အရပ်ဘက် စစ်ဘက်ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၃၉)
ဆောင်းပါးရှင် - ကိုကျော်ထင်
အခြားနယ်ပယ်များတွင်မူ စစ်အေးလွန်ကာလ စစ်ဘက်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု (activity) များအတွက် ဆောင်ရွက်ရေးဆိုင်ရာစံများ ထူထောင်ထားရှိပြီးဖြစ်သည်။ ဥပမာအားဖြင့် မူးယစ်ဆေးဝါးကုန်ကူးမှုနှင့် အကြမ်းဖက်မှုများအား အမျိုးသား လုံခြုံရေးအတွက် အလွန်အမင်း အန္တရာယ်ရှိသော နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုအဖြစ် သတ်မှတ် သဘောထားသော်ငြားလည်းဘဲ လက်နက်ကိုင်တပ်ဖွဲ့အများစုက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရဲနှင့် အကောက်ခွန် ဘက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၏ အထောက်အပံ့ဖြင့်သာ ဆောင်ရွက်အောင်မြင်ရမည့် အရာအဖြစ် တရားဝင် ရပ်တည်မှုပုံစံတစ်ခုကို ချမှတ်ထားရှိပေသည်။
သို့သော်ငြားလည်း အမေရိကန်တောင်ပိုင်း စစ်မိန့်ပေးဌာနနှင့် များစွာသော လက်တင်အမေရိကနိုင်ငံများမှ လက်နက်ကိုင်တပ်ဖွဲ့များ၏ (၁၉၈၀) ခုလွန်နှစ်များနှင့် (၁၉၉၀) ခုလွန် အစောပိုင်းနှစ်ကာလများ၏ မူးယစ်ဆေးဝါးကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အရင်းအမြစ်များ၏ အကျယ်အပြန့် သံန္နိဌာန်ပြုမှုများက တရားမ၀င်သော်လည်း တရားဝင်သည့် (de facto) စစ်ဘက်ဆိုင်ရာ အခန်းကဏ္ဍအသစ်တစ်ခုထားရှိမှုကို အကြံပြု ခဲ့ပေသည်။ မူဝါဒရေးရာ ဆုံးဖြတ်ပြုလုပ်သူအများစုက ဤနယ်ပယ်များတွင် စစ်ဘက်၏ လှုပ်ရှားဆောင်ရွက်မှုများကို အရပ်ဘက် အဖွဲ့အစည်းများ၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်ရန် အကြံပြုမှုများရှိနေစဉ်၌ ဤလှုပ်ရှားဆောင်ရွက်မှုများတွင် မည်သည့်အရာများကို ဦးစားပေး ဆောင်ရွက်သင့်သည်ဆိုသည်နှင့် ပတ်သက်၍ အားလုံးသဘောတူညီမှု အနည်းငယ်သာ ရှိပေသည်။
Panama army
အနောက် ကမ္ဘာခြမ်းဒေသ (Western Hemisphere) မဟာမိတ်များအကြားမှ အကြံပေးချက်များနှင့် မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး အစီအစဉ်များနှင့်ပတ်သက်၍ ဆက်လက်ဖြစ်ပေါ်နေသော သုံးသပ်တန်ဖိုးဖြတ်ချက်များက အကြံပြုပြောဆိုသည်မှာ မူးယစ်ဆေးဝါးကုန်ကူးမှုနှင့် အကြမ်းဖက်မှုတို့အား တိုက်ဖျက်ရေးတွင် စစ်ဘက်က လှုပ်ရှားဆောင်ရွက်ရသည့် အခန်းကဏ္ဍသည် အမေရိကနိုင်ငံများတွင် ဆင်းရဲမှု တိုက်ဖျက်ရေးနှင့် ဖွံ့ဖြိုးမှုထူထောင်ရေးတို့တွင် ရှိခဲ့သည့် စစ်ဘက်တို့၏ အခန်းကဏ္ဍများထက် အနာဂါတ်ကာလ၌ အရေးကြီးမှု လျော့နည်းလာနိုင်လျှက်ရှိသည်ဟု၍ ဖြစ်ပေသည်။
သို့သော်ငြားလည်း အရင်က အတွေ့အကြုံများနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပြည်သူ့ လှုပ်ရှားမှု အစီအစဉ်များ (civic – action program) တွင် စစ်ဘက်တို့ ပါဝင်မှုများက အရေးတကြီးဖြစ်သော အောက်ပါမေးခွန်းများကို ဖေါ်ထုတ်ထွက်ပေါ်စေခဲ့ပေသည် -
(၁) ဆင်းရဲမှု သက်သာလျော့ပါးစေသည့် စစ်ဘက်ဆိုင်ရာတို့၏ အဖြေများကို စည်းကြပ်ပြဌာန်းလိုက်သောအခါ အရပ်ဘက် အဖွဲ့အစည်းများ၏ စွမ်းရည်များအား တိုက်စား လျော့နည်းစေခြင်းများကို မည်ကဲ့သို့ ရှောင်ရှားမည်နည်း၊
(၂) လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မွေးမြူထူထောင်ခြင်းနှင့် အဖျက်အမှောင့် လုပ်ငန်းများကို တိုက်ဖျက်ရေး လုပ်ငန်းနှစ်ခုအကြား ရှင်းလင်းသော မျဉ်းတစ်ခုကို မည်ကဲ့သို့ ရေးဆွဲမည်နည်း စသည်တို့ ဖြစ်ပေသည်။
နိုင်ငံတကာဆိုင်ရာ အယူဝါဒရေးရာ ပဋိပက္ခဖြစ်မှု အဆုံးသတ်သွားခြင်က ဒီမိုကရေစီနှင့် အရင်းရှင်ဝါဒ (capitalism) နှင့်ပတ်သက်သည့် ကျယ်ပြန့်သော လက်ခံမှုကို ဦးဆောင်ဖြစ်ပေါ်စေခဲ့သော်ငြားလည်းဘဲ တိုက်ပွဲများအတွက် အသင့်ဖြစ်နေရမည့် (combat - ready) လက်နက်ကိုင်တပ်ဖွဲ့များ လိုအပ်မှု မပျောက်ကွယ်သွားသေးပေ။ ရာစုနှစ် ကုန်ခါနီးတွင်ရှိနေသော အမျိုးသားလုံခြုံရေးဆိုင်ရာ မရှိမဖြစ်အရေးတကြီး ဆောင်ရွက်ရမည့် အရာများသည် စစ်အေးကာလတုန်းက နိုင်ငံတကာလူမှု အသိုင်းအ၀ိုင်းက ရင်ဆိုင်ခဲ့ရသော ယင်းအရာများထက် မကြာခဏပင် ပို၍ အသွင်သဏ္ဍာန် ကွဲပြားသော အသွင်ဖြင့် ဖေါ်ပြခံလာရလျှက်ရှိပေသည်။
အမျိုးသားလုံခြုံရေးဆိုင်ရာ (၁၉၉၄) ဂျူလိုင်လ အစီရင်ခံစာတွင် သမ္မတကလင်တန်က လူမျိုးစုပဋိပက္ခ၊ ရန်လိုသည့်နိုင်ငံများနှင့် အကြီးစား အဖျက်လက်နက်များ (weapons of mass destruction) စုပုံလာခြင်း စသည်တို့ ကဲ့သို့သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ယုတ်လျော့ ကျဆင်းလာမှု၊ လူဦးရေတိုးတက်မှု စသည်တို့ကဲ့သို့သော အကျယ်အပြန့် စိုးရိမ်ရမှုများနှင့်အတူ “အသည်းအသန်ဖြစ်သော အန္တရာယ်များ (serious dangers)” အဖြစ် စာရင်းထည့်သွင်း ပြုစုခဲ့ပေသည်။
ကမ္ဘာ့ကုလသမဂ္ဂက နိုင်ငံတစ်ခုအတွင်းဖြစ်ပွားသော ပဋိပက္ခများတွင် လက်နက်ငယ်များ အသုံးပြုမှုသည် စစ်အေးတိုက်ပွဲ ပြီးဆုံးပြီးကတည်းကစ၍ ပထမကမ္ဘာစစ်ပြီးနောက်ပိုင်း မည်သည့် အချိန်ကာလကထက်မဆို ပို၍ မကြာခဏ ဖြစ်ပျက်လာနေခဲ့သည်ဟု ဖေါ်ပြခဲ့ပေသည်။ စစ်အေးလွန်ကာလ ပြည်ပဆိုင်ရာ ခြိမ်းခြောက်မှု သဘာဝ ပြောင်းလဲလာနေသော်ငြားလည်းဘဲ နိုင်ငံများအနေဖြင့် သူတို့နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်လာသောအခါ အင်အားအသုံးပြုရသည့် အရည်အသွေးများ လိုအပ်နေဆဲပင်ဖြစ်သည်။ လျှင်မြန်စွာ တပ်ဖြန့်ခွဲနေရာချထားမှု၊ စစ်ဘက်ဆိုင်ရာစနစ်များ စည်းလုံးညီညွှတ်မှုရှိခြင်းနှင့် နိုင်ငံတကာဆိုင်ရာ မဟာမိတ်များအကြား ပြည့်ဝသော နိုင်ငံတကာစီမံချက်ဆိုင်ရာ အရည်အသွေးများ စသည်တို့အတွက် ခေတ်ပြိုင် လိုအပ်ချက်များကပေးသော တိုတောင်းသည့် ကြေညာချက်အပေါ်တွင် လက်နက်ကိုင် တပ်ဖွဲ့များကို မစုစည်းနိုင်သောကြောင့် အမျိုးသားကာကွယ်ရေးတွင် ရေရှည် ရင်းနှီးမြှုပ်နှံမှုသည် လိုအပ်နေဆဲပင်ဖြစ်သည်။
ယင်းက နိုင်ငံများ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် တူညီသော ဖွဲ့စည်းပုံရှိရမည် ဟုလည်းကောင်း နိုင်ငံများနှင့် ဒေသဆိုင်ရာ လက်နက်ကိုင် တပ်ဖွဲ့များအကြား လက်ရှိ တကမ္ဘာလုံးဆိုင်ရာ ဟန်ချက်ကို ထိန်းသိမ်း ထားရှိမည်ဟူ၍လည်းကောင်း မဆိုလိုပါ။ ဥပမာအားဖြင့် ကော်စတာရီကာ (Costa Rica)၊ ပနားမား (Panama)နှင့် ဟေတီ (Haiti) နိုင်ငံများတွင် သူတို့၏ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးကို ဖျက်သိမ်းထားသော်ငြားလည်းဘဲ သူတို့၏ နယ်မြေများ တစည်းတလုံး တည်းရှိမှုကို ကာကွယ်ရန်နှင့် သဘာဝ ဘေးအန္တရာယ်များကို အောင်မြင်စွာ စီမံကွပ်ကဲ ကျော်လွှားနိုင်ရန်အလို့ငှာ လုံခြုံရေးတပ်ဖွဲ့များနှင့် နိုင်ငံတကာမဟာမိတ်အဖြစ် ဆောင်ရွက်ထားမှုများကို ဆက်လက် ထိန်းသိမ်းထားရှိခဲ့ကြသည်။
အပိုင်း (၄၀) ကို နောက်တစ်ပတ်တွင် ဆက်လက်ဖေါ်ပြသွားပါမယ်။
No comments:
Post a Comment