VOA မြန်မာပိုင်း “တပ်မှူးတပ်သား ပြောစကား” အစီအစဉ် (၈)
မြောက်ကိုးရီးယားတွေနဲ့  ဒုံးကျည်ထုတ်လုပ်နေတဲ့ ကပစ (၁၀) - အပိုင်း (၁)
ဦးမြင့်စိုး။ ။ ကျနော်က ကိုယ်ပိုင်နံပါတ် - ၇၉၈၇၁၆၊ တပ်ကြပ်ကြီးစာရေး မြင့်စိုးပါ။ ၁၉၉၁ခုနှစ်မှာ ကျနော် စလေမြို့မှာရှိတဲ့ ကပစ (၉) (ကာကွယ်ရေးပစ္စည်းစက်ရုံ - အမှတ် ၉) မှာ ၀င်ရောက်ပြီးတော့မှ အမှုထမ်းခဲ့တယ်၊ သင်တန်းတက်တယ်။ အဲဒီတုန်းက ကပစ (၉) က နှစ်ဌာနရှိတယ်။ ရှေ့တန်းရုံးဆိုပြီးတော့မှ ကပစ (၁) ရန်ကုန်မှာဘဲ အဲဒီ အင်းလျားလိပ် ဟော်တယ်ဘေးနားမှာ တစ်ခုဖွင့်တယ်။ ကျနော်က သင်တန်းဆင်းပြီးတော့ အဲဒီမှာ တာဝန်ထမ်းဆောင်နေရတယ်။ (၉) မီလီမီတာ ပစ္စတိုကျည်ဆံ ထုတ်တဲ့စက်ရုံမှာ ကျနော် တာဝန်ကျပါတယ်။ အဲဒီကနေ ကျနော် တစ်နှစ်လောက် ထုတ်လုပ်ရေးတာဝန်ကို ထမ်းဆောင်ပြီးတဲ့အခါကျတော့ ကျနော် တပ်ကြပ်ကြီး စာရေးသင်တန်း ပြင်ဦးလွင် အနီးစခန်း အပတ်စဉ် (၉၃) မှာ ကျနော် တက်ရောက်ပါတယ်။ (၁၉၉၃) ခုနှစ် (၈) လပိုင်းလောက်မှာ ကျနော်ပြန်ပြီးတော့ သင်တန်းဆင်းလာပါတယ်။ တပ်ကြပ်ကြီးစာရေးနဲ့ ကျနော် ကပစ (၁၀)၊ စက်ရုံသစ်တည်ဆောက်မယ့် စီမံကိန်းကို ကျနော် တာဝန်ကျခဲ့ပါတယ်။ အဲဒီ စက်ရုံမှာ တာဝန်ကျတော့ ကျနော်တို့ တပ်ကြပ်ကြီးစာရေး သုံးယောက်ရယ်၊ နောက်….
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ကပစ (၁၀) စက်ရုံအသစ်က ဘယ်မှာပါလဲ ခင်ဗျ။
ဦးမြင့်စိုး။ ။ ကပစ (၁၀) က အထက်မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာမြောက်ဖက်မှာ တည်ရှိပါတယ်။
ဦးရော်နီညိမ်း။ ။ ဘယ်တိုင်းထဲကလဲ ခင်ဗျ။ အရပ်ဘက်တိုင်း ဘယ်တိုင်းထဲကလဲ။ စစ်တိုင်း ဘယ်တိုင်းထဲကလဲ ခင်ဗျ။
ဦးမြင့်စိုး။ ။ အရပ်ဘက်တိုင်းကတော့ မကွေးတိုင်းထဲမှာပါ။ မကွေးတိုင်း အထက် မင်းလှမြို့နယ်ထဲမှာပါ။ စစ်တိုင်းအနေနဲ့ကတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်။
ဦးရော်နီညိမ်း။ ။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ဆိုတော့ ကျနော်တို့ မန္တလေး လက်အောက်ခံပေါ့။
ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် မြောက်ကိုရီးယား ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကင်ဂျင်ဆစ်တို့ (၂၀၀၈) ခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနေပုံ
ဦးမြင့်စိုး။ ။ ဟုတ်ကဲ့ မန္တလေး လက်အောက်ခံ။ အဲဒီမှာ ကျနော်က ရုံးအုပ်။ ခေတ္တရုံးအုပ်နဲ့ ကျနော်တာဝန်ကျ ခဲ့ပါတယ်။ အဲဒီ ကပစ (၁၀) ရဲ့ အဓိကစီမံကိန်းက Rocket ဒုံးကျည်များထုတ်ဖို့ဆိုပြီး ဖွဲ့စည်းပေးလိုက်တာ ဗိုလ်မှူးကြီး တစ်ယောက်ရယ်၊ ဗိုလ်မှူးတစ်ယောက်၊ နောက် ရေး/ထောက် အရာရှိတစ်ယောက်၊ ကျန်တဲ့ဟာတွေကတော့၊ စစ်သည် (၄၅) ယောက်နဲ့ ရုံးအဖွဲ့ကတော့ (၇) ယောက်နဲ့၊ ကျနော်တို့ စတင်ဖွဲ့စည်းခဲ့တယ်။ စတင် အကောင် အထည်ဖေါ်ဖို့ဆိုပြီးတော့မှ ပထမဦးဆုံး မြေသိမ်းလုပ်ငန်းကို ကျနော်တို့ လုပ်တယ်။ အဲဒါ လုပ်တဲ့အချိန်မှာ မြေသိမ်း လုပ်ငန်းအတွက် ကျနော်တို့ ကပစ (၂) မှာ တွဲပြီးတော့မှ အဲဒီ တောတိုးပြီးတော့မှ မြေသိမ်းလုပ်ငန်းကို စတင် ဆောင်ရွက်ခဲ့တယ်။ (၁၉၉၃) ခုနှစ်မှာ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဆရာကြီး။ ကပစ (၂) က၊ ဘယ်မှာရှိပါသလဲ ခင်ဗျ။
ဦးမြင့်စိုး။ ။ အထက်မင်းလှမြို့နယ်၊ မလွန်ကျေးရွာမှာပါ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီ ကပစ (၂) နဲ့ အတူတွဲပြီး မြေသိမ်းလုပ်ငန်းတွေ လုပ်တယ်ဆိုတာက ကျနော်တို့ ဒီကျေးရွာ ပြည်သူလူထုတွေ ပိုင်တဲ့မြေတွေကို သိမ်းတာလား ခင်ဗျ။ လယ်မြေ၊ ယာမြေတွေကို။
ဦးမြင့်စိုး။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ကုန်ကြီးကျေးရွာက ရွာသားတွေပိုင်ဆိုင်တဲ့ ဘိုးဘွားပိုင်မြေတွေကို ကျနော်တို့က ၀င်ရောက်သိမ်းဆည်းရတာ ဖြစ်ပါတယ်။ အဲဒါကတော့ ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်နဲ့ ကျနော်တို့ သိမ်းတယ်။ အဲဒီလို သိမ်းပြီးတဲ့အချိန်မှာ ကျနော်တို့ ကျေးရွာက အဖွဲ့အစည်းတွေကို အတင်းအဓမ္မ လက်မှတ်ထိုး ခိုင်းတာတို့ ဘာတို့ ကျနော်တို့ လုပ်ရပါတယ်။ အဲဒါကတော့ အဆင့်ဆင့်ပေါ့လေ။ ဒီ ကာကွယ်ရေးဦးစီးချုပ်ကနေ သိမ်းခိုင်းတဲ့ အမိန့်ကြော်ငြာစာတွေကိုပြပြီးတော့မှ ဒီ မ၀တ၊ ခ၀တ၊ တ၀တ အထိအောင် ကျနော်တို့က သူတို့ကို လက်မှတ်ထိုးခိုင်းတာတို့ ဘာတို့ ကျနော်တို့လုပ်ပြီးတော့မှ အဲဒီဟာကို မြို့နယ်အဆင့်ကနေ တိုင်းအဆင့်၊ တိုင်းအဆင့်ကနေ ပြည်ထဲရေးဝန်ကြီးဆီ ရောက်သည်ထိတိုင်အောင် ကျနော်တို့ ဆင့်ကဲ ဆင့်ကဲ တင်ပြီးတော့မှ ပြည်ထဲရေးဝန်ကြီး ဌာနကနေ ကျနော်တို့ အမိန့်စာတွေ ကျလာတယ်။ အဲဒီက။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကျေးရွာပေါင်း ဘယ်နှစ်ရွာက မြေတွေကို သိမ်းပြီးတော့ ဧကပေါင်း အကြမ်းဖျဉ်း ဘယ်လောက်လောက်ရှိပါသလဲ ခင်ဗျ။
ဦးမြင့်စိုး။ ။ ဟုတ်ကဲ့၊ ကျေးရွာက သုံးရွာရှိတယ်။ ကုန်းကြီးကျေးရွာရယ်၊ နောက်ပြီးတော့ မယ်ဇလီတော၊ ဒီဘက်က သံပုရာကန်ကလည်း သူက ရွာတော့ မဟုတ်ဘူးပေါ့လေ။ ကျနော်တို့က သံပုရာကန်စက်ရုံနဲ့လည်း နီးတဲ့အတွက် သံပုရာကန်စက်ရုံထဲမှာ တောင်သူလုပ်နေတဲ့ လူတွေလည်းရှိတယ်။ အဲဒီအထဲက မြေကိုသိမ်းတဲ့အတွက် ကျေးရွာ သုံးရွာလို့ ပြောလို့ရပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ သံပုရာကန်ဆိုတာ ကျနော်တို့ ရေနံချက်စက်ရုံရှိတဲ့ ဧရာဝတီမြစ် တစ်ဘက်ကမ်းမှာရှိတဲ့ မင်းဘူး မန်းရေနံမြေက သံပုရာကန် ရေနံချက်စက်ရုံလား ခင်ဗျ။
ဦးမြင့်စိုး။ ။ အနောက်ဘက်ကမ်းမှာ။ ဟုတ်ကဲ့၊ ရေနံချက်စက်ရုံ။ ဟုတ်ကဲ့၊ အဲဒီမြေဧရိယာကို သိမ်းစဉ်အခါတုန်းကလည်း ကျနော်တို့က ဒီနေရာဟာ underground နဲ့ လုပ်လို့ရမယ့် မြေပြင်လက္ခဏာကို ကျနော်တို့ ဆင်းပြီးတော့မှ ကျနော်တို့ ကိုယ်တိုင် မြေနေရာတွေ သတ်မှတ်ပြီးတော့မှ ကျနော်တို့ အဲဒီမှာ ရွေးချယ်ပြီး အဲဒီမှာ… ဟုတ်ကဲ့။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဆရာကြီး။ ကျနော်တစ်ခုလေး ဖြတ်ပြီး မေးပါရစေ။ အဲဒီတော့ ဆရာကြီးတို့ အဲဒီနေရာကို သိမ်းတုန်းက ဒီဒေသခံ ကျေးရွာလူထုတွေကို မြေအစား ပြန်ပေးတာတို့ သို့မဟုတ် လျော်ကြေးငွေ ပေးတာတို့ လုပ်ပေးခဲ့ပါသလား။
ဦးမြင့်စိုး။ ။ မလုပ်ပေးခဲ့ဘူး၊ မလုပ်ပေးနိုင်ပါဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လုပ်ပေးတယ်လို့ ပြောရရင်တော့ ဥပဒေအရ ပေးတာကတော့ အဲဒီတုန်းက ကျနော်တို့ (၁၉၅၉) ခုနှစ် အက်ဥပဒေအရ လန (၃၉) (လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ခြင်း ဥပဒေပုဒ်မ - ၃၉) နဲ့ ပတ်သက်တဲ့ မြေလျော်ကြေးသည် (၁) ဧကကို (၂) ကျပ်ပဲ ရှိပါတယ် ခင်ဗျ။ ဒါကလည်း မြေအမျိုးစားပေါ်မူတည်ပြီးတော့မှ (၂) ကျပ်နဲ့ (၁) ကျပ်ခွဲ အဲဒီအဆင့်နဲ့ပဲ ကျနော်တို့ လျော်ပေးတဲ့ အချိန်ကျတော့ တောင်သူလယ်သမားတွေကလည်း လက်မခံပေမယ့် အာဏာရှင်ရဲ့အောက်မှာ ရောက်နေတဲ့အတွက် သူတို့တွေ အားလုံးဟာ သူတို့ လက်မှိုင်ချပြီးတော့မှ အားလုံး လက်မှတ်ထိုးပေးရပါတယ်။
တစ်ခါတစ်လေကျတော့ ရွာသားတွေက လာမထိုးဘူး။ လာမထိုးရင် ကျနော်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရွာသားတွေရဲ့ နံမည်ကို လက်မှတ်အတုထိုးပြီးတော့မှ ကျနော်တို့ တိုင်း၊ တပ်မတွေ အကုန်လုံး ကျနော်တို့ တင်ပြပြီးတော့မှ ဆောင်ရွက်တာတွေ ကျနော်တို့ အဲဒါတွေ လုပ်ခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ ဗိုလ်မှူးချုပ်ခင်မောင်ဝင်းက ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးရုံး၊ ညွှန်ကြားရေးမှူး။ သူက အဲဒီက သိမ်းတဲ့ တောင်သူလယ်သမား တွေရဲ့ နစ်နာကြေးဆိုပြီးတော့မှ သူတို့က ဘာလုပ်ပေးလဲဆိုရင် ကျနော်တို့အထဲမှာ ယာယီဝန်ထမ်း ဆိုပြီး ခန့်ပေး တာလေးရှိတယ်။ သူတို့ရဲ့သားသမီးတွေကို။ ဒါပေမယ့် အမျိုးသား မပါဘူး။ အမျိုးသမီးပဲ ပါပါတယ်။ ဒီလုပ်ငန်းနဲ့ ပတ်သက်လို့ တပ်မှူးအနေနဲ့ ဗိုလ်မှူးကြီးထွန်းဝင်းပေါ့။ အခုတော့ တပ်မတော်အင်ဂျင်နီယာတက္ကသိုလ်မှာ နည်းပြချုပ်နဲ့ လက်ရှိ တာဝန်ထမ်းဆောင်နေတယ်။ အဲဒါသူက Rocket နဲ့ ပတ်သက်ပြီးတော့ သုတေသနလုပ်ငန်းတွေ နောက်ပြီးတော့ နိုင်ငံခြားပြည်ပမှာ ပညာသင်တွေလွှတ်ပြီးတော့မှ အဲဒီကနေ စီမံချက်တွေ ထုတ်ပါတယ်။ အဲဒီ စီမံချက်စာအုပ်ကလည်း ကျနော်တို့ရုံးအဖွဲ့ကဘဲ အင်္ဂလိပ်လိုရော မြန်မာလိုပါ ရိုက်ပြီးတော့မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို (၁၉၉၄) ခုနှစ်မှာ တင်ပြတယ်။ အဲဒီစီမံကိန်းဟာ မြေပြင်ကနေပြီး ဝေဟင်၊ မြေပြင်ကနေပြီး မြေပြင်ကိုလည်း ပစ်လို့ရတယ်။ ဝေဟင်ကနေပြီး ဝေဟင်ကို ပစ်မယ်ဆိုပြီးတော့မှ ဒုံကျည်းများထုတ်လုပ်ဖို့ စီမံကိန်းကို ရေးဆွဲ အကောင်အထည် ဖေါ်လိုက်တယ်။ ဒါပေမယ့် အဲဒီလို စီမံချက်ရေးဆွဲနေတဲ့ အချိန်မှာဘဲ စာအုပ်တော့ ပြီးသွားပြီပေါ့လေ။ ဒါပေမယ့် စက်ပိုင်းဆိုင်ရာ လုပ်ငန်းပိုင်းဆိုင်ရာပစ္စည်း အထောက်အကူပစ္စည်းက ဘာတစ်ခုမှ မရောက်သေးဘူး။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဆရာကြီး ဟုတ်ကဲ့။ ဆရာကြီးတို့ ခုဏကပြောတဲ့ Rocket ဒုံးကျည် စီမံကိန်းဆိုတာဟာ ပုခုံးထမ်းပစ်လို့ရတဲ့ Rocket Launcher မဟုတ်ဘူးပေါ့။
ဦးမြင့်စိုး။ ။ ဟုတ်ကဲ့၊ ဒုံးကျည် အကြီးစားတွေဘဲ ခင်ဗျ။ အဲဒီအချိန်အတောအတွင်းမှာ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံးက ဒီစက်ရုံ ဆောက်မယ့်ပစ္စည်းတွေအတွက် ပထမ တောင်ကိုးရီးယား၊ ရုရှ၊ တရုတ် အဲဒီ သုံးနိုင်ငံကို ဆက်သွယ်တော့ ကျနော်တို့ လိုချင်တဲ့ Rocket အမျိုးအစားမျိုးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို မရဘူး။ အဲဒီ နိုင်ငံ သုံးနိုင်ငံက မရတဲ့အတွက် နောက်ပိုင်းကျတော့ ဘယ်ကနေ ဆက်သွယ်လာလဲဆိုတော့ မြောက်ကိုးရီး ယားနဲ့၊ အဲဒီနိုင်ငံကိုက ကျနော်တို့က အရံအနေနဲ့ ဆက်သွယ်ဖို့တော့ ကာကွယ်ရေးဦးစီးချုပ်က စဉ်းစားထားတာတော့ရှိတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက မြောက်ကိုးရီးယားနဲ့ ဆက်သွယ်လို့မရသေးဘူး၊ အဲဒီအချိန်မှာ အဲဒါနဲ့ တောင်ကိုးရီးယားရယ်၊ ကျနော်တို့  တရုတ်ရယ်၊ ရုရှရယ် အစရှိတဲ့ နိုင်ငံတွေက ရနိုင်သရွေ့  ဆက်စပ်ပစ္စည်းတွေကို ၀ယ်ပြီးတော့မှ ကျနော်တို့ စက်ရုံတည်ဆောက်လာတယ်။ အဲဒါဆောက်တာ (၁၉၉၄/၉၅) နှောင်းပိုင်းကနေ စပြီးတော့မှ စက်ရုံတွေ ကြီးကြီးမားမားတွေ ဆောက်လာတယ်။ အဲဒီ ကျနော်တို့ သိမ်းထားတဲ့ မြေဧရိယာထဲမှာ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ခုဏတုန်းက ဒီ ရုရှတို့ တရုတ်တို့ တောင်ကိုးရီးယားတို့ကနေပြီးတော့မှ ဒီ ဒုံးကျည်ထုတ်လုပ်ရေးဆက်စပ်ပစ္စည်းတွေကို မှာယူလို့ မရတဲ့အတွက်ကြောင့်မို့လို့ မြောက်ကိုးရီးယားက မှာဘို့ ဖြစ်လာတဲ့အကြောင်းလေးကို ဆက်ပြောပေးပါဦး ခင်ဗျ။
ဦးမြင့်စိုး။ ။ဟုတ်ကဲ့၊ အဲဒီလို မြောက်ကိုးရီးယားနဲ့ ဆက်ဆံမှရတော့မယ်ဆိုတဲ့ အကြောင်းအရင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သူတို့ရဲ့ ဒီအထက်ပိုင်းအရာရှိကြီးတွေက သုံးသပ်လိုက်တဲ့အချိန်ကျတော့ သူတို့ ဒီစင်္ကာပူကနေမှတဆင့်၊ ဒီ စင်္ကာပူ၊ တရုတ်တွေက တဆင့် ကြားခံပွဲစားတွေနဲ့ ကျနော်တို့ မြောက်ကိုးရီးယားကို စေလွှတ်ပြီးတော့ မြောက်ကိုးရီးယားကနေ အဲဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ လုပ်နိုင်ကိုင်နိုင်တဲ့ ပညာရှင်တွေကို သူတို့ခေါ်ယူ ဆွေးနွေးပြီးတော့ ကျနော်တို့ မြန်မာပြည်ထဲကို သူတို့ Passport visa မလုပ်ဘဲနဲ့ တရုတ်ပြည်ကနေ အောက်လမ်းမှတဆင့် ကျနော်တို့ မြန်မာနိုင်ငံထဲကို ခိုးသွင်းလာတာတွေ ဖြစ်လာတယ်။ အဲဒါ ကျနော်တို့ (၁၉၉၅) လောက်ကနေ စပြီးတော့ သွင်းလာတာ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဆရာကြီးပြောတဲ့ အထဲမှ ဒီ ပွဲစားကုမ္ပဏီက စင်္ကာပူနိုင်ငံက ကုမ္ပဏီလား၊ စင်္ကာပူနိုင်ငံမှာ လာဖွင့်တဲ့ တရုတ်နိုင်ငံက ကုမ္ပဏီတွေလား။ ဘယ်လိုပါ လဲ ခင်ဗျ။
ဦးမြင့်စိုး။ ။ ကျနော်တို့ မြန်မာနိုင်ငံက စိုးမင်းထိုက် ကုမ္ပဏီက စင်္ကာပူအခြေစိုက်ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီးတော့ သူတို့က ဒီ တရုတ်ကနေမှတဆင့် မြောက်ကိုးရီးယားကို စေလွှတ်ပြီးတော့ သွင်းတာပါ။ ကျနော်သိ သလောက်ကတော့ မြန်မာပြည်က ကိုယ်စားလှယ်ကတော့ စိုးမင်းထိုက်တို့ ဖြစ်ပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ စိုးမင်းထိုက် ကုမ္ပဏီက ပုဂ္ဂလိက ကုမ္ပဏီပေါ့ ။
ဦးမြင့်စိုး။ ။ ဟုတ်ကဲ့၊ ပုဂ္ဂလိက ကုမ္ပဏီပါ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ပုဂ္ဂလိက ကုမ္ပဏီက ကျနော်တို့ ဒီ တပ်မတော်နဲ့ ဘယ်လို ဆက်စပ်မှုရှိလို့လဲ ခင်ဗျ။ သူတို့ တပ်မတော်နဲ့တွဲပြီးတော့မှ အရင်က စီပွားရေး လုပ်ငန်းတွေ ဘာတွေ၊ ရှိလို့ပါလဲ။ သို့မဟုတ်၊ ဒီ တပ်မတော်က ဆွေမျိုးသားချင်း သားသမီးတွေရဲ့ ကုမ္ပဏီတွေလား၊ ဘယ်လိုပါလဲ ခင်ဗျ။
ဦးမြင့်စိုး။ ။ ဟုတ်ကဲ့၊ စိုးမင်းထိုက်ကိုတော့ ကျနော်က မြင်ဖူးတာ ကျနော်တို့ ကာကွယ်ရေးပစ္စည်းစက်ရုံ အားလုံးနဲ့ပတ်သက်လို့ရှိရင် ဦးစိုးမင်းထိုက်က ဒီကျနော်တို့ ကာကွယ်ရေးပစ္စည်းစက်ရုံအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို သူကနေ အားလုံး သွင်းပါတယ်။ ကျနော်တို့ ကပစ အားလုံးကို ကပစ က ကျနော်တို့ မလွန် ကပစ၊ နောက် ပြီးတော့ ဆင်တဲ၊ ထုံးဖို၊ ညောက်ခြေထောက်၊ တိုက်ကြီး အစရှိတဲ့ စက်ရုံတွေမှာ လိုအပ်တဲ့ Essential (မရှိမဖြစ်လိုအပ်တဲ့) ပစ္စည်းတွေနဲ့ ပတ်သက်လို့ရှိရင် စိုးမင်းထိုက်ရဲ့ ကုမ္ပဏီက တဆင့်ခံပြီး ကျနော်တို့ စက်ရုံတွေကို သွင်းပါတယ်။ ကျနော် သိသလောက်ကတော့ သူတို့ ပြောပြချက်အရ လူကြီးတွေ ပြောပြချက်အရ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ တခြား နိုင်ငံတွေကနေ ဒီလို လက်နက်သုံးပစ္စည်းကိရိယာတွေထုတ်လုပ်တဲ့ ကုန်ကြမ်းတွေကို တိုက်ရိုက် ၀ယ်ယူလို့မရတဲ့အတွက် အဲဒီလို စိုးမင်းထိုက် ကုမ္ပဏီကနေပြီး ၀ယ်ယူတယ် ဆိုတာ ကျနော်တို့ သိရပါတယ်။ စိုးမင်းထိုက်က ကျနော်တို့ စက်ရုံတွေမှာ အားလုံးရဲ့ စက်ရုံးအားလုံးအပေါ်မှာ သူ သြဇာသက်ရောက်တာကိုလည်း ကျနော်တို့ သိရတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ပြောပါဦးခင်ဗျ ကျနော်တို့ မြောက်ကိုးရီးယားတွေကို တရုတ်ကနေဖြတ်ပြီး အောက်လမ်းကနေ သွင်းလာတာ၊ ဒါ တရုတ်ပြည်က မသိဘူးဆိုတဲ့ သဘောလား။ တရုတ်ပြည်က သိသိနဲ့ပဲ သွားတာလား။ ဘယ်လိုလဲ။ အဲဒါ ဆရာကြီး ဘယ်လို သိထားလဲ။
ဦးမြင့်စိုး။ ။ တရုတ်အစိုးရက မသိလောက်ဘူး ခင်ဗျ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဒီ ကျနော်တို့ နိုင်ငံကိုလာလုပ်နေတဲ့ တရုတ်တွေဘဲဖြစ်ဖြစ်၊ တောင်ကိုးရီးယားဘဲဖြစ်ဖြစ်၊ ရုရှဘဲဖြစ်ဖြစ်၊ မြောက်ကိုးရီးယားတွေ လာလို့ရှိရင် အဲဒီက စက်ရုံမှာရှိနေတဲ့ နိုင်ငံခြားသား တရုတ်၊ ရုရှ၊ နောက်ပြီးတော့ တောင်ကိုးရီးယားစတဲ့ နိုင်ငံသားတွေအားလုံးကို တခြားစက်ရုံကို ပို့ပစ်လိုက်တယ်။ မြောက်ကိုးရီးယားတွေကိုပဲ ကျနော်တို့ အဲဒီမှာထားတယ်။ သူတို့ လာပြီးတော့မှ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးနေတာလည်း ကျနော်တို့ သိရတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဆရာကြီး။ အဲဒါဆိုရင် နဂိုတုန်းက ကပစ (၁၀) မှာရှိနေတဲ့ တခြားနိုင်ငံခြားသား ဒီ ရုရှတို့ တောင်ကိုးရီးယားတို့ တရုတ်တို့ကို မြောက်ကိုးရီးယားတွေ ရောက်လာတာ သူတို့ကို အသိမခံဘူးပေါ့။ အဲဒါလေးကို ပြန်ပြီးတော့ ရှင်းပြပေးပါဦး ခင်ဗျ။
ဦးမြင့်စိုး။ ။ ကျနော်တို့ မြောက်ကိုးရီးယားနိုင်ငံသားတွေ ရောက်လာတော့မယ်/ ကျနော်တို့ ဒီ တရုတ်ပြည်နယ်စပ်၊ မူဆယ်ဘက်ကနေ လှမ်းပြီးတော့ ဆက်သွယ်တဲ့အချိန်မှာ အဲ့ဒီ စက်ရုံမှာရှိတဲ့ နိုင်ငံခြားသားတွေ အားလုံးကို ကပစ (၃) (ဆင်တဲ) သော်လည်းကောင်း၊ ကပစ (၅) (ဆင်တဲ) သော်လည်းကောင်း နောက် သရက်မြို့ကိုသော်လည်းကောင်း အဲဒါမျိုး ပြောင်းရွေ့ပေးပါဆိုပြီးတော့ ညွှန်ကြားလိုက်တယ်။ အဲလိုညွှန်ကြားတာနဲ့ ကျနော်တို့က ကျနော်တို့ ဒီ ကပစ (၁၀) မှာရှိနေတဲ့ ဒီ တာဝန်ခံတွေအားလုံးက အဲဒီ နိုင်ငံခြားသားတွေကို အဲဒီ စက်ရုံအသီးသီးကို လှမ်းပြီး ပို့ထားပါတယ်။ အဲဒီလို ပို့ထားပေးရပါတယ်။
ဦးရော်နီညိမ်း။ ။ တပ်မတော် (ကြည်း) ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၉)၊ အမှတ် (၁၀)နဲ့ အမှတ် (၁၂) တို့မှာ တာဝန်ထမ်းဆောင်ခဲ့သူ တပ်ကြပ်ကြီးစာရေးဟောင်း ဦးမြင့်စိုးရဲ့ ပြောစကား ပထမပိုင်းကို တင်ဆက်ပေးခဲ့တာပါ ခင်ဗျာ။ ဒုံးကျည်ပစ်စင်ကြီးတွေနဲ့ ပစ်လွှတ်ရတဲ့ ဒုံးကျည်တည်ဆောက်ရာမှာ အရေးအကြီးဆုံး ဒုံးကျည်ရဲ့ အမြီးပိုင်းမှာ မြောက်ကိုးရီးယားတွေနဲ့ တည်ဆောက်နေတာ အခုထိ မအောင်မြင်သေးပုံ ပြည်သူလူထုရဲ့ လယ်မြေ ယာမြေတွေကို သိမ်းယူပြီး မြန်မာနိုင်ငံထဲမှာ မိုင် (၁၀၀) စက်ပစ်ကွင်းကြီး တည်ဆောက်ပြီးတော့ နိုင်ငံခြားက စစ်လက်နက်ထုတ်လုပ်တဲ့ကုမ္ပဏီက သူတို့ရဲ့ စစ်လက်နက်ကြီးတွေ လာရောက်ပစ်ခတ်စမ်းသပ်ပုံ စတဲ့ တပ်ကြပ်ကြီး စာရေးဟောင်း ဦးမြင့်စိုးရဲ့ ပြောစကားတွေကို ဆက်ပြီးတော့ တင်ဆက်ထုတ်လွှင့်သွားမယ်ဆိုတာ အသိပေး အပ်ပါတယ်။ ကျနော် ရော်နီညိမ်းပါ။
No comments:
Post a Comment