.

.

.

January 20, 2011

အဖြေရှိတဲ့ မေးခွန်းတစ်ခု


၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလဆန်းတွင် မန္တလေး - လားရှိုးလမ်း ၁၀၅ မိုင် စစ်ဆေးရေးဂိတ်တွင် မသင်္ကာဖွယ်ရာ ဗင်ကား (၃) စီးပေါ်မှ အရာရှိ (၃) ဦးဟာ မှောင်ခိုချခဲ့ကြောင်းနဲ့ သူတို့ကို မည်သည့် အရေးယူမှုကိုမှ မပြုလုပ်ခဲ့ကြောင်း လေတပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်သို့ သတင်း ပေးပို့လာ ပါတယ်။ အရာရှိကြီး တွေတောင် အကြံအဖန်လုပ်ဖို့ မှောင်ခိုကုန်ကူးတဲ့ ကိစ္စမှာ ပါဝင်ပတ်သက် နေရလို့ ခေတ်မှီ တိုးတက် နေကြပါကြောင်း ထပ်လောင်း ပြောကြားလာတာကို ဆက်လက် ဖတ်ရူနိုင်ဖို့ တင်ပြလိုက် ရပါတယ်။

၅-၂-၂၀၁၀ နံနက်ပိုင်းက မန္တလေး - လားရှိုးလမ်း ၁၀၅ မိုင် စစ်ဆေးရေးဂိတ်တွင် မသင်္ကာဖွယ်ရာ ဗင်ကား (၃) စီး ရောက်ရှိလာပါသည်။ နောက်ခန်းတွင် ကုန်ပစ္စည်းအပြည့် တင်ဆောင်လာသော ဗင်ကား(၃)စီးသည် သာမန် စစ်ဆေးခံနေသော ယာဉ်များနှင့် မတူ ထူးထူးခြားခြား ဖြစ်နေသဖြင့် တာဝန်ကျ စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိနှင့် အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးမှူး (ပထမတန်း) တို့မှ စောင့်ကြည့်နေပါသည်။ ကားအသီးသီးပေါ်မှ လူငယ် (၁) ဦးစီက လာရောက် စစ်ဆေးသော တာဝန်ကျ စစ်သည် များအား “မင်းတို့က ဘာကောင်တွေလဲ” ဟု ကြိမ်းမောင်းကာ ဂိတ်အားဖြတ်ရန် ပြောနေသဖြင့် ပူးပေါင်း အဖွဲ့ခေါင်းဆောင် ဦးစီးမှူး (ပထမတန်း) မှ ယင်းလူငယ် (၃) ဦးနှင့် ကား (၃) စီးအား စစ်ဆေးရန် အမိန့်ပေးရပါတော့သည်။


စစ်ဆေးပေါ်ပေါက်ချက်အရ ကား (၃) စီး ပေါ်မှာ ပါလာသူ (၃) ဦး သည် မိတ္ထီလာမြို့၊ မြေပြင်အတတ်သင် လေတပ်စခန်းမှ လေသူရဲ အရာရှိငယ်များ ဖြစ်ကြသော လေ-၂၈၀၂ ဗိုလ်ရဲဝင့်ကျော်၊ လေ - ၂၉၁၉ ဗိုလ်ဇော်သက်နိုင်နှင့် လေ - ၂၉၉၂ ဗိုလ်ဝင်းဇော်ထွန်းတို့ ဖြစ်နေကြောင်းနှင့် ၄င်းတို့နှင့်အတူ ကန့်သတ် အကောက်ခွန်မဲ့ ပစ္စည်းမျိုးစုံ ကျပ် သိန်းပေါင်း ၃၀၀ ကျော်ဖိုး တွေ့ရှိခဲ့ရပါသည်။ စစ်ဦးစီးမှူး (ပထမတန်း) လည်း လေတပ်စခန်းမှူးထံ ဖုံးဖြင့် အတည်ပြုရာ လေတပ်စခန်းမှူး ဗိုလ်မှူးကြီးနေ၀င်းက မှန်ကန် ကြောင်းနှင့် ဖြစ်နိုင်လျှင် အထက်ဌာနသို့ ဖြစ်စဉ်ကို မတင်ပြပဲ လေတပ်သို့ ပြန်လည် လွှဲပြောင်းပေးပါရန်နှင့် မိမိတို့ ဖာသာ အရေးယူပါမည်ဟု ညှိနှိုင်းခဲ့ကြပါသည်။ အထက်ပါ အခြေအနေများအရ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) လည်း ထူးခြားဖြစ်စဉ် မတက်တော့ဘဲ အလုပ်မရှုပ်လျှင်ပြီးရောဟု သဘောထားကာ ပစ္စည်းများကို သိမ်းဆည်းထားပြီး အဆိုပါ အရာရှိများအား မြေပြင်အတတ်သင်လေတပ်စခန်း (လမသ) သို့ ပြန်လွှဲပေးလိုက်ပါသည်။

အထက်ပါဖြစ်စဉ်သည် ၅-၂-၂၀၁၀ ရက်နေ့က အမှန်တကယ် ဖြစ်ပွါးခဲ့သည့် ဖြစ်ရပ်မှန် မှုခင်းဖြစ်ပါသည်။ သို့အတွက်ဆိုလျှင်

- ဘာကြောင့် ဒီလို ဖြစ်ရပါသလဲ?

- လမသ မှ အရာရှိ/စစ်သည်များ၏ စုပေါင်း ထည့်ဝင်သော ငွေဖြင့် ထိုအရာရှိ (၃) ဦးကို နယ်စပ်တွင် ကုန်ကူးရန် တရားဝင် စေလွှတ်ထားခြင်းလား?

- လေတပ်စခန်းမှူးက ဘာကြောင့် အရေးမယူ စေလိုပါသလဲ?

- ထိုအရာရှိများသည် လညက ဟု အတိုကောက် ခေါ်သော လေတပ်စခန်း၏ စစ်ဆင်ရေးနှင့် လေ့ကျင့်ရေး ကိစ္စများကို တာဝန်ယူရသော အရေးပါသည့် လေကြောင်းညှိနှိုင်းမှု ကွပ်ကဲရေးဌာနမှ ဖြစ်နေရာ မည်သူ၏ အကျိုးစီးပွါးအတွက် ဆောင်ရွက်နေရပါသလဲ?

- ထိုသို့ ဆောင်ရွက်နေခြင်းကြောင့် ဖုံးကွယ်ရခြင်းလား?

- လက်ရှိ အခြေအနေတွင် ထိုအရာရှိ (၃) ဦးစလုံး လမသ တွင် ပုံမှန်ရုံးတက်လျှက် ရှိနေသည်မှာ ဘာကြောင့်ပါလဲ?

ထိုမေးခွန်းများကို အဖြေသိသူများကတော့ ဗိုလ်မှူးကြီးနေ၀င်းသာ ဖြစ်ပါကြောင်း လေတပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်သို့ ပေးပို့လာပါသည်။

No comments: