.

.

.

February 16, 2011

မခံနိုင်တော့လို့ပါ

မခံနိုင်တော့လို့ပါတဲ့။ ဆိုလိုတာကတော့ လက်ရှိ တပ်မတော်အတွင်းမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ အပေါ်မှာ မူတည်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အရာရှိတစ်ဦးရဲ့ ဆိုးသွမ်းမှုကို ပြည်တွင်းက တပ်မတော်သားတစ်ဦးက ပေါက်ကွဲသံစဉ်အဖြစ် စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာတာပါ။

အကြောင်းကတော့ ဒီလိုဗျ။ တချို့ အရာရှိတွေဟာ အောက်ခြေရဲဘော်တွေကို ဖိနှိပ်မယ်၊ ဂုတ်သွေးစုပ်မယ်၊ မတန်တရာ ပြောမယ် ဆိုမယ်။ အဲ အထက်လူကြီးတွေ ဆိုရင်တော့ ကတ္တီပါ လက်အိပ်တင်မကဘူး၊ လျှာမှာပါ ကတ္တီပါအိပ် စွပ်ထားတဲ့ လူတွေပေါ့။ အဲ့ဒီလို လူမျိုးတွေက ကောင်းစားကြတာ များတယ်ဗျ။ ဒီလိုပြောလို့ သူများကောင်းစားတာ မနာလိုလို့ ပြောတယ် မထင်ပါနဲ့။ သူတို့ ကောင်းစားတာ ကြီးပွားတာက မတရားသဖြင့် လုပ်ပြီး ကြီးပွားနေလေတော့ ပြောရပြီပေါ့။


ဒါကိုလည်း အထက်လူကြီးတွေက မသိလို့ပဲလား၊ သိလျှက်နဲ့ပဲ “နှုတ်ပိတ်ခ” ရထားလို့ပဲလား။ သို့လောသို့လောပေါ့၊ မသိသေးလို့ အရေးမယူဘူးလို့ပဲ ထားလိုက်ပါဗျာ။ အဲ့ဒီတော့ သိအောင် ပြောရတာပေါ့။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စခန်းမှူးရုံးက ယာယီစခန်းမှူးတာဝန်ကို ပျော် ပျော်ကြီး ထမ်းဆောင်နေတဲ့ ကြည်း/၂၅၈၀၀ ဗိုလ်မှူးအေးမင်းဦးဆိုသူဟာ တိုင်းစစ်ဌာနချုပ်က နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော တရားမဝင် ယာဉ်များမှ အင်ဂျင်များ၊ အိပ်ဇော့များ၊ ဂီယာဘောက်များ၊ တာယာများ၊ ဘက္ထရီများနဲ့ ကိုယ်ထည်များကို ပြင်ပပုဂ္ဂလိကမှ ယာဉ်ပစ္စည်းများနဲ့ လဲလှယ်ခြင်းကို ပြောင်ပြောင်တင်းတင်းဘဲ ပြုလုပ်နေပါတယ်။

တပ်တွင်းမှာလည်း မိမိအား ပေးအပ်ထားသော တာဝန်များအပြင် ငွေရွှင်တဲ့နေရာ (ဥပမာ - တပ်ထောက် ဗိုလ်ကြီးလိုနေရာ၊ မော်တော်ယဉ်မှူးလိုနေရာ) များအား ဝင်ယူပြီး အမှန်တကယ် တာဝန်ပေးအပ်ခံရမည့် သူများကိုတော့ဖြင့် စိတ်ကြိုက်ခြယ်လှယ်ကာ လုံခြုံရေးဌာနလို နေရာမျိုး၊ စစ်ရေးဌာနလို နေရာမျိုးကို စေလွှတ်ပါတယ်။ အထက်ပါ လုပ်ရပ်များမှ ရရှိသော တရားမဝင် ငွေများအား အပြင်အရပ်သားတစ်ဦး၏ အမည်ဖြင့် မန္တလေးမြို့၊ ၆၂ လမ်း အရှေ့ဘက်၊ ၂၆ လမ်းပေါ်မှာရှိတဲ့ မိုးဆမ်းပန်း (Moe San Pann) ဆိုတဲ့ စင်တင် ဘီယာဆိုင်ကို ဖွင့်လှစ်လျှက်၊ ကိုယ်ကျိုးစီးပွား ရှာလျှက်ရှိတယ်။

တပ်တွင်းမိသားစုများရဲ့ သက်သာချောင်ချိရေး အနေနဲ့ ဖွင့်လှစ်ခွင့်ပြုထားတဲ့ ဆိုင်ခန်းလေးများမှလည်း တစ်လလျှင် ငွေကျပ်တစ်သောင်း ကောက်ခံပေမဲ့ လျှပ်စစ်မီးများကိုတော့ ဖြတ်တောက်ခဲ့ပါတယ်၊ လျှပ်စစ်မီးခကို ငွေကျပ်တစ်သောင်းထဲက မပေးဘဲ အလွဲသုံးစား လုပ်ခဲ့လို့ မီးဖြတ်တောက်ခြင်း ခံရတဲ့အတွက် ဘာလုပ်ငန်းမှ မလုပ်နိုင်တဲ့ သာမန်ရဲဘော်များ ခမျာမှာတော့ ကြိုးစား ရုန်းကန်ချင်စိတ်များ ပျောက်ဆုံးကာ မိသားစုနောင်ရေးအတွက် စိတ်ဓါတ်ကျဆင်းလျှက် ရှိနေကြပါတယ်။ ဘာမှလည်း မပြောရဲသလို မတရားမှုတွေကို လည်စင်း ခံနေရပါတယ်။

ဒါတွေကို အထက်လူကြီးတွေက မသိချင်ဟန်ဆောင် နေကြသလား။ သိလျှက်နှင့် အခွံ့ခံထားရသလား စဉ်စားမိပါတယ်။ ဒါ့အပြင် ဗိုလ်မှူးအဆင့် တိုးမြှင့်တဲ့အချိန်မှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က မပြောင်းရွေ့ရပဲ စခန်းမှူးရာထူးနဲ့ နေရအောင် သူ့ရဲ့ ဆရာသမားတစ်ဦးဖြစ်သူ အထက်အရာရှိကြီးတစ်ဦးအား ကပ်ဖားယက်ဖား လုပ်နိုင်ခဲ့ပါတယ်။

အဲ့ဒီတော့ကာ ပြောရမယ်ဆိုရင် တပ်မတော်ဆိုတာ ဘာလဲ၊ တပ်မတော်ထဲမှာ အေးမင်းဦးလို လူမျိုးတွေ ဘယ်လောက်ရှိသလဲ၊ သူတို့ကို ဘာကြောင့် လက်ပိုက်ကြည့်နေကြသလဲ၊ ရဲဘော်တွေကတော့ ဘဝပျက်မှာ ကြောက်လို့သာ မပြောရဲကြတာပါ။ ကျေနပ်ကြတာတော့ မဟုတ်ပါ။ ဒါကြောင့် ဒီဝက်ဘ်ဆိုဒ်က တဆင့် ရင်ဖွင့်ပေးလိုက်ရပါတယ်။ တရားမျှတစွာ အုပ်ချုပ်တဲ့ ရဲဘော်ရဲဘက်စိတ်ရှိသူတွေ များများပေါ်ထွက်စေဖို့ အာဏာရှင်စနစ်ကို တိုက်ဖျက်ကြပါလို့ ပြောလိုက်ပါရစေ။

No comments: