.

.

.

February 23, 2011

တိုင်းပြည်အရေး ရင်လေးဖွယ် တပ်မတော် ကိုယ်စားလှယ်များ


စစ်အာဏာရှင်တွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ လွှတ်တော်/ အစိုးရလို့ စကားလုံး လှလှလေးများနဲ့ ဖုံးလွှမ်းထားရာ ပထမဆုံး လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်များ အကြောင်းကို စစ်ဘက်နီးစပ်သူ တစ်ဦးရဲ့ ပေးပို့ တင်ပြချက်အရ အများသူငှာ ဆင်ခြင် သုံးသပ်နိုင်စေဖို့ ဆက်လက် ဖွင့်ချလိုက်ပါတယ်။

မန္တလေးတိုင်း လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူကတော့ မြေပြင်အတတ်သင် လေတပ်စခန်းမှ အင်ဂျင်နီယာ အရာရှိ ဗိုလ်မှူးအောင်နိုင်ဦး ဖြစ်ပါတယ်။ O.T.S ဆင်း B.E ဘွဲ့ရ အရာရှိ တစ်ဦးဖြစ်ကာ D.S.T.A နည်းပြအဖြစ်မှ လေတပ်ထဲ ပြန်လည်ရောက်ရှိတာ မကြာသေးဘဲ (လမသ) စက်မှုလက်မှုတပ် စက်လက်ကြီးကြပ်ရေး အရာရှိအဖြစ် တာဝန်ယူနေစဉ် လေတပ် စခန်းမှူးရဲ့ ဆီခွဲတမ်းကဲ့သို့သော ကိစ္စရပ်များနဲ့ ပတ်သက်ပြီးတော့ မကြာခဏ ပြဿနာတက်တတ်တာကြောင့် အမည်စာရင်းပေး ခံလိုက်ရသောသူ ဖြစ်ပါတယ်။

နောက်တစ်ယောက်မှာ ဧရာဝတီတိုင်း ကိုယ်စားလှယ် ပုသိမ် လေတပ်စခန်း ဌာနချုပ်မှ O.T.S (၉၁) ဆင်း ခွက်ပျောက်စစ်ဗိုလ် စာရင်းဝင် ဗိုလ်ကြီးတင်မောင်ထွန်း ဖြစ်ပါတယ်။ အရက် အလွန်အကျွံ သောက်ကာ မကြာခဏ ပြဿနာရှာတတ်သူ ဖြစ်သလို အဆင့် တိုးမြှင့်ပေးခြင်း မခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အထက်အရာရှိ အားလုံးကို အရက်မူးတာနဲ့ အော်ဆဲနေတတ်သူ ဖြစ်ပါတယ်။ D.S.A ကျောင်းဆင်းများအပေါ် လုံးဝ ကြည့်မရသူလည်း ဖြစ်ပါတယ်။ လေတပ် သတင်းများ ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး သူ့အပေါ် သံသယ ရှိနေသလို ကာကွယ်ရေးဦးစီးချုပ် (လေ) ကြိမ်းမောင်းထားတဲ့ မိမိစခန်းမှ သတင်းပေးနေသူ ပေါ်ပေါက်ခဲ့လျှင် လေတပ်စခန်းမှူးကိုပါ အရေးယူမယ်ဆိုတဲ့ စကားကိုလန့်ကာ ယခုနိုင်ငံခြားရေးသို့ ပြောင်းသွားသော ဗိုလ်မှူးချုပ် ဇင်ယော်က အမည်ထည့်လိုက်ခြင်း ဖြစ်ပါတယ်။

ကျန်တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များထဲမှာလည်း ဘောလုံးပွဲ ဒိုင်ကိုင်ကာ ငွေကြေး အရှုပ်အရှင်း များနေသူတွေ၊ လူမှုရေး ပြဿနာများကြောင့် အုပ်မှူး၊ တပ်မှူးများက Black List သတ်မှတ်ထားသူတွေ၊ လေယာဉ်ပျံသန်းမှု မပြုရန် ရပ်ဆိုင်းခြင်း ခံထားရသူတွေက အများစု ဖြစ်နေပါတယ်။ မည်သည့် ပြစ်မှုမှ မရှိစေကာမူ အချို့မှာ လေတပ် စခန်း/ အုပ်များတွင် မည်သူနှင့်မှ မတည့်သူ၊ ရပိုင်ခွင့် ဆိုင်ရာများအတွက် ပြဿနာရှာနေသူ၊ မရှိလည်းဖြစ်သော သူများကိုသာ လိုရာခိုင်းစေဖို့ စေလွှတ်လိုက်ခြင်းသာ ဖြစ်ပါတယ်။ အချို့ဆိုရင် စစ်ဘက်စာ ရေးသားနည်းပင် သေချာ နားမလည်တာကြောင့် အချိန်စေ့လို့သာ ဗိုလ်မှူးဖြစ်လာတဲ့ ဘုရားစူး ဗိုလ်မှူးများလို့တောင် တပ်မှူးများက သြဘာပေးထားသူများ ဖြစ်နေပါတယ်။

ထိုသို့ဆိုလျှင် ထိုထိုသောသူများသည် အနာဂတ် မြန်မာနိုင်ငံတော်၏ လွှတ်တော်အသီးသီးတွင် မည်သို့ဆုံးဖြတ် ဆင်ခြင်ကာ ပြည်သူများ၏ မျှော်လင့်ချက်ကို အတည်ပြုကြပါ မည်နည်း။ နိုင်ငံ၏ ကောင်းရာကောင်းကျိုးအတွက် မည်သို့ စဉ်းစား ဆောင်ရွက်နိုင်ပါမည်နည်း။ စာဖတ်သူအားလုံး ရူမြင် သုံးသပ်ကြပါကုန်။


No comments: