.

.

.

January 20, 2011

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်သန်းရွှေ ဘာတွေစစ်ဆေးနေသလဲ

စာဖတ်ပရိသတ်များခင်ဗျား

နအဖက လေတပ် ပြုပြင်တိုးချဲ့ ထုတ်လုပ်မှုတွေ ဘယ်လိုကြိုးစား တည်ဆောက်နေတယ်၊ စစ်အာဏာရှင် ထိပ်သီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် မိထ္တီလာ (ရှမ်းတဲ) လကသ သို့ လာရောက် စစ်ဆေးခဲ့တဲ့ သတင်းတွေနဲ့ ရုရှားမှ စစ်ဘက် ပညာရှင်များ ရဟတ်ယာဉ် ထုတ်လုပ်ရေး အတွက် ရောက်ရှိ နေပုံတွေကို တပ်မတော်(လေ) မှ အရာရှိ ဗိုလ်မျိုးသူရက “စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုဒ်သို့ ပေးပို့လာ ပါတယ်။ ယခုလို ပေးပို့ လာတဲ့ အတွက် ဗိုလ်မျိုးသူရအား ကျနော် ကိုဖိုးတရုတ်က အထူးကျေးဇူး တင်ရှိကြောင်း ဂုဏ်ပြု မှတ်တမ်း တင်အပ်ပါတယ် ခင်ဗျား။

၁။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် မင်္ဂလာဒုံရှိ ပြုပြင် ထိန်းသိမ်းရေး လေတပ်စခန်း (လပထ) အား လေယာဉ် ထုတ်လုပ် ပြင်ဆင်ရေး ဌာနချုပ် (လထခ) အဖြစ် ဖွဲ့စည်းပုံအသစ် (W.E= War Establishment) တိုးချဲ့ သတ်မှတ်ခဲ့ ပါတယ်။ (လထခ) အောက်တွင် မှော်ဘီလေတပ်စခန်းဌာနချုပ်အား ဖျက်သိမ်းပြီး လထခ(မှော်ဘီ) ဟုသာ ခေါ်တွင်စေခဲ့ပါ တယ်။ နအဖက နည်းပညာ ပိုင်းဆိုင်ရာနှင့် ငွေကြေးပိုင်းဆိုင်ရာ ပြည့်စုံခိုင်မာမှု မရှိသေးဘဲ လေယာဉ်ထုတ်လုပ် မည်ဟု ကြွေးကြော် ရည်ရွယ်ခဲ့သော်လည်း အလှမ်းကျယ် အလယ်လတ်ကာ အမှန်တွင် အကြီးစား ပြုပြင်မှု လောက်သာ လုပ်နိုင်ခဲ့ ပါတယ်။

၂။ ၂၀၀၇ ခုနှစ်အတွင်းတွင် ကက (ထုတ်) ကာကွယ်ရေးဝန်ကြီးဌာန ထုတ်လုပ်ရေး အရာရှိချုပ်ရုံးမှ (k-8) လေယာဉ်ထုတ်ရန် လကသ(ရှမ်းတဲ) အနီးမှာ စက်ရုံတည်ခဲ့ပါတယ်။ တဖန် ကက (လေ) မှလည်း လေယာဉ် ထုတ်လုပ် ပြင်ဆင်ရေးဌာနချုပ် လထခ(ရှမ်းတဲ) အသစ်တစ်ခုအဖြစ် လကသရဲ့ ဘေးတွင် ကကထုတ်ရဲ့ (K-8) လေယာဉ်စက်ရုံနှင့် ကပ်လျက်မှာ တပ်သစ်တိုးချဲ့ ဖွင့်လှစ်ခဲ့ပြန်ပါတယ်။ ဒါကြောင့် မိတ္ထီလာတွင် ကကထုတ်မှ (K-8) လေယာဉ်ထုတ် စက်ရုံနှင့် ကကလေ မှ လေယာဉ်ထုတ်စက်ရုံ လထခ(ရှမ်းတဲ) စုစုပေါင်း စက်ရုံနှစ်ရုံ ရှိလာပါတယ်။

ပြည်တွင်းရှိ နအဖ လေတပ် စခန်း တစ်ခုမှ MI – 17 ရဟတ်ယာဉ်အား လက်နက်တွေနဲ့အတူ တွေ့ရပုံ

၃။ နအဖဟာ ရုရှားနိုင်ငံမှ ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိကြီးများနှင့် ဆွေးနွေးနေပါတယ်။ ယခုအခါ လထခ (ရှမ်းတဲ) မှာ ရဟတ်ယာဉ် (Mi-17) စက်ရုံ overhaul plant ထုတ်လုပ်ရန် ရုရှားစစ်ဖက်ပညာရှင် ၅ ဦးမှာ မိတ္ထီလာ ဟိုတယ်တွင် ရောက်ရှိ တည်းခိုလျက်ရှိကြောင်း ခိုင်လုံစွာ သတင်းရရှိပါတယ်။

၎။ ၃၀-၁၁-၂၀၀၉ ရက်နေ့ တနလာင်္နေ့မှာပင် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒု ဗိုလ်ချုပ်ကြီး မြတ်ဟိန်းဟာ မိတ္ထီလာ (ရှမ်းတဲ) လကသ သို့ရောက်ရှိခဲ့ပြီး ရုရှားစစ်ဖက်ပညာရှင် (၅) ဦး နှင့် (Mi - 17) overhaul plant ကိစ္စများကို ဆွေးနွေး ညှိနှိုင်းခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်သန်းရွှေ လာရောက်လျှင် တင်ပြနိုင်ရန် လိုအပ်သည့် ပြင်ဆင်မှုများကို ကြိုတင် စစ်ဆေးခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းမှ တပ်မတော် လေတပ်စခန်း တစ်ခုရှိ မောင်းသူမဲ့ လေယာဉ်အား တွေ့ရပုံ

၅။ မနေ့က ၉-၁၂-၂၀၀၉ ရက်နေ့ ၁၁ နာရီခွဲ အချိန်ခန့်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်သန်းရွှေ ကိုယ်တိုင် မိတ္ထီလာသို့ လာရောက်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းဦးစီး လေတပ် အရာရှိကြီးများက စစ်ရေးပြအခမ်းအနားဖြင့် ကြိုဆိုခဲ့ကြပါတယ်။ အဲဒီနောက် ဗိုလ်သန်းရွှေဟာ ၂၄-၁၁-၂၀၀၈ ရက်နေ့မှ စတင် တည်ဆောက်ခဲ့တဲ့ CH-601 XL အမျိုးအစား၊ Rotex 912 ULX အမေရိကန် အင်ဂျင်တပ် အပေါ့စား လေယာဉ်ငယ် (၁၂) စီး တပ်ဆင်ထုတ်လုပ်မှုကို လည်းကောင်း၊ ပျက်စီးသွားသော UAV လေယာဉ်ငယ်များအစား ပြည်တွင်းတွင် တည်ဆောက် စမ်းသပ်နေသော Remote Control လေယာဉ်ငယ်အား GPS စနစ်ဖြင့် မောင်းနှင် စမ်းသပ်မှုအား လည်းကောင်း၊ ကကထုတ်ရဲ့ (K-8) လေယာဉ် စက်ရုံနှင့် လေတပ်ရဲ့ (လထခ) လေယာဉ် ထုတ်လုပ် ပြင်ဆင်ရေးဌာနချုပ် (ရှမ်းတဲ) လက်အောက်ခံ ရဟတ်ယာဉ် ထုတ်လုပ်ရေး ကွပ်ကဲမှုဌာနရဲ့ Mi-17 ရဟတ်ယာဉ် Overhaul Plant စက်ရုံ တည်ဆောက်ရန် ပြင်ဆင်နေမှုကို လည်းကောင်း စသည်တို့ကို အသေးစိတ် စစ်ဆေးသွားခဲ့ကြောင်းနှင့် ယနေ့တွင် ဆက်လက် စစ်ဆေး ပြီးပါက ကျောက်ဆည်သို့ ဆက်လက် ထွက်ခွာသွားမည်ဖြစ်ကြောင်း ကက(ကြည်း) မှ အတွင်းထိပ်တန်း လျှို့ဝှက် သတင်းအဖြစ် ရရှိပါတယ်။

No comments: