.

.

.

February 21, 2011

တိုင်းပြည်အရေး မတွေးရဲစရာ တပ်မတော် ကိုယ်စားလှယ်များ


၂၁-၁-၂၀၁၁ ရက်နေ့က တပ်မတော်သား ကိုယ်စားလှယ်များရဲ့ အမည်စာရင်းကို တရားဝင် ကြေညာလိုက်တဲ့အခါ ပြည်သူလူထုအနေနဲ့ လွှတ်တော်မှာ အားကိုးအားထား ပြုလိုပြီး ဒီမိုကရေစီဘက် လိုလားကြမဲ့ တပ်မတော်အရာရှိများလို့ မျှော်လင့်ချက်နဲ့ စစ်ဘက်နီးစပ်သူများကို မေးနေကြပေမဲ့ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲနေကြောင်းကို ပြည်တွင်းမှ ပေးပို့လာချက်အရ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်မှတင်ပြ လိုက်ရပါတယ်။

စစ်အာဏာရှင်တွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ လွှတ်တော်/ အစိုးရလို့ စကားလုံး လှလှလေးများနဲ့ ဖုံးလွှမ်းပြောဆိုနေရာ စစ်ဘက်နီးစပ်သူ တစ်ဦးရဲ့ တင်ပြချက်အရ အများသူငှာ ဆင်ခြင် သုံးသပ်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ပထမဆုံး လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်များအကြောင်းကို ဖွင့်ချလိုက်ရပါတယ်။

တပ်မတော်က ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းအား ဇန်န၀ါရီလဆန်း ကတည်းက အထူးတာဝန် ပေးအပ်မည့် သူများလို့ အမည်တပ်ကာ ဒီအရာရှိတွေ အားလုံးကို နေပြည်တော်မှာ သင်တန်း (၂) ပတ်ကြာ ပေးနေခဲ့ပြီးသား ဖြစ်ပါတယ်။ လစာကို ၆ သိန်း အထိရမယ်၊ ကားဝယ်ယူခွင့်ကို ဈေးသက်သက်သာသာနဲ့ ရမယ်၊ အခြားသော ခံစားခွင့်တွေ ရရှိမယ်၊ “အဓိက” က တပ်မတော်အပေါ် အထူးသစ္စာရှိဖို့၊ ပေးတဲ့အမိန့်နဲ့တာဝန်ကို နာခံဖို့ဘဲလို့ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ မှာကြားခဲ့တယ်လို့ ဆိုပါတယ်။ အိမ်တွေ၊ မြေကွက်တွေ၊ ကားပါမစ်တွေ ချထားပေးမှာ ဖြစ်သလို လွှတ်တော်တက်ဖို့ ကားကိုယ်စီ ထုတ်ပေးခံရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ သက်ဆိုင်ရာ တိုင်း/ ပြည်နယ် လွှတ်တော်တွေ အတွက် အဆင့်မြင့်ဆုံး ဗိုလ်မှူးကြီးတွေ၊ ဗိုလ်မှူးချုပ်တွေ ဦးဆောင်ပြီး ဗိုလ်ကြီးအဆင့်ထိ ကိုယ်စားလှယ် အမည်တွေကို ကြည်း၊ ရေ၊ လေ အလိုက် တွေ့ရပါတယ်။ ကြည်းတပ်မှ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီးအဆင့် အရာရှိကြီးများမှာ အသက်ကြီးသူများ၊ သုံးစားမရသူများ၊ တော်သော်လည်း အပြစ်ရှာမရသူများ၊ ဗိုလ်မှူးချုပ် ဇော်မင်းလို တပ်မမှူးမပေးချင်သဖြင့် ကရင်ပြည်နယ် လိုအပ်ချက်အရ အကြောင်းပြပြီး ရွေးပေးတာမျိုး တွေ့ရပါတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ရွေးစဉ်က ဥပဒေရေးရာနှင့် ပတ်သက်ကာ နားလည်တတ်ကျွမ်းသူများ မပါစေရန် စိစစ် ခဲ့ကြောင်း သိရပါတယ်။ ထုံးစံအတိုင်း ကြည်းတပ်က ခွဲတမ်း အများဆုံးဖြစ်ပြီး မကွေး၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီနဲ့ ပြည်ထောင်စု လွှတ်တော်တွေမှာတော့ လေတပ်က စုစုပေါင်း ၂၀ ဦးသာ ပါပါတယ်။

လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်စေလွှတ်ရာမှာ လေတပ်မှ D.S.A (၃၅) ဆင်း ဗိုလ်မှူးထူးအောင်နဲ့ ဗိုလ်မှူးအောင်မြတ်တိုးတို့က အကြီးဆုံးဖြစ်ပြီး ကျန်ဗိုလ်မှူးများက D.S.A (၄၁) နဲ့ (၄၂) ဆင်း ဗိုလ်မှူးများ ဖြစ်ကြပါတယ်။ အင်ဂျင်နီယာ အရာရှိ (၂ ဦး)၊ လက်နက် အရာရှိ O.T.S (၉၁) ဆင်း ခွက်ပျောက် စစ်ဗိုလ်စာရင်းဝင် ဗိုလ်ကြီး (၁) ဦး မှအပ ကျန်သူများဟာ လေသူရဲများ ဖြစ်ကြပါတယ်။

သို့သော်လည်း ဒီအရာရှိတွေ အားလုံးဟာ လေတပ် စခန်းမှူး/ ဌာနချုပ်မှူးများက လေတပ်မှာ အသုံးမတည့်သူတွေကို ရွေးချယ် အမည်စာရင်း ပေးလိုက်သူများသာ ဖြစ်နေတာကို လေတပ် အသိုင်းအဝိုင်းက အသိဆုံး ဖြစ်ပါတယ်။ လေသူရဲများလို့ ဆိုပေမဲ့ လေယာဉ် ပျံသန်းခွင့်အား အကြောင်း အမျိုးမျိုးဖြင့် ရပ်ဆိုင်း ခံထားရသူများသာ ဖြစ်ပါတယ်။

လေတပ် ကိုယ်စားလှယ်များထဲမှ Senior အကျဆုံးဖြစ်သူ ဗိုလ်မှူးထူးအောင်ကနေ စပြောပြပါမယ်။ သူဟာ D.S.A (၃၅) ဘုရင့်နောင် တပ်ခွဲဆင်း ဖြစ်ပြီး စည်းကမ်းဖောက်ဖျက်မှုမှာ စံအတင်ရဆုံး ဗိုလ်လောင်းတစ်ဦး ဖြစ်ခဲ့ပါတယ်။ ညဘက်တွေမှာ တပ်ပြင်ခိုးထွက်မှု မကြာခဏ ကျူးလွန်သူမို့ Senior One (တတိယနှစ်) ဗိုလ်လောင်း ဘ၀မှာတောင် Final Year ထံ ၄ လုံးပက်နဲ့ SED (special extra drill ) သွားသွားပြေးခဲ့ရတာကို သိမှီသူ Intake အားလုံး မှတ်မိကြမှာ ဖြစ်ပါတယ်။ အရာရှိဖြစ်ပြီး လေတပ်ထဲမှာ ပျံသန်းရေးရော အုပ်ချုပ်ရေးမှာပါ သုံးမရတော့ မကောင်းကျောင်းပို့ ထုံးစံအတိုင်း D.S.A ကို လေတပ် နည်းပြအနေနဲ့ လွှတ်ထားခံရချိန်မှာ အခု သူနဲ့အတူ ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ D.S.A (၄၁၊ ၄၂) ဆင်းတွေလည်း ကျောင်းမှာ ဗိုလ်လောင်းအနေနဲ့ ရှိနေကြတာ ဖြစ်ပါတယ်။ သူတို့တွေထဲကမှ လေတပ်သွားမယ့် ဗိုလ်လောင်းတွေကို သူတို့လေတပ်ရောက်ရင် မောင်းရမယ့် PT-6 အမောင်းသင် လေယာဉ်ရဲ့ Check List တွေကို သူနဲ့လည်းမဆိုင် ရောင်းခွင့်လည်းမရှိပဲ မ၀ယ်မနေရဆိုပြီး မတန်တဆဈေးနဲ့ အတင်းရောင်းကာ စီးပွါးရှာခဲ့သူ ဖြစ်ပါတယ်။

အနှီဗိုလ်မှူးထူးအောင်ဟာ အဆောင်တွေ လိုက်စစ်ရင်း အဖိုးတန်ပစ္စည်းတွေ ဗိုလ်လောင်းတွေဆီက တွေ့တာနဲ့ အတင်းသိမ်းပြီး အပြစ်ပေးကာ ပြန်မပေးဘဲ မေ့ချင်ယောင်ဆောင် အပိုင်သိမ်းတတ်သူမို့ သူ့ကို သိမှီသူတိုင်း နှာခေါင်းရှုံ့ရသူ ဖြစ်ပါတယ်။ ရဟတ်ယာဉ် လေသူရဲ ဖြစ်ပေမဲ့ ပျံသန်းမှု လက်ရည် အလွန်ညံ့လို့ နည်းပြအဆင့် မရရှိဘဲ သာမန်အဆင့်သာ သတ်မှတ် ခံထားရသလို လိုင်စင်မဲ့ ဆိုင်ကယ် ကယ်ရီအဖြစ် ဗိုလ်မှူးအပွင့်ကြီး တကားကားဖြင့် လားရှိုးမှ မိတ္ထီလာအထိ ဦးစီးမောင်းနှင်မှု ပြုလုပ်နေတာကြောင့် စခန်းမှူးအဆက်ဆက်က ဥပေက္ခာပြု ခံထားရသူ ဖြစ်ပါတယ်။ လက်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းမှာ အုပ်ချုပ်ရေးတပ် ဒုတပ်မှူး အဖြစ် ဆီ၊ ချဲ စတဲ့ အကောက်တွေကို ကျားကွက်ချောင်းပြီး ဦးစီး ဆောင်ရွက်နေတာကြောင့် လေတပ်စခန်းတွင် သူမရှိရင် အေးရောဆိုတဲ့ သဘောနဲ့ အထူးတာဝန်ပေးကာ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာရသူ ဖြစ်ပါတယ်။

ပြည်တွင်းမှ ဆက်လက် သတင်းပေးနေရာ လာမဲ့ ဗုဒ္ဓဟူးနေ့တွင် ဒုတိယအပိုင်းကို တင်နိုင်အောင် ကြိုးစားသွားပါမည်…

No comments: