကိစ္စအတွက် သွားရန် တွေ့တော့မှ သတိ ပြန်လည်လာသည်။

မျက်ရည်စက်လက်နှင့်ဖြစ်နေသော ညီမနှစ်ယောက်ကို စိတ်မကောင်းစွာနဲ့ ကြည့်ပြီး -


“အေး သွားကြမယ်၊ စီစဉ်စရာများကို စီစဉ်ကြတာပေါ့”

မိမိတို့ (ဝမ်းခါ) စခန်းတွင်းရောက်တော့ (၁ဝ၁) က အရာရှိ စစ်သည်များ၊ စစ်ဦးစီးဌာနချုပ်မှ ဗျူဟာမှူးဗိုလ်မှူးကြီးလောဝါဒိ (ဆုံး - မိမိညီမ နန်းနွယ်ဇန်၏ ခင်ပွန်း) နှင့် စစ်သည်များ ဈာပန ကိစ္စများ ဆောင်ရွက်နေသည်။ မိမိတို့လုပ်စရာ မလိုတော့။

လွမ်းသူ့ပန်းခွေများ အပြည့်ချထားသော ညီထူးလွီ၏ အလောင်းအား အနီးကပ်သွားကြည့်သည်။ မျက်နှာတွင်ခြစ်ရာ ရှရာများအပြည့်။ နောက်ဆုံးသိရသည်မှာ ရန်သူ့မြေနီတောင်စခန်း ခြေမှုန်းရေးတာဝန်ကျသည်။ ၄င်းကိုယ်တိုင် အနီးကပ် (Reco) ရန်သူ့စခန်းအနီး သွားရောက် ထောက်လှမ်းထားပြီးဖြစ်သည်။ တိုက်ပွဲဖြစ်ပြီး မကြာမှီ ရန်သူ့ ခြံစည်းရိုအတွင်း ကျဆုံးသွားသည်။ ရဲဘော်ဆယ်ဂဏန်းခန့် အသက်ပေးပြီးမှ ၄င်းအလောင်း ရယူနိုင်ခဲ့ကြောင်းသိရသည်။

နောက်နေ့ ညီထွေးနှင့် ကျန်စစ်သည်များ၏ အလောင်းများကို စစ်အခန်းအနားနှင့် ချမည်ဖြစ်သည်။ ဝမ်းခါရှိ စစ်သင်္ဂြိုင်းတွင် စစ်အခန်းအနားဖြင့် ညီထွေးအလောင်းကို မြေချပါပြီး။ စစ်အစဉ်အလာအရ နောက်ဆုံးအမိန့်တော်ပြန်တမ်း ဖတ်ကြားသည်။ ထိုအခိုက် မိမိမျက်စိနှစ်ကွင်းတွင် နှလုံးသားမှ လိမ့်ထွက်လာသော မျက်ရည်ဖြူများ မိမိပါးပြင်ကိုဖြတ်၍ ရင်ဘတ်ပေါ် ကျရောက်လာသည်။

မိမိလက်သီးနှစ်လုံးကို ကြစ်ကြစ် ဆုတ်။ အံကို တင်းတင်းကြိတ်ကာ။ “ညီလေး မင်းသွေးကြွေးဆပ်မယ်”


(၁၂ဝ) မမစိန်ပြောင်းများ အပစ်ရပ်သွားပြီး (၈၄) နောက်ပွင့်ရိုင်ဖယ်များ ရံဖန်ရံခါ ပစ်နေသည်။ (၈၄) မမနောက်ပွင့်ရိုင်ဖယ် မိမိကတုတ်အပေါ် ပေါက်ကွဲတော့မှ မိမိအတွေး ပြတ်သွားတော့သည်။ နောက်ဆုံးစီစဉ် ညွန်ကြားစရာများရှိသဖြင့် ဗိုလ်ကြီးတင့်လွင်၊ ဗိုလ်ထူးထူးနှင့် တပ်ကြပ်ကြီးကော်လာ တို့ကို ခေါ်၍ -

“ရန်သူဝင်ပြီးဆိုရင် အောက်ကတုတ်ရဲ့အပေါ် ကြမ်းပြင်ကို ကျနော် (၃) ချက်ဆောင့် အချက်ပေးမယ်။ အားလုံးပစ်ဘို့အဆင့်ရောက်ပြီး။ ဒီအတောအတွင်း တိတ်တိတ် ဆိတ်ဆိတ် နေထိုင်ရန်” ညွှန်ကြားလိုက်သည်။ ဝမ်းခါစခန်းတစ်ခုလုံး တစပြင်လို တိတ်ဆိတ်နေသည်။ အပ်ကျသံပင် ကြားရမလောက်ဖြစ်နေသည်။ သေနတ်သံများ မကြားရတော့။ နာရီကြည့်လိုက်တော့ (၁၁) နာရီခွဲနေပြီး။ ရန်သူ့လှုပ်ရှာမှု တစုံတရာမတွေ့ရသေး၊ မိမိ၏မိဘများ ပေးခဲ့သော မွန်မြတ်သည့် ဓမ္မအမွေရှိသည်။ စစ်မြေပြင်ထွက်တိုင်း စစ်မတိုက်မှီ မိဘပေးခဲ့သည့်အမွေကို ထုတ်သုံးသည်။ ၄င်းကား ဆာလံကျမ်း အခန်းကြီး (၂၃)၊ (၂ရ) နဲ့ (၉၁) ကို ရွတ်၊ ဘုရားဝတ်ပြုပြီး စစ်တိုက်ဘို့ ပြင်လိုက်တော့သည်။ မိမိဘာသာရေး ယုံကြည်ချက်မှာ -

“မိဘပေးတဲ့ ဓမ္မအမွေကို အာဂုံဆောင်ပြီးစစ်တိုက်ရင် ဘယ်တော့မှ မထိဘူး။ ထိလို့ ကျသွားရင် သခင်ခရစ်တော်ခြေတော်ရင်းမှာ စံမြန်းရပြီး ထာဝရအသက်ကို ရမယ်” လို့ ယုံကြည်သည်။

မိမိဘေးနားရှိ ရဲဘော်ဘာဂျာမွတ် မိမိ၏ (Body Guard) (အစ္စလမ်ဘာသာဝင်) အား -

“ဘာထူးလဲ မွတ်”


“ထူးခြားမှု မတွေ့ရသေးဘူး”

“အေး ရဲဘော်သိန်းငှက် (အစ္စလမ်ဘာသာဝင်) ကို သောင်ရင်းမြစ်ဇောင်းအား သေသေချာချာကြည့်ခိုင်း”

(၁၂) နာရီထိုးပါပြီး။ ထူးခြားမှု မတွေ့ရသေး။ ဝမ်းခါစခန်းတစ်ခုလုံး အမှောင်ထုလွှမ်းခြုံထားလို့ ပိန်းပိတ်အောင် မှောင်နေသည်။ ရှေ့ (၅) ဂိုက်ကိုပင် သာမန်မျက်စေ့နှင့် မမြင်နိုင်တော့၊ မိမိမှာ တပ်မှူးပေးထားသော ညမျက်စေ့ (ညကြည့်မှန်ပြောင်း) (Night Vision) တစ်လက်ရှိသည်။ ဓါတ်ခဲ တစ်စုံသာ ရှိသဖြင့် အချိန်တိုင်း မကြည့်နိုင်၊ ငါးမိနစ်တစ်ကြိမ်၊ (၁ဝ) မိနစ်တစ်ကြိမ် ထုတ်ကြည့်သည်။

သန်းခေါင်ကျော် (၂) နာရီပင်ကျော်ခဲ့ပြီ။ လှုပ်ရှားမှု တစုံတရာမရှိ။ ပကတိ တိတ်ဆိတ်မြဲ၊ (၃) နာရီထိုးသည်နှင့် မိမိညကြည့်မှန်ပြောင်းအား ထုတ်ကြည့်လိုက်ရာ လပြည့်ဝန်းည အလင်းရောင်အတိုင်း မိမိတို့ကတုတ်ရှေ့ ခြံစည်းရိုးရှေ့တွင် ရှေ့ နောက် တန်းစီ၍ ကြောပိုးအိပ်ကိုယ်စီလွယ်ကာ ခြံစည်းရိုးနားသို့ ကပ်လာသောရန်သူများကို တွေ့နေရသည်။ ၄င်းတို့ နောက်ဘက်တွင် တသီကြီးရှိနေသည်။

စီမံချက်အတိုင်း အောက်ထပ်ရှိရဲဘော်များကို သတိပေးရန် ခြေ (၃) ချက် ဆောင့်လိုက်သည်နှင့် အားလုံးပစ်ရန် အသင့်ဖြစ်နေတော့သည်။ အပေါ်ထပ်ရှိ မိမိရဲဘော်များလည်း မိမိ (BAR) ပေါက်သည်နှင့် ပစ်ကြတော့မည်ဖြစ်သည်။ ညကြည့်မှန်ပြောင်းသည် ဦးခေါင်းတွင် တတ်ဆင်ကြည့်နိုင်သော ညကြည့်မှန်ပြောင်းဖြစ်သဖြင့် မှန်ပြောင်းလည်း ကြည့် မိမိ (BAR) ကို မောင်းဖြုတ်ရန်အသင့်ပြင်ထားလိုက်သည်။

မိမိရှေ့မှရန်သူသည် သံဖြတ်ကပ်ကြေးဖြင့် ခြံစည်းရိုးရှိ သံဆူးကြိုးအောက်ဆုံးထပ်ကို ဖြတ်နေပါပြီး။ တစ်ယောက်သော စစ်သည်မှ ဖြတ်ပြီးသော သံဆူးကြိုးများကို အခြားတဖက်သို့ လိမ့်ယူသွားသည်။ ခြံစည်းရိုးတစ်ထပ်ပြီးသွားပါပြီး။ ဒုတိယထပ်ကို ဆက်ဖြတ်သည်။ ၄င်းတို့နောက်တွင် တပ်စုတစ်စုခန့် ရန်သူများကို တွေ့နေရသည်။ နောက်မရေတွက် နိုင်လောက်အောင်များသော ရန်သူများကို တွေ့ရသည်။


“ခုလောက်ဆို ငပွေးတွေတော့ ကုလားသေ၊ ကုလားမော အိပ်နေရောပေါ့။ ဖင်ထဲ ကြွက်ဝင်တောင် သိမှာမဟုတ်ဘူး” လို့ ထင်နေမည်။ စိတ်ရှည်ရှည်စောင့်ကြည့်နေသည်။

“ညီလေးရေ… မင်းသွေးကြွေးဆပ်ရတော့မယ်ကွ” ဟု အံကြိတ်ပြီး တကိုယ်တည်းပြောလိုက်သည်။ ခြံစည်းရိုး တတိယထပ်ကို ကူးလာပါပြီ။ “ငါ့ အရှေ့က ရန်သူတွေ မကြာခင်သေကုန်တော့မယ်။ သူ့ဆန်စား ရဲမှ ဆိုရိုးအတိုင်း အထက်အမိန့်အရ ငါ့ ရှေ့ရောက်နေပြီး။ ဒို့ကို မုန်းလို့ ရန်ညှိုးတွေရှိခဲ့လို့ သတ်ဘို့လာတာတော့ မဖြစ်နိုင်။ ပြည်ထောင်စုဘွား ညီနောင်ချင်း သတ်ရတော့မယ်။ မိဘတွေ၊ သားမယားတွေ ရှိကြမှာဘဲ၊ ဒုက္ခပါဘဲ၊ မိမိကိုးကွယ် ယုံကြည်သော ခရစ်ယာန်ဘာသာ၏ ပညတ်တော် (၁ဝ) ပါးတွင် (Thou shall not kill) (သူ့အသက်ကို မသတ်နှင့်) လို့ သွန်သင်ထားတယ်။


“ငါဘာလုပ်ရမလဲ” “မထူးတော့ပါဘူးကွား နောင်ခါလာ နောင်ခါဈေး၊ လုပ်စရာရှိတာ ဆက်လုပ်မယ်။ ဘုရားသခင် ကျနော် လူသတ်ရတော့မယ်။ ခွင့်လွတ်ပါဘုရား” - ဟု တကိုယ်တည်းရေရွတ်ပြီး။ ခြံစည်းရိုး (၃) ထပ်ဖြတ်ပြီးလို့ (၄) ထပ်လည်းအကူး မိမိ (BAR) မောင်းခလုပ်ကို ဖြုတ်လိုက်သည်နှင့် -

“ဒက်၊ ဒက်၊ ဒက်၊ ဂျိမ်း၊ ဂွမ်း” ဟူသော လက်နက်မျိုးစုံပေါက်ကွဲသံသည် ဝမ်းခါစခန်းတစ်ခုလုံး ဆူညံ တုန်လှုပ်သွားတော့သည်။ လက်နက်ကြီးငယ်၏ ပစ်ခတ်မှုကြောင့် ခြံစည်းရိုးအတွင်းရောက်နေသည့် ရန်သူများ တစ်ယောက်မျှ အသက်ရှင်ခွင့်မရှိတော့။ မိမိ (BAR) ကျည်အိမ် (၉) ချပ်စလုံး ကုန်အောင်ပြစ်ပြီး။ (၆ဝ) မမ စိန်ပြောင်းပစ်ရန် ဗိုလ်ထူးထူးကို ခေါ်ပြီး စိန်ပြောင်းကို ကိုင်ခိုင်းသည်၊ ထိုနောက် စိန်ပြောင်းသီးရှိ (Pin) ဖြုတ်ပြီး တစ်လုံးပြီးတစ်လုံး ရှေ့ကိုက် (၅ဝ) အတွင်း ပြစ်ထည့်လိုက်သည်။ “အုံး၊ ဂွမ်း” ဟူသော အသံများ၊ ဘက်နှစ်ဘက်၏ပစ်ခတ်သံများ၊ အော်သံ၊ ဆဲသံများဖြင့် လပြည့်ညကို အကျည်းတန် အရုပ်ဆိုးသွားစေတော့သည်။


မိမိ (၆ဝ) မမ ပစ်နေစဉ် (၆ဝ) မမကို ကိုင်ထားသော ဗိုလ်ထူးထူးတင်ပါး ကျည်ထိပါတော့သည်။ “ကျနော့ကို ထိသွားပြီး” “ဒါဆို အောက်ဆင်း၊ တပ်ကြပ်ကြီး ကော်လာကို လွတ်လိုက်” တပ်ကြပ်ကြီး ကော်လာရောက်လာပြီး (၆ဝ) မမ ဗုံးသီး (၄ဝ) ကုန်အောင် ဝှေ့ဝိုက် ပစ်ထည့်လိုက်သည်။ မိမိရှေ့ ကိုက် (၅ဝ) အတွင်း မဲမှောင်သွားတော့သည်။ ဘက်နှစ်ဘက်၏ ပြစ်ခတ်နေသော ကျည်များ ထိပ်ချင်းထိတွေ့ ပေါက်ကွဲနေသည့်အလား ထင်နေရသည်။


“ဘာလိုလဲ။ ဘာတွေပို့ရမလဲ” ဟု နောက်ပိုင်းမှမေးလာသည်၊

“(RPG) (၂၊ ၅၊ ၇) ဗုံးသီးတွေလိုနေပြီ။ အမြန်ပို့”

ဗိုလ်ကြီးတင့်လွင်တစ်ယောက် (RPG) (၂၊ ၅၊ ၇) တို့နှင့် အလုပ်ရှုပ်နေသည်။ မိမိလည်း ပစ်စရာ (၆ဝ) မမ ဗုံးသီးကုန်သွားသဖြင့် (RPG) များကို ယူပစ်နေသည်။ ရဲဘော်ဘာဂျာမွတ်၊ ရဲဘော်ဝင်းထွန်းလင်းနှင့် ရဲဘော်သိန်းငှက်တို့ ပစ်ပြီးသား (RPG) များရှိ ပြောင်းအတွင်းကပ်နေသော ယမ်းချီးများကို တိုက်နေကြသည်။

မိမိတို့ ဒီလောက်ပစ်နေတာတောင် ရန်သူပစ်အားမလျော့။ လူအုပ်ကြီးနှင့် အော်သံများ ကြားနေရသည်။ မိမိတို့ ကတုတ်ထဲသို့ သံပုရာသီးအရွယ် လက်ပစ်ဗုံးများ (၁ဝ) လုံးထက် မနည်းကျရောက်သည်။ ပေါက်ကွဲခြင်းမရှိ၊ လိုအပ်နေသော (RPG) သီးများက မရောက်သေးသဖြင့် ကတုတ်ကြီးနောက် မိမိကတုတ်အတွင်းရှိ Sd (M- 72) (Light Anti – tank Weapon – LAW) တစ်လုံးသွားယူပြီး ခြံစည်းရိုးအတွင်းရောက်နေသော ရန်သူအား ပစ်ထည့်လိုက်သည်။ ယမ်းအားကြောင့်လား၊ တုန်ခါမှုကြောင့်လားမသိ။ ကြခတ်ဝါးရုံအတွင်း တစ်ယောက်သွားကပ်ပြီး သေနေသည်။

ရန်သူများ ပစ်နေတုန်း၊ အော်နေတုန်း။ ထို့ကြောင့် (M - ၁၆) တစ်လက်ယူပြီး ရန်သူကို ချိန်ရွယ်ပစ်ထည့်လိုက်သည်။ ကျည် (၂ဝ) ဆန့် ကျည်အိမ်တစ်ချပ်ကို (၃) ချက်ဘဲ ကုတ်ထည့်လိုက်သည်။ ဘေးနားရှိ ရဲဘော် (၃) ယောက် လက်မလယ်အောင် ကျည်ဖြည့်နေကြရသည်။


နံနက်(၅)နာရီထိုးတော့မည်၊ ရန်သူ့ပစ်အားနည်းသွားသည်။ အော်သံဝေးသွားသည်၊ ဆဲသံကြဲသွားသည်။ မိမိသုံးသပ်မိပါပြီး -


“ဒီပွဲ ဒို့နိုင်ပြီးကွ”

“ညီလေးရေ… သွေးကြွေး ကျေပြီးကွ” ဟု မိမိတဦးတည်းအော်လိုက်သည်၊

ရဲဘော်စောငယ် (ကျဆုံး) သေနတ်များဆင်းကောက်နေသည်။ ရဲဘော်ဘာဂျာမွတ် G - ၄ (၂) လက်၊ M - ၇၉ (၂) လက် ကောက်လာသည်။


“ဟေ့ စောငယ်… လက်ဆင့်ကမ်း သေနတ်တွေယူ၊ မင်းခြေရာအတိုင်း အခြားရဲဘော်တွေ တက်နင်း။ (၁ဝ၁) က ဗုံးခင်းထားလားမသိဘူးကွ”


ညွှန်ကြားချက်အတိုင်း ရဲဘော်များ သေနတ်တွေကောက်နေကြသည်။ ခြံစည်းရိုးအပြင်ဘက်တွင် ဒဏ်ရာနှင့် လဲနေသော ရန်သူများရှိသည်။ အာရုံတက်ပြီး အလင်းရောင်သန်းလာပြီဖြစ်လို့ ကောင်းစွာတွေ့နေရပါပြီး ဒဏ်ရာနှင့် လူးလွန့်နေသော ရန်သူ သုံး၊ လေး ဦး ရှိနေသည်၊

“ဟေ့.. ဟေ့… အရမ်းမသွားနဲ့ သေလား ရှင်လား မသိသေးဘူး။ အနားရောက်မှ တေ့ပစ်လိုက်နိုင်တယ်။ ခဏစောင့်ရန် ညွှန်ကြားပြီး လူးလွန့်နေသော ရန်သူများကို (Sniper) တစ်လက်ဖြင့် အပြတ်ရှင်းထည့်လိုက်သည်။


မှတ်ချက်။ ။


ဧရာဝတီမြစ်ဝကျွန်းပေါ်တိုင်း တိုက်ပွဲတစ်ခုတွင် အမှတ် (၂) တပ်ရင်း၊ ကရင်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် မှရန်သူ့တပ်ဖွဲ့တစ်ခုလုံးကို ခြေမှုန်းလိုက်ပြီး ဒဏ်ရာရ စစ်သုံ့ပန်းများနှင့် လက်နက်ချ (၃ဝ) ကျော်အား စုရပ်တစ်ခုသို့ ပို့ရန် စီစဉ်နေစဉ် တနေရာက ဒဏ်ရာရနေသော ရန်သူမှ ပစ်ထည့်လိုက်သဖြင့် မိမိတို့ချစ်မြတ်နိုးရသော တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးချစ်တင် (ဗမာကလေး၊ ငယ်စဉ်ကလေးဘဝမှစ၍ ကရင်မိဘနှစ်ပါး မွေးစားသားဖြစ်သည်) ကျဆုံးသွားသည်။

ရန်သူများ ဆုတ်သွားလေပြီး။ ကက်ဘီလူးတောင်ခြေသို့ ပြန်လည် နေရာယူမည်ဖြစ်သည်။ ရန်သူ့ထံမှ ရရှိသော သေနတ်များ မိမိကတုတ်တွင်းသို့ တစ်လက်ပြီးတစ်လက် ထည့်နေသည်။ သွေးစ၊ သွေးနများ၊ ဦးနောက်စများနှင့်ပြည့်နေသော သေနတ်မျိုးစုံ မိမိကတုတ်တွင်းသို့ စုပုံ ရောက်ရှိသွားပါပြီ။ မိမိလည်း ကတုတ်ကြီးပေါ်တွင်ထိုင်ပြီး ရန်သူ့အလောင်းများကို စိတ်မကောင်းစွာနှင့် ကြည့်နေမိသည်။ မိမိတို့ ကတုတ်နားတွင် ရန်သူ့အလောင်း (၄) လောင်း၊ မိမိတို့နှင့်အနီးဆုံး ခြံစည်းရိုးတွင် ညှိသေနေပြီး အူထွက်နေသော ရန်သူ့အလောင်းများ၊ ခြံစည်းရိုးအပြင်ဘက်တွင် ပြန့်ကြဲနေသော ရန်သူ့အလောင်းများ၊ ကြခတ်ဝါးရုံတွင် ညှပ်သေနေသော ရန်သူ့အလောင်း၊ ဟို အလောင်း၊ ဒီအလောင်းများကို ကြည့်ပြီး ကျောင်းသား တပ်မတော်မှ လူငယ် ဝင်းထွန်းလင်း တစ်ယောက် သွေးပျက်သလို ရူးကြောင်ကြောင် ဖြစ်သွားသည်ကို မြင်နေမိသည်။


မိမိလည်း -


“ရာ ဂဏန်းချီပြီး ပြည်ထောင်စုဘွား ငါ့ညီနောင်များကို သတ်မိပြီးလား၊ ဒီလိုမှ ဒို့ မကာကွယ်ရင် ဒို့ အသက်ရှင် ရပ်တည်ခွင့် ရှိနိုင်ပါ့မလား”

“အာဏာရ စစ်အုပ်စုက ဒို့ကို ပြည်ထောင်စုဘွားညီနောင်များလို သဘောထားပါ့မလား၊ ဒို့ ညီနောင်များအကြား ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာကို ဒီလို စစ်ရေးနည်းနဲ့ ဖြေရှင်းတာ မှန်သလား၊ တရားလား”


“ဒီတိုက်ပွဲဟာ ဒို့နိုင်သလား၊ ဘယ်သူရှုံးလဲ၊ ရန်သူကို ထောင်ချီပြီး သတ်နိုင်လင့်ကစား ဒီတိုက်ပွဲကို အောင်ပွဲလို့ ခေါ်ကြမှာလား” -

စိတ်မကောင်းစွာဖြင့် ရန်သူ့အလောင်းများကို ကြည့်ပြီး -


“ပြည်တွင်းစစ်ကြီး အမြန်ဆုံး ပြီးဆုံးပါစေ”

“ပြည်ထောင်စုဘွား ညီနောင်များအကြား သွေးစည်းချစ်ကြည်ကြပါစေ”

“ငြိမ်းချမ်းသာယာဝပြောတဲ့ ပြည်နယ်ပေါင်းစုပြည်ထောင်စုကြီး ဖွားမြင်လာပါစေ”

“ပြည်ထောင်စုတဝှမ်း လူမျိုးများအကြား တန်းတူမှု၊ တရားမျှတမှု၊ ဥပဒေစိုးမိုးမှု၊ လူလူချင်းတန်ဖိုးထားမှု၊ အပြန်အလှန်လေးစား ချစ်ကြည်မှုရှိလာပါစေ”

လို့ အနတ္တ တန်ခိုးရှင်ထံ ဆုပန်ရင်း ဘယ်ကနေ ဘယ်လို ကျလာမှန်းမသိတဲ့ မျက်ရည်တွေကို သုတ်ရင်းပြီး လုပ်စရာရှိသည့် လုပ်ငန်းများကို လုပ်ရန် ကတုတ်ကြီးပေါ်မှ ဆင်းလာပြီး -

“လက်နက်အားလုံး ဘယ်လောက်ရလဲ” ဟု ဗိုလ်ကြီးတင့်လွင်ကိုမေးရာ၊

“စုစုပေါင်း (ရ၉) လက်၊ (PRC) စက်ကြီးနှစ်လုံး၊ (Browning) ပစ္စတို (၂) လက်” ရရှိသည်ဟု ပြန် သတင်းပို့သည်။


မှတ်ချက်။ ။ တိုက်ပွဲဖြစ်စဉ်တလျှောက်လုံး မိမိဘက်ထိခိုက် ကျဆုံးမှု -

- ရဲဘော်ဗိုလ်ထူးထူး။
- ရဲဘော်လင်းထင်(တိုက်ပွဲအတွေ့အကြုံလာယူသူ၊ ကျောင်းသားတပ်မတော်မှ)
- ရဲဘော်ဇော်ဇော်( ရခိုင်အမျိုးသား)
- ရဲဘော်သူးသူး (ယခု တတိယနိုင်ငံရောက်) တို့ဖြစ်ကြသည်။
- ရဲဘော်အောင်ကျော်မြင့် (တစ်ဦးတည်းသောကျဆုံးသူ)

မှတ်ချက်။ ။


(၁)၊ ရဲဘော်ဘာဂျာမွတ်။ သွေးကဖြစ်သော မိမိသားမဟုတ်လင့်ကစား။ ဘဝကဖြစ်သော မိမိသားဖြစ်သည်။ မိမိကော်သူးလေ မွတ်စလင် လွတ်မြောက်ရေးတပ်ဖွဲ့ တပ်မှူးဘဝမှ မယ်သဝေါ၊ မော်ဖိုးကေ၊ ဝမ်းခါ၊ ဖလူးတိုက်ပွဲစဉ်တလျှောက်လုံး သစ္စာရှိစွာဖြင့်၎င်း၊ သူရဲကောင်းပီသစွာဖြင့်၎င်း ကရင့်လက်နက်ကိုင် တော်လှန်ရေးတာဝန် ကျေပွန်ခဲ့သူ၊ ၁၉၈၉ ခုနှစ်၊ ဇွန်လ(၂ရ) ရက်နေ့တွင် ဖလူးတိုက်ပွဲ့ ကျဆုံးသွားလေပြီးသော မွတ်စလင် အာဇာနည် သူရဲကောင်းဖြစ်သည်။


(၂)၊ (၁၉၈၉) မေလ (၂ရ) ရက်။ ဝမ်းခါသစ်တိုက်ပွဲတွင် မိမိနှင့်အတူ ပါဝင်တိုက်ပွဲဝင်ခဲ့သော ရဲဘော်များ -


ရဲဘော်တင့်လွင်၊ ရဲဘော်ထူးထူး၊ ရဲဘော်ကော်လာ၊ ရဲဘော်ဘာဂျာမွတ်၊ ရဲဘော်သိန်းငှက်၊ ရဲဘော်ဝင်းထွန်းလင်း၊ ရဲဘော်လင်းထင်၊ ရဲဘော်ဆာဒူးဒူးဇန်၊ ရဲဘော်ငြိမ်းငြိမ်း၊ ရဲဘော်ဂျိုးဖြူ၊ ရဲဘော်အယိုင့်၊ ရဲဘော်စံတင်၊ ရဲဘော်မောင်အေး၊ ရဲဘော်အောင်ကျော်မြင့်၊ ရဲဘော်အေးသောင်း၊ ရဲဘော်သန်းဝင်း (စောကုလား)၊ ရဲဘော်လှထွေး၊ ရဲဘော်ထီခန့်၊ ရဲဘော်လဘို၊ ရဲဘော်အောင်ဝင်း၊ ရဲဘော်စောငယ်၊ ရဲဘော်လှထွန်းဦး၊ ရဲဘော်ကျော်မိုးနိုင်၊ ရဲဘော်မြင့်လှိုင်၊ ရဲဘော်ထွန်းမြင့်၊ ရဲဘော်ကျော်ဇေယျ၊ ရဲဘော်သူးသူး၊ ရဲဘော်တင်ထွန်း (ဘုရားသုံးဆူတိုက်ပွဲတွင်ကျဆုံး)၊ ရဲဘော်မောင်ပိန် (နားပိတ်)၊ ရဲဘော်အောင်ဝင်း (နအဖ တပ်ထွက်)။

ကျဆုံးလေပြီးသော ရဲဘော်အပေါင်း ကောင်းရာသုဂတိဘုံသို့လားကြပါစေ -

(ဖူးကီးဒို) မန်းရောဘတ် ဘဇန်

No comments: