.

.

.

January 20, 2011

တရုတ်သမ္မတ ဟူကျင်တောင်နှင့် လေချုပ် ဒုဗိုလ်ချုပ်ကြီး မြတ်ဟိန်း

လေတပ်ထဲက အက်ကွဲသံများဟာ “စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုက်ဒ် အင်တာနက် စာမျက်နှာများမှတဆင့် ပိုမို သိသာစွာ ပေါ်ထွက်လာမှုကြောင့် စစ်အာဏာရှင် စီနီယာ ဒုဗိုလ်ချုပ်ကြီးများထဲမှ D.S.A (၁၇) ကျောင်းဆင်း ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းခမျာ First Year ဗိုလ်လောင်းပမာ ကလေးသဖွယ် မျက်နှာငယ် ကလေးနဲ့ မျက်နှာမပြ၀ံ့ ဖြစ်နေခဲ့ ရပါတယ်။ အက်ကွဲ နေမှုများကို ဖာထေးဖို့ လစာ ၂၀၀၀၀ ကျပ် တိုးပေးရုံမျှနှင့် မရနိုင်ကြောင်း သိလာချိန်တွင် ကပစ များမှ စစ်သည်များရဲ့ ဟိုပုန်းဆင်း ဒီပလိုမာ တပ်ကြပ်ကြီးများအား ဒုအရာခံဗိုလ် အဆင့်သို့ အဆင့်တိုးပေး မြန်မှုအပေါ် မကျေနပ်မှု သတင်းများလည်း ထပ်မံ ထွက်ပေါ် လာကြောင်း စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုက်ဒ်မှ သတင်း ရရှိခဲ့ ပါတယ်။ ဒါကြောင့် လေတပ်အတွင်းက စစ်သည်များရဲ့ အလားတူ မကျေနပ်မှုများကို ကုစားတဲ့ အနေနဲ့ ယခုလေးလပတ်မှာ လေတပ်မှ စစ်သည် ၆၀% အား တဆင့်တိုး ပေးလိုက်ကြောင်း သိရှိရ ပါတယ်။

တရုတ်သမ္မတ ဟူကျင်တောင်နှင့် လေချုပ် ဒုဗိုလ်ချုပ်ကြီး မြတ်ဟိန်း
(သူ့ကို သူငယ်ချင်းများက မျက်ခုံးမွှေး ထူလွန်းလို့ စိန်မျက်ခုံးလို့ ခေါ်ကြပြီး
သူ့ရဲ့ မျက်ခုံးမွှေးတွေဟာ အမဲကနေ အဖြူကို ပြောင်းကုန်ရတဲ့အထိ ဘာ့ကြောင့်များ ပါလိမ့်)

ယခုအခါ ယာယီအားဖြင့် စစ်သည်များရဲ့ အဆင့်တိုး ကိစ္စနဲ့ ပတ်သက်သော မကျေနပ်မှုများ ငြိမ်သက်သွားသော်လည်း အရာရှိများအတွင်း ပြစ်မှု ကင်းရှင်းပါလျက် OTS ဆင်း အင်ဂျင်နီယာ မဟုတ်သူများအား ဗိုလ်ကြီး အဆင့်ထက် တိုးမပေးခြင်း၊ ခရစ်ယာန်ဘာသာဝင်နှင့် ပတ်သက်မိသူ အရာရှိများအား အဆင့်တိုး မပေးခြင်း၊ ယခင် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ၏ အမျိုးတော်စပ်သူများအား အဆင့်တိုးမပေးခြင်း၊ လေကြောင်း လမ်းပြ/အချက်ပြ အရာရှိများအား ချောင်ထိုးထားခြင်း စသော “မူ” မရှိသည့် တရားမ၀င် ဖိနှိပ်မှုများရှိနေသည့် အပြင် စစ်သည်များ စားဝတ်နေရေးမှာလည်း လစာတိုးမှုကို မခံစားရသေး မီမှာပင် ကုန်ဈေးနှုန်းက အပြိုင်တက်နေပေရာ ထူးမခြားနား ဘ၀သာ ဖြစ်နေပါတယ်။

ဒါ့အပြင် အရာရှိစစ်သည်အားလုံးကို လစာထဲက တစ်လ ၅၀၀၀ ကျပ်အား မြန်မာ့စီးပွါးရေးဘဏ်တွင် ငွေစုဖို့ အတင်းအကြပ် ခိုင်းစေမှုများ၊ လေတပ်တွင်း သင်တန်းများအပြင် ကကကြည်းမှ ဖွင့်လှစ်တဲ့ သင်တန်းများကိုပါ တက်ရောက်ရသဖြင့် ရိက္ခာကတ် ပေါင်နှံကာ သင်တန်းစရိတ် ရှာနေရသော အခြေအနေမှလည်း ထူးခြားမလာသေးပါ။ အရပ်ဘက် ဌာနများတွင် လာဘ်ပေးရသကဲ့သို့ ခွင့်သွားလိုသော စစ်သည်များရဲ့ ခရီးသွားလာခွင့် အမိန့်ကို လေတပ်အတွင်းမှာပင် တပ်ရေးဗိုလ်ကြီးမှ ရှောရှောရှူရှူ လက်မှတ်ထိုးပေးဖို့ လာဘ်ထိုးရတာတွေ ရှိနေပါသေးတယ်။ ဒါ့အပြင် လေတပ်စခန်းဌာနချုပ်ရုံးမှ စာရေးစစ်သည်များ အင်အားမလုံလောက်သဖြင့် တံမျက်လှဲ၊ အခန်းစောင့် စသော စစ်ရေးချုပ်ရုံး ငွေစာရင်းခေါင်းစဉ်ဖြင့် ခန့်ထားသော စာရေးမများရဲ့ လက်ဘက်ရည်ဖိုးတောင်း ပညာပြမှုကိုလည်း လေတပ်သားတို့ ခံနေရဆဲ ဖြစ်ကြောင်း ခိုင်လုံတဲ့ လေတပ် သတင်းရပ်ကွက်မှ စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။

ပျံသန်းရေးအုပ်များဟာ ၄၀% / ၆၀% ခွဲတမ်းဖြင့် တန်ဖိုးကြီး လေယာဉ်ဆီတို့နဲ့ တပ်တည်ဆောက်ရေး လုပ်ငန်းကြီးများကိုပါ လောင်စာဆီ ဈေးနှုန်း ကြီးမြင့်လာမှုနှင့်အတူ ဟန်ချက်ညီ ဆောင်ရွက်နေရသကဲ့သို့ စက်မှုလက်မှုနှင့် အုပ်ချုပ်ရေးမှ အရာရှိ စစ်သည်များဟာလည်း အမှုမျိုးစုံ၊ အဆင်မပြေမှု မျိုးစုံတို့ဖြင့် ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ လေယာဉ်ထုတ်လုပ် ပြင်ဆင်ရေး ဌာနချုပ်ကြီးအား ရှမ်းတဲနားမှာ ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ထားသည့်တိုင် သက်တမ်းကုန် လေယာဉ်ဟောင်းများအား သက်တမ်း အကြိမ်ကြိမ်ကုန်နေသော အသက်ကယ်ထိုင်ခုံ Ejection Seat များထက်မှ ဘုရားတကာ မောင်းနေကြရဆဲပါ။ မောင်းရတာနဲ့ တန်အောင် ယာယီကာလ (Officiating) မရှိဘဲ အပွင့်တင်ခွင့် ပေးထားသော်လည်း ကျန် Pilot များရဲ့ မျက်စောင်းဒဏ်ကြောင့် အက်ကြောင်း ထင်နေဆဲပါ။

ဒါ့ပြင် Avionic ပစ္စည်းမစုံလင်ပါပဲ အသက်ပေး မောင်းနေရပေရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာပင် ၂၂-၁-၂၀၁၀ ရက်နေ့က ကွင်းပျောက်ကာ ပျက်ကျခဲ့ရတဲ့ F-7 လေယာဉ် ၁၆၃၃ လို အဖြစ်များစွာကလည်း ရင်ထိတ်စရာပါ။ သုတေသနလို့ ခေတ်မီအောင် ကြံဖန် အော်နေသည့်တိုင် သုတေသန လုပ်နေသူများအား လိုအပ်တဲ့ ပစ္စည်းများ မပေးသည့် အပြင် မှားယွင်းမှုဖြစ်တာနဲ့ ရာထူးမှ ဖယ်ခိုင်းကာ ချောင်ထိုးတတ် ပါသေးတယ်။

သို့ဆိုပါလျှင် ၂၀၁၀ နဲ့ ၄င်း၏အလွန် လေတပ် အနာဂတ်သည် မည်သို့ ရှိပါမည်လဲ … ဆိုပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) နှင့် တပ်မတော် (လေ) မိသားစုများက စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုက်ဒ်သို့ သတင်းပေးပို့ မေးမြန်းလာပါတယ်။ စာဖတ်ပရိသတ်များ စဉ်းစားကြပါကုန်...

No comments: