.

.

.

June 17, 2010

စစ်အာဏာရှင် စနစ်အောက်က တပ်မတော် - အပိုင်း (၆) (DVB ရဲ့ထုတ်လွှင့်မှု အစီအစဉ်)

စစ်အာဏာရှင် စနစ်အောက်က တပ်မတော် - အပိုင်း (၆)
(DVB ရဲ့ထုတ်လွှင့်မှု အစီအစဉ်)

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်

ဖတ်ကြားသူ - ကိုခင်မောင်စိုး

သောတရှင်များ ခင်ဗျား

စစ်အာဏာရှင်တွေရဲ့ စိတ်ဓါတ် စစ်ဆင်ရေးပညာနဲ့ ၀ါဒဖြန့် ဆောင်းပါးတွေကို ဓမ္မစာစောင်တွေနဲ့ အားကစား ဂျာနယ်တွေပါ မကျန် ထည့်သွင်းနေတာဟာ ပြည်သူလူထုကိုရော တပ်မတော်သားတွေကိုပါ မှိုင်းတိုက်ချင်နေတဲ့ သဘောကို ပြနေပါတယ်။ ဒီမိုကရေစီနိုင်ငံများရဲ့ သတင်းကောင်းတွေဆိုရင် စစ်အာဏာရှင်စနစ်နဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့အတွက် ဖေါ်ပြခွင့် ပြုရမှာကို အလွန် ကြောက်ကြပါတယ်။ အမေရိကန် ပြည်ထောင်စု အကြောင်းဆိုရင် အနိဋ္ဌာန်ရုံတွေကိုပဲ ရွေးထုတ် ဖော်ပြကြပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ တစ်နေ့ ပြစ်မှု ဘယ်နှစ်မှု ဖြစ်နေပြီ။ တစ်နှစ် ဘယ်လောက် ရှိတဲ့အကြောင်း ပြောပါလိမ့်မယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုရဲ့ အကျယ်အ၀န်း၊ အမေရိကန် ပြည်ထောင်စုမှာ ပါဝင်နေတဲ့ ပြည်နယ်တွေနဲ့ လူဦးရေတွေကိုတော့ ထည့်ပြောလေ့ မရှိပါဘူး။ အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံများရဲ့ မဖွယ်မရာ မဂ္ဂဇင်း စာစောင်တွေနဲ့ ရုပ်ရှင်တွေကိုတော့ ဒီမိုကရေစီရဲ့ မကောင်းကျိုး အဖြစ် ပြစ်တင် ထောက်ပြတတ်ပါတယ်။


ဒီမိုကရေစီရရင် အဲဒီလို မဖွယ်မရာတွေ ဖြစ်လာလိမ့်မယ်လို့ ခြိမ်းခြောက် ပြောဆို တတ်ကြပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ ထုတ်ဝေခွင့် ပြုထားတဲ့ မှုခင်း ဂျာနယ်တွေမှာလည်း ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ လူသတ်မှု၊ မုဒိန်းမှု စတဲ့ သတင်းတွေ ပါဝင်နေတာကို ကြည့်ရင် မဖွယ်မရာ ရာဇ၀တ်ပြစ်မှုတွေဟာ နအဖ စစ်အစိုးရ လက်ထက်မှာလည်း မနည်းလှဘူးဆိုတာ ထင်ရှားပါတယ်။ ဒီမိုကရေစီရဲ့ အပြစ် မဟုတ်ပါဘူး။



စစ်အာဏာရှင်တွေရဲ့  မှိုင်းတိုက်ထားမှုကြောင့် တပ်မတော်သားတချို့  ပြည်သူအပေါ် အနိုင်ကျင့်နေကြပုံ (Source from Moemaka)

ဒီမိုကရေစီစနစ်ဟာ အာရှ လူနေမှု စရိုက်၊ အာရှဓလေ့ထုံးစံ၊ အာရှယဉ်ကျေးမှုတွေနဲ့ အံဝင်ဂွင်ကျ မရှိဘူး ဆိုပြီးတော့လည်း တစ်မျိုး ပြောတတ်ကြပြန်ပါတယ်။ တကယ်တော့ ဒီမိုကရေစီစနစ်ဟာ အနောက်တိုင်းမှာ ထွန်းကားနေပေမယ့် အနောက်တိုင်းက ထုတ်လုပ်လိုက်တဲ့ စနစ်တစ်ခုတော့ မဟုတ်ပါဘူး။ ရှေးခေတ်က ဆိုရင် အိန္ဒိယ နိုင်ငံမှာလည်း ပေါ်ပေါက်ခဲ့ဘူးတဲ့ စနစ်ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဟာ ဘယ်နိုင်ငံကဘဲ ထုတ်လုပ်တဲ့ စနစ်ဖြစ်ပါစေ ဒါဟာ လူထု အုပ်ချုပ်ရေး စနစ်တစ်ခုသာ ဖြစ်တဲ့အတွက် ဘယ်လူမျိုး ဘယ်နိုင်ငံမှာ မဆို အကျိုးရှိရှိ ကျင့်သုံးနိုင်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ ပတ်သက်တဲ့ ကိစ္စ အ၀၀ကို ပြည်သူလူထုက စီမံလုပ်ဆောင်တဲ့ အုပ်ချုပ်ရေး စနစ် ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ကိုယ့်ကြံမ္မာ ကိုယ်ဖန်တီးနိုင်တဲ့ စနစ်လို့ ခေါ်ဆိုနိုင်ပါတယ်။ အာဏာရှင် တွေက ခိုင်းချင်သလို ခိုင်းနေတာကို ကိုယ့်ဆန္ဒ မပါဘဲ လိုက်နာ လုပ်ဆောင်နေရတဲ့ ကျေးကျွန် စနစ်မျိုး မဟုတ်ပါဘူး။ လူ့ဂုဏ်သိက္ခာနဲ့ ညီညွတ်တဲ့စနစ် လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်တဲ့ စနစ်လို့ ပြောရပါလိမ့်မယ်။

ဒါကြောင့် နအဖ စစ်အာဏာရှင်များ အော်နေသလို “စည်းကမ်းရှိ၍ စနစ်ကျသော” ဒီမိုကရေစီ လို့ ကန့်သတ်ပြောဆိုနေစရာလည်း မလိုအပ်ပါဘူး။ ဒီမိုကရေစီ စနစ်မှာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီနဲ့ စည်းကမ်းမဲ့တဲ့ ဒီမိုကရေစီ ဆိုပြီး နှစ်မျိုးကွဲနေတာမျိုး မရှိပါဘူး။ ဒီမိုကရေစီ စနစ်မှာ ဒီမိုကရေစီ ကျင့်စဉ်တွေ၊ ဒီမိုကရေစီ စည်းကမ်းတွေ ပါဝင်ပြီးသား ဖြစ်ပါတယ်။ လိုက်နာရမယ့် တရားဥပဒေတွေ ကိုင်စွဲရမယ့် ကျင့်ဝတ်တွေ ရှိပြီးသား ဖြစ်ပါတယ်။ ပြည်သူလူထုက ရွေးချယ်ထားတဲ့ အမတ်များနဲ့ ဖွဲ့စည်းထားတဲ့ ဥပဒေပြုရေး လွှတ်တော်၊ နောက် အုပ်ချုပ်ရေးအဖွဲ့၊ နောက် လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် စတာတွေ အပြင် လွတ်လပ်ပွင့်လင်းတဲ့ မီဒီယာတွေလည်း ရှိတဲ့အတွက် တစ်ခုနဲ့တစ်ခု ထိန်းညှိထားတဲ့ စနစ်လို့ ပြောနိုင်ပါတယ်။ အာဏာရှင်က ၀င်ပြီး အမိန့်ပေးစရာ မလိုတဲ့ စနစ်မျိုး ဖြစ်ပါတယ်။

တကယ်တော့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ စနစ်ကို ထူထောင်ရမယ်လို့ အော်ဟစ်နေကြတဲ့ စစ်အာဏာရှင်ကြီးများ ကိုယ်တိုင် ဘယ်လောက် စည်းကမ်းရှိပါသလဲ။ ဒါ့အပြင် ဒီမိုကရေစီ ဆိုတာကို သရုပ်ခွဲနေတဲ့ အဲဒီ စစ်အာဏာရှင်တွေဟာ ဒီမိုကရေစီ ကျင့်စဉ်ကို ဘယ်နေရာမှာ ကိုယ်တိုင် ကျင့်သုံးခဲ့ဘူးပါသလဲ။ ဒီမိုကရေစီ ၀န်းကျင်မှာ ဘယ်တုန်းက နေထိုင်ခဲ့ဘူးပါသလဲ။ ကိုယ် ကိုယ်တိုင် စည်းကမ်းမလိုက်နာဘဲ၊ ကိုယ် ကိုယ်တိုင် ဒီမိုကရေစီကို မကြုံတွေ့ဘူးပါဘဲ၊ ဒီမိုကရေစီ ကျင့်စဉ်ကို ကိုယ်တိုင် မကျင့်သုံးဘူးပါဘဲ၊ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ကို ထူထောင်မယ်လို့ လေလုံးထွားနေကြတဲ့ စစ်အာဏာရှင်တွေဟာ တကယ်တော့ တိုင်းသူပြည်သားများနဲ့ တပ်မတော်သားတွေကို လိမ်ညာလှည့်စားနေခြင်းသာ ဖြစ်ပါတယ်။

ဒီမိုကရေစီကို တကယ် ထူထောင်ချင်တယ်ဆိုရင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်၊ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းနိုင်ခွင့် စတဲ့ ဒီမိုကရေစီ ကျင့်စဉ်တွေကို ယခု ကတည်းက စတင် လမ်းဖွင့်ပေးဖို့ လိုအပ်ပါတယ်။ တပ်မတော်သားများ အပါအ၀င် ပြည်သူလူထုကို ဒီမိုကရေစီ ကျင့်စဉ်တွေနဲ့ ယဉ်ပါးနေအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ စာသင်ကျောင်းတွေ တက္ကသိုလ်တွေမှာလည်း ဒီမိုကရေစီ ကျင့်စဉ်များကို စတင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ သေချာတာကတော့ ဒီမိုကရေစီ စနစ်ကို ထူထောင်ချင်တယ်ဆိုရင် အာဏာရှင်စနစ်ကို အပြီးအပိုင် ဖျက်သိမ်းပစ်ရပါမယ်။

ဒီမိုကရေစီစနစ်နဲ့ အာဏာရှင်စနစ် ဆိုတာ ယှဉ်တွဲလို့ ရကောင်းတဲ့ အရာနှစ်ခု မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ် ရှိရင် စစ်အာဏာရှင်တွေ မရှိနိုင်ပါဘူး။ စစ်အာဏာရှင် လက်ထက်မှာလည်း ဒီမိုကရေစီ မထွန်းကားနိုင်ပါဘူး။ ဒီအချက်ကို စစ်အာဏာရှင်တွေရဲ့ မှိုင်းသွင်းတာ ခံနေရတဲ့ တပ်မတော်သားများ သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဒါကို သဘောမပေါက်ရင် စစ်အာဏာရှင် စနစ်အောက်မှာ ကျွန်တွေလို ဆက်နေရဖို့ပဲ ရှိပါလိမ့်မယ်။ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူလူထုကို ဖိနှိပ်ချေမှုန်းနေရတဲ့ ကြေးစား စစ်သားတွေ အဖြစ်ဘဲ အသက်ရှင် နေရပါလိမ့်မယ်။

ဒါကြောင့် ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းနေကြတဲ့ ပြည်သူလူထုကို တပ်မတော်က ကာကွယ်စောင့်ရှောက် ရပါလိမ့်မယ်။ နှိမ်နင်းတာမျိုး၊ ဖိနှိပ်တာမျိုး မလုပ်သင့်ပါဘူး။ ဒီမိုကရေစီ အရေး လှုပ်ရှားနေတဲ့ ပြည်သူလူထုကို နှိမ်နင်းတာဟာ မိမိ ကိုယ်ကိုယ် အာဏာရှင်စနစ်ဆိုးအောက်က မလွှတ်အောင် လုပ်နေတာနဲ့ တူပါတယ်။ ကိုယ့် လည်ပင်း ကိုယ် ကြိုးကွင်းစွပ်နေတာနဲ့ တူပါတယ်။ ကိုယ့်သေတွင်း ကိုယ်တူးနေတာနဲ့ တူပါတယ်။ မိမိကိုယ်တိုင်လည်း ပြည်သူလူထုရဲ့ ဒီမိုကရေစီ အရေး ကြိုးပမ်းအားထုတ်မှုကို အားပေးကူညီ သင့်သလို ဒီမိုကရေစီ အရေးကို ပိတ်ပင်ဟန့်ထားနေတဲ့ စစ်အာဏာရှင်တစ်စုကိုလည်း ဖယ်ရှားနိုင်ဖို့ တပ်မတော်သားများအနေနဲ့ စည်းစည်းလုံးလုံး ကြိုးပမ်းသင့်ပါတယ် ခင်ဗျာ။


စစ်အာဏာရှင် စနစ်အောက်က တပ်မတော် - အပိုင်း (၇)
(DVB ရဲ့ထုတ်လွှင့်မှု အစီအစဉ်)

ဆောင်းပါးရှင် - ဗိုလ်မှူး ကျော်ကျော်ခိုင်

ထုတ်လွှင့်ဖတ်ကြားသူ - မန်းစိုင်းမွန်

ကျွန်တော်တို့ မြန်မာနိုင်ငံတော်မှာ ဆင်းရဲ ကြပ်တည်း ဒုက္ခရောက်နေတဲ့ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးများ ဆိတ်သုဉ်းပြီး မွန်းကြပ်နေတဲ့ ပြည်သူလူထုရဲ့ ဘ၀နဲ့ နိုင်ငံရေး အကျပ်အတည်းကြီးကို မျက်မြင်ကြုံတွေ့ နေရပါတယ်။ အဓိက လက်သည် တရားခံကို ရှာဖွေလိုက်ရင် စစ်အာဏာရှင် စနစ်ဆိုးကို မြင်တွေ့ရပါမယ်။

အခုအချိန်မှာတော့ အဲဒီ စစ်အာဏာရှင် စနစ်ဆိုးကို ရေရှည်တည်တံ့အောင် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ကျားကန်ဖို့ ကြိုးစားနေပြန်ပါပြီ။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စထက် အရေးကြီးတာက နအဖ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်သူလူထု ဆန္ဒနဲ့ အညီ ဒီမိုကရေစီနည်းကျကျ ရေးဆွဲခဲ့ပါက ပြဿနာ မရှိနိုင်ပါဘူး။

ယခုတော့ ဒီ အခြေခံ ဥပဒေ ဟာ မည်သူမျှ လက်မခံနိုင်တဲ့ ဥပဒေ ဖြစ်နေသလို နိုင်ငံကောင်းကျိုးကို ဘယ်လိုမှ ဆောင်စွမ်းပေးမှာ မဟုတ်တဲ့ ဥပဒေလည်း ဖြစ်နေတာကို အမြော်အမြင်ကြီးသူတိုင်း သိရှိနိုင်ပါတယ်။ ရွေးကောက်ပွဲ ပါဝင်ချင်သူတွေကို ကြည့်ရင်လည်း ကိုယ်ကျိုးရှာ အချောင်သမားများ၊ နိုင်ငံရေး လုပ်စားမည့်သူများ၊ အတွင်းဝင် ပူးသတ်ဖို့ နည်းလမ်းရှာသူများ၊ ပူးသတ်ယောင်ဆောင်ပြီး နေရာယူချင်သူများသာ ဖြစ်နေတဲ့အတွက် တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုး အမှန်တကယ် သယ်ပိုးမည့်သူများ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုပြီး ဆိုးရွား နိမ့်ကျရုံမက ပျက်စီးဖို့ပင် အရိပ်အယောင် သန်းနေပါတယ်။

ဒါပေမယ့် တပ်မတော်သားတွေ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် စစ်တပ်အတွက် အကျိုး ခံစားခွင့်တွေ ပိုများလာမယ်လို့ မျှော်လင့်နေရင်တော့ အမှားကြီး မှားပါလိမ့်မယ်။ တကယ်တော့ ရွေးကောက်ပွဲကို လက်ခံတာဟာ နအဖ ရဲ့ တဘက်သတ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုရာ ရောက်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူလူထုရော တပ်မတော်အတွက်ပါ ကောင်းကျိုးပြုမှာ မဟုတ်ပဲ ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်ခြင်းသာ ဖြစ်ပါမယ်။ စစ်အာဏာရှင်တွေဘဲ အဆက်ဆက် အုပ်ချုပ်သွားတော့မှာ ဖြစ်ပြီး ယခု ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို ပို၍ ဆိုးဆိုးရွားရွား ဆက်လက် ခံစား ကြရပါလိမ့်မယ်။

ဒီနေ့ တပ်မတော်သားများရဲ့ အခြေအနေဟာ နွားနဲ့ အလားသဏ္ဍာန်တူပါတယ်။ ခိုင်းကောင်းတုန်းက ရသမျှ ခိုင်းမယ်၊ ခိုင်း မကောင်းတော့ရင် ချမ်းသာ မပေးဘဲ နွားသတ်ရုံ ပို့ပါလိမ့်မယ်။ စစ်မှုထမ်းဆဲကာလ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် မှာ ဟန်ပန်တလုံးနဲ့ မာန်တ၀င့်ဝင့် ရှိနေနိုင်ပေမယ့် တပ်ကထွက်ရင် ဒုက္ခပင်လယ် ဝေနေတာကို ဒီနေ့ စစ်မှုထမ်းဟောင်းအားလုံး သိနေကြပြီ ဖြစ်ပါတယ်။ စစ်မှုထမ်းဟောင်း အဖွဲ့ ဆိုတာ ခိုင်းစားဖို့ ရည်ရွယ်ပြီး ဖွဲ့ထားတဲ့ အဖွဲ့တစ်ခုသာ ဖြစ်ပြီး လူတစ်စု ဘဲ အခွင့်ထူးခံနိုင်တဲ့ အဖွဲ့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံ မဟုတ်တဲ့အတွက် လူ့အခွင့်အရေးတွေ၊ ၀န်ထမ်း အခွင့်အရေးတွေ၊ ဥပဒေအရ ခံစားပိုင်ခွင့်တွေ၊ ဆန္ဒပြုခွင့်တွေ ဘာမှ မရှိပါဘူး။ ဒါပေမယ့် တပ်ထဲမှာ ရှိနေတဲ့အချိန်မှာတော့ ဒီလို အခွင့်အရေး ကင်းမဲ့နေတာဟာ သိပ် မသိသာလှပါဘူး။ တပ်ထဲက ထွက်ပြီး သာမန် ပြည်သူလူထု ကြားထဲကို သာမန် ပြည်သူ တစ်ဦးအနေနဲ့ ပြန်လည် ရောက်ရှိလာတော့မှဘဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကင်းမဲ့နေတဲ့ ပြည်သူလူထုရဲ့ ဆင်းရဲ ဒုက္ခတွေကို ကိုယ်တွေ့ ထိတွေ့ခံစားလာရပါတယ်။ ဒီအခါမှ မိမိတို့ ကိုယ်တိုင် တွေ့ကြုံခံစားနေရတဲ့ ဆင်းရဲဒုက္ခ အပေါင်းဟာ စစ်အာဏာရှင် စနစ်ဆိုးနဲ့ ဆက်နွယ်နေတာကို စစ်မှုထမ်းဟောင်းတွေ သိမြင်လာကြပါတယ်။

တကယ်တော့ စစ်မှုထမ်းဟောင်းများဟာ စစ်တပ်တွင်းမှာ အမှုထမ်းစဉ်က “ဟင်းတစ်ခွက်တည်း တောင်ဘက်ကချို” ဆိုသလို အာဏာရှင် တစ်စုနဲ့ အပေါင်းအပါ တွေဘဲ စစ်တပ်ကို အသုံးချ လုပ်စားနေတာ ကိုယ်ကျိုး စီးပွားရှာပြီး စည်းစိမ်ခံနေတာကို သိမြင်ခဲ့ပြီး ဖြစ်ပါတယ်။ ပစ်ကွင်း ကဒ်ပြားထဲကလို ဗဟိုကွင်းထဲမှာရှိနေတဲ့ သူတွေ ဗဟိုကွင်းထဲမှာ လုံလုံခြုံခြုံ စည်းစိမ်ခံစားနေကြပြီး၊ အလယ်ကွင်း၊ အနားကွင်းထဲမှာ ရှိသူများက ဗဟိုကွင်း အတွက် အသေခံ၊ အဆင်းရဲ အပင်ပန်းခံ လှုပ်ရှားပေးနေရတာကိုလည်း သိမြင်ခဲ့ကြပြီး ဖြစ်ပါတယ်။

ဒါကြောင့်လည်း စစ်မှုထမ်းဟောင်းတွေကို စစ်အာဏာရှင်တွေက သိပ် မယုံကြည်ကြပါဘူး။ ဒါကြောင့်လည်း စစ်အာဏာရှင်များက အမိန့်တစ်ခု ထုတ်ပြန်ထားပါတယ်။ စစ်မှုထမ်းဟောင်းများကို တပ်ထဲ ၀င်ရောက် ပတ်သက်ခွင့် မပြုဖို့နဲ့ ၀င်ရောက်ခွင့် ရလို့ ၀င်လာ ရင်လည်း ဂရုပြု စောင့်ကြည့်ဖို့ ဆိုတဲ့ အမိန့် ဖြစ်ပါတယ်။ ဒီအမိန့်ဟာ စစ်သားဟောင်းများအဖို့ ရင်နာစရာ ကိစ္စ ဖြစ်ပါတယ်။ မျိုးဆက်သစ်များလည်း စစ်အာဏာရှင် စနစ်ဆိုး တည်ရှိနေရင် စစ်မှုထမ်းဟောင်းများလိုပဲ ကြုံတွေ့ခံစား ရပါလိမ့်မယ်။

ဒါကြောင့် စစ်မှုထမ်းဆဲရော၊ စစ်မှုထမ်းဟောင်းများပါ ယခု ရွေးကောက်ပွဲကို မဆိုထားနဲ့ နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပင် လက်ခံလို့ မဖြစ်ပါဘူး။ ပြတ်ပြတ်သားသား ဆန့်ကျင်ရပါလိမ့်မယ်။ ဒီလို ဆန့်ကျင် တော်လှန်ရာမှာ ကျွန်ုပ်တို့ စစ်မှုထမ်းဟောင်းများဟာ စစ်ရေး၊ နိုင်ငံရေး၊ မဟာဗျူဟာ၊ နည်းဗျူဟာ ရေးဆွဲတာတွေ၊ စီမံချက် ရေးဆွဲတာတွေ စတဲ့ အတွေ့အကြုံများကို အသုံးချပြီး ပြည်သူလူထု ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပြီး ပါဝင် သင့်ပါတယ်။

တပ်မတော်သားများရဲ့ ပုခုံးပေါ်မှာ ပြည်သူလူထုအတွက်၊ နိုင်ငံတော် အတွက် တာဝန်တရပ် ကျန်ရှိနေပါသေးတယ်။ “စစ်အာဏာရှင် စနစ်ကို ဆန့်ကျင် တော်လှန်ပြီး ပြည်သူလူထုကို ကယ်တင် စောင့်ရှောက်ရေး” ဆိုတဲ့ တာဝန် ဖြစ်တယ်။ ဒါကြောင့် တပ်မတော်သားတွေ လက်တွဲပြီး စစ်အာဏာရှင်တစုကို ဖယ်ရှားဖို့နဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရေးမှာ ပါဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

No comments: