.

.

.

January 20, 2011

ရုရှားနိုင်ငံမှ စစ်လက်နက်အင်အား တိုးချဲ့ဖြည့်ဆည်းနေတဲ့ နအဖ

နအဖ စစ်အာဏာရှင်တွေဟာ စစ်တပ်အင်အား တောင့်တင်းခိုင်မာစေဖို့ နိုင်ငံခြား တိုင်းပြည်များမှ စစ်ဘက်ပညာရှင်များနဲ့ ယာဉ်များ အပါအ၀င် စစ်လက်နက်ပစ္စည်း အင်အားတွေကို တိုးချဲ့လျှက်ရှိကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) နှင့် နီးစပ်သူများက “စည်းလုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။

နိုင်ငံခြားတိုင်းပြည်တစ်ပြည်မှ ပညာရှင်များနှင့် ပူးတွဲလေ့ကျင့်မှု အပြီး အမှတ်တရပုံ

ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)၊ ကက (လေ) အနေနဲ့ လေယာဉ်ထုတ်လုပ်ရေး ဌာနချုပ် လထခ (မှော်ဘီ) မှ မည်သည့်လေယာဉ်ကိုမျှ ထုတ်မလာနိုင်တဲ့အခါ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကကထုတ် (DI) ဟာ လေယာဉ်စက်ရုံ စီမံချက်အဖြစ် မိတ္ထီလာမြို့ရှိ လကသ အနီးတွင် Mi - 17 ရဟတ်ယာဉ် စက်ရုံအသစ်တစ်ခု ဖွင့်လှစ်ရေး အပူတပြင်း ဆောင်ရွက်လာပါတယ်။

Mi - 35 လေယာဉ်ဓါတ်ပုံ

ဒါကြောင့် လထခ (မှော်ဘီ) မှ အရာရှိစစ်သည် အင်အားအချို့ကိုလည်း လထခ (ရှမ်းတဲ) အဖြစ် လကသ အနီးသို့ တပ်အသစ်တစ်ခု တည်ဆောက်ကာ ရွှေ့ပြောင်း ပေးခဲ့ရပြန်ပါတယ်။ အဲဒီတပ်မှာ Mi - 17 ရဟတ်ယာဉ်စက်ရုံ တည်ဆောက်သွားမယ်လို့ သတင်းရရှိပါတယ်။ ယခုအခါ ရုရှားက စစ်ဘက်ကျွမ်းကျင်သူ ပညာရှင်များဟာ လမသ (မိတ္ထီလာ) တွင် နေထိုင်လျှက်ရှိပြီး စက်ရုံအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ တပ်ဆင်ဖို့ အဆောက်အဦးများမှာလည်း (၆၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သလို၊ တောင်ငူမြို့ရှိ ကကထုတ်ရဲ့ K - 8 စစ်ဘက် ကုန်တင်လေယာဉ်ကြီး တည်ဆောက်တဲ့စက်ရုံ အသစ် တည်ဆောက်နေတာလည်း (၅၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် လေတပ်မှ အရာရှိစစ်သည်များအား နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ်ထားပြီး ဖြစ်ပါတယ်။ ကကထုတ်မှ အရာရှိ စစ်သည်များအား လမသ ရှိ စလက နှင့် K - 8 လေယာဉ်ရှိရာ တောင်ငူမြို့ တောင်ငူလေတပ်စခန်းဌာနချုပ်၊ တလခ (၄၂) တိုက်ခိုက်ရေးအုပ်တို့မှာ စာတွေ့လက်တွေ့တွေကို ကြိုတင် သင်ကြားသွားခဲ့စေပြီးလည်း ဖြစ်ပါတယ်။

Mi – 24/35 ရဟတ်ယာဉ် ၀ယ်ယူရေး ပထမအသုတ်အား ဘယ်လာရုစ်နိုင်ငံသို့ ဧပြီလကုန်တွင် စတင်စေလွှတ်ခဲ့ကာ (၂၀၁၀) ဇွန်လဆန်းမှ စတင်ကာ မြန်မာနိုင်ငံသို့ (၄) စီး သယ်ဆောင်တော့မည် ဖြစ်ပါတယ်။ အဲဒီ Mi – 24/35 ရဟတ်ယာဉ် (၄) စီးကို နေပြည်တော်နှင့် အမ်းလေတပ်စခန်း ဌာနချုပ်အသစ် (သို့မဟုတ်) ဟုမ္မလင်း လေတပ်စခန်း ဌာနချုပ်အသစ် ဟလခ တို့မှာ ထားရှိသွားမယ်လို့ ဆိုတာကြောင့် ရဟတ်ယာဉ်များကို တွဲဖက် တာဝန်ထမ်းဆောင်ရမယ့် အရာရှိ/စစ်သည်များဟာ အဲဒီနေရာများကို မသွားချင်ကြပါ။ ဒါကြောင့် နိုင်ငံခြားစာမေးပွဲအောင်မြင်ရင် နိုင်ငံခြားသွားရောက်ပြီးပါက အဲ့ဒီနေရာတွေကို မဖြစ်မနေ သွားရောက်ကြရမှာမို့ နိုင်ငံခြားစာမေးပွဲကိုပင် မကျ ကျအောင် ဖြေဆိုကြတဲ့ အရာရှိ/ စစ်သည်များတောင် ရှိလာတယ်လို့ သိရှိရပါတယ်။

ရုရှားလုပ် MI - 24 မှာ ရုရှားပြည်တွင်းတွင် အသုံးပြုမယ့် နံပါတ်ဖြစ်ပြီး MI - 35 မှာ ပြည်ပကို ရောင်းချမယ့် နံပါတ်ဖြစ်သော်လည်း ရဟတ်ယာဉ် အမျိုးအစားမှာ အတူတူပင် ဖြစ်ပါတယ်။ တဖန် MI- 24/35 ဒုတိယအသုတ်အဖြစ် ကျန်ရှိသေးတဲ့ (၄) စီးကိုတော့ ရုရှားမှ ၀ယ်မည် ဆိုတာကြောင့် အဲဒီ ဘယ်လာရုစ်နိုင်ငံနဲ့ ရုရှား နှစ်နိုင်ငံတို့မှ လေယာဉ်များအတွက် Logistic ကို ဘယ်လိုစီစဉ်သွားမယ် ဆိုတာကိုလည်း စိတ်ဝင်စားစရာ ဖြစ်နေမိကြပါကြောင်း သုံးသပ် တင်ပြလာပါတယ် ခင်ဗျား။

No comments: