.

.

.

January 20, 2011

လေတပ်ရဲ့ အက်ကွဲနေမှုတွေကို ဖာထေးနေတဲ့သတင်း

လေတပ်က အက်ကွဲ နေမှုတွေကို ဖာထေးတဲ့ အနေနဲ့ ရာထူးတိုးမြှင့် ပေးခြင်းနဲ့ သက်သာ ချောင်ချိရေးများ ပြုလုပ်ပေးနေသော သတင်းတွေကို လေတပ်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှ “စည်းလုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ်သို့ အခုလို သတင်းပေးပို့ လာပါတယ်။

လေတပ် လက်အောက်ခံ စခန်းဌာနချုပ် အသီးသီးမှ ဌာနချုပ်မှူးများရဲ့ တဆင့်မြင့် ရာထူးအတွက် ထောက်ခံ ချက်များအား တောင်းခံခိုင်းပြီး လေတပ်အတွင်းမှ ခွက်ပျောက် စစ်ဗိုလ်များ ဖြစ်ကြတဲ့ စက်မှုလက်မှု အရာရှိများ၊ ဗိုလ်သင်တန်းကျောင်းဆင်း အရာရှိများအား အဆင့်တိုးပေးရန် မက်လုံးပေး စည်းရုံးနေကြောင်း သတင်းရရှိ ပါတယ်။

လေတပ် အနေဖြင့် (၁၉၉၄) မှ (၁၉၉၈) အထိ ပြန်တမ်းဝင်နှစ်များ အတွင်းက အရာရှိ များအနက် ဗိုလ်ကြီး အဆင့်ဖြင့် လက်ရှိ ကျန်နေသူများ (ခွက်ပျောက် စစ်ဗိုလ်များ)အား တဆင့်မြင့် ရာထူး တိုးပေးမည်ဟု သတင်းလွှင့်ကာ အက်ကြောင်း များအား ကာကွယ်ရေး ဦးစီးချုပ် (လေ) ကိုယ်တိုင် ဖာထေး နေပါတယ်။ ရာထူး တိုးမြှင့် ပေးမယ်လို့ မျှော်လင့်ရတဲ့ အရာရှိ အရေ အတွက်မှာ စုစုပေါင်း ဗိုလ်ကြီး (၃၃) ဦး ဖြစ်ပါတယ်။

DSA စာပေဌာန (၂) ရှိ တပ်မတော် သိပ္ပံနှင့်နည်းပညာ သုတေသနဌာနချုပ် (သသန) ပုံ

ထိုအုပ်စုထဲမှာ DSA စာပေဌာန (၂) ရှိ တပ်မတော် သိပ္ပံနှင့်နည်းပညာ သုတေသနဌာနချုပ် (သသန) တွင် မြောက်ကိုရီးယား ပညာရှင်များနှင့် တွဲဘက်ကာ လက်နက်နှင့် ကွန်ပျူတာ နည်းပညာများကို (၂) နှစ်ခန့် သင်ကြားထားပြီးသူများ၊ ရေဒါနှင့်အင်တာနက် ကျွမ်းကျင်သူများ ပါဝင်ကြပြီး လေတပ်ရဲ့ မျိုးဆက်ဟောင်းနဲ့ မျိုးဆက်သစ်များအကြား ပေါင်းကူး လက်ဆင့်ကမ်း ပေးနိုင်သူများလည်းဖြစ်ရာ ထိုသူများသာ တပ်တွင်းရာထူးများကို ဆက်လက် ရရှိပါက လေတပ်အတွက် ကောင်းမွန်သော လုပ်ဆောင်ချက်များ ဖြစ်လာနိုင်ကြောင်း သတင်း ပေးပို့လာပါတယ်။

ဒါ့အပြင် လေတပ်တွင် ရာထူးခန့်ထားမှုများအပေါ် မကျေမနပ် ဖြစ်နေမှုများအား ကုစားရန် လာမည့် ဇွန်လအတွင်း ကျင်းပမယ့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ဒုတိယ လေးလပတ် အစည်းအဝေးမှာ လေတပ် ဖွဲ့စည်းပုံအသစ် (WE) အား ပြင်ဆင်ရေးဆွဲရန် ရှိကြောင်းလည်း သတင်းရရှိပါတယ်။

ဒါ့အပြင် “စည်းလုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ်မှာ လေတပ်ရဲ့ အတွင်းသတင်းများ ပေါက်ကြားနေမှုကို ကာကွယ်တားဆီးဖို့ သီးခြားတာဝန်ပေး စေခိုင်းမည်ဟုလည်း သိရှိရပါတယ်။ ဒါပေမဲ့ လေတပ်မှ အရာရှိ စစ်သည်များဟာ လစ်ရင်လစ်သလို အင်တာနက်ဆိုင်၊ ဆိုက်ဘာကဖေးဆိုင်များတွင် စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်အား “တရုတ်ကြီး” လို့ ချစ်စနိုးခေါ်ဝေါ် အမည်ဝှက်ပြုကာ တက်ရောက်အားပေး ကြည့်ရှုနေကြသလို မကြည့်ဖြစ်သူများ ကိုလည်း “တရုတ်ကြီးတို့ကတော့ ဘယ်နေ့ကဖြင့် လေချုပ်ကြီးကို ဘယ်လိုတွယ်လိုက်လို့ လေချုပ်ကြီးရဲ့ မျက်ခုံးမွေးထူထူကြီး ပိုပြီးဖြူသွားတယ်” ဆိုတဲ့ ကောင်းချီးသြဘာနဲ့ သတင်းမျှဝေနေကြကြောင်း ကြားသိရပါတယ်။

တဖန် ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းဟာ စည်းရုံးရေး ဆင်းတဲ့အနေနဲ့ သက်သာချောင်ချိရေး အစီအစဉ်တစ်ခု လုပ်ပေးခဲ့ကြောင်း အခုလို သတင်း ပေးပို့လာပါတယ်။ အဲဒါကတော့ ရွေးကောက်ပွဲအပြီး တပ်မတော်ဟာ ကိုယ်ပိုင်ငွေဖြင့် ရပ်တည်နိုင်ရန်ဟု ဆိုကာ လေတပ်စခန်းဌာနချုပ် အသီးသီးသို့ ငွေကျပ် သိန်း (၃၀၀) စီအား တပ်ရင်းရံပုံငွေ အတွင်းသို့ ထည့်သွင်းပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဦးပိုင်သို့ ရှယ်ယာ ထည့်သွင်းမှုကိုလည်း ကက (လေ) မှ ပိုမို ထည့်သွင်းပေးတဲ့အနေနဲ့ အကြံအဖန် ရရှိထားသည့် ငွေကြေး သိန်း ထောင်ဂဏန်းနဲ့ချီပြီးတော့ သွင်းပေးလိုက်ကြောင်း “စည်းလုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ်သို့ သတင်း ပေးပို့လာပါတယ်ခင်ဗျား။

No comments: