.

.

.

February 25, 2011

ငါမသေဘူး ရေကူးတတ်တယ်


တလောတုန်းက လွတ်တော်မှာ ဒုဗိုလ်ချုပ်ကြီးတင်အေး သတင်းနဲ့ စပ်လျဉ်းပြီး သိချင်တယ်ဆိုလို့ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်မှ ပြည်တွင်းရှိ စစ်ဘက်နီးစပ်သူများအား မေးမြန်း ပြောဆိုကြည့်ရာမှ သိရှိခဲ့ရတဲ့ သူ့အကြောင်းကို အခုလို ဖောက်သည်ချလိုက်ပါတယ်။ ဗိုလ်တင်အေးဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခလရ (၁) တပ်ရင်းမှာ တပ်ရင်းမှူး ဘဝဖြစ်စဉ်က အနီးကပ် IO ထောက်လှမ်းရေး အရာရှိ တာဝန်ကို ထမ်းဆောင်ခဲ့တာကြောင့် “အတွင်းလူ” လို့ ဆိုရမှာ ဖြစ်ပါတယ်။ စစ်တက္ကသိုလ် အပတ်စဉ် DSA - 9 ကျောင်းဆင်းဖြစ်ပြီး အခု သမ္မတလုပ်နေတဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ အပတ်စဉ်တူ သူငယ်ချင်းဖြစ်ကာ အချင်းချင်း ရင်းနှီးကြသူလည်း ဖြစ်ပါတယ်။ ဗိုလ်တင်အေး စကခ (၄) တပ်မမှူးဘဝတုန်းက ကမ္ဘာအေးဘုရားမှာ အပူဇော်ခံနေတဲ့ စွယ်တော်မြတ်ရဲ့ အတွင်းစည်း အပြင်စည်း လုံခြုံရေးတာဝန်ကို ယူခဲ့ရပါတယ်။ အဲဒီအချိန် စွယ်တော်မြတ်ကို ဗုံးခွဲခံရတော့ တာဝန်ရှိတဲ့သူ တစ်ဦးအနေနဲ့ တော်ရုံတန်ရုံဆိုရင် မလွတ်တော့ဘဲ အရေးယူခံရဖို့ ကျိန်းသေတော့တာကြောင့် အကျဉ်းသား ဝတ်စုံဖြစ်တဲ့ အဖြူရောင်ဝတ်စုံကို ဝတ်ဖို့ ဗိုလ်တင်အေးဟာ သူ့ရဲ့စစ်ဦးစီး အရာရှိများအား ပြင်ဆင်ထားခိုင်းခဲ့တဲ့အထိ ဓါတ်ကျခဲ့ပါတယ်။ စွယ်တော်မြတ် ဗုံးကွဲတာနဲ့ပတ်သက်ပြီး လုံခြုံရေးအရ မည်သူ့တွင် တာဝန်ရှိကြောင်း ကက (ကြည်း) က ထုတဲ့အပေါ် ထောက်လှမ်းရေးနဲ့ ကြည်းတပ်တို့အကြား သူ့အပြစ် ကိုယ့်အပြစ်ဆိုကာ အပြန်အလှန် ဘောလီဘော ပုတ်ခဲ့ကြပါတယ်။ အဲဒီတုန်းက ထောက်လှမ်းရေးဟာ အစွမ်းထက်နေပေမဲ့ သူ့ထက်ပိုစွမ်းတဲ့ စကခ (၄) တပ်မမှူး ဗိုလ်တင်အေးက ပိုပြီး အစွမ်းထက်တဲ့ အနေနဲ့ တပ်မမှူးဘဝမှ တပခ တိုင်းမှူးအဖြစ် ရာထူးတောင် ထိုးတက်သွားခဲ့ပါတယ်။ တဖန် တိုင်းမှူးဘဝမှာ ကပစ စက်ရုံများကို ကိုင်တွယ်ရတဲ့ တပ်မတော်ရဲ့ အရေးကြီးဆုံးနေရာ ကကထုတ်ကို ရာထူးတိုးသွားပြန်တာကြောင့် တပ်မတော်အသိုင်းအ၀ိုင်းက အထူးအံ့သြကြရပါတယ်။ သည့်ထက်ပိုပြီးတော့ အံ့သြစရာ သွားရည်ယိုစရာ ဖြစ်တာကတော့ အရာရှိတိုင်း လိုချင်ကြတဲ့ တပ်မတော်ရဲ့ ထမင်းအိုးကြီးကို ခွကိုင်ထားရတဲ့ “ဦးပိုင်” ကို အုပ်ချုပ်ကိုင်တွယ်ခွင့် တပါတည်း ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဗိုလ်တင်အေးဟာ ခေသူမဟုတ်ဘဲ ဗိုလ်သန်းရွှေရဲ့ လူယုံတွေထဲမှာ အနီးကပ်ဆုံး ပါဝင်နေတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ အမျိုးသားညီလာခံ ကျင်းပစဉ်က ကော်မရှင် ဥက္ကဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်ဟာ အုပ်ချုပ်မှုဖြစ်တဲ့ ညီလာခံကိုယ်စားလှယ်များ သွားလာရန် လေအေးပေးစက်ပါ ကားကြီးများ ထားပေးဖို့ အခက်အခဲရှိနေရာ ဦးပိုင်ကို ကိုင်ထားတဲ့ ဗိုလ်တင်အေးက သူငယ်ချင်းဖြစ်သူ ဗိုလ်သိန်းစိန် လိုအပ်သော အရာမှန်သမျှ အကုန်လုပ်ပေးကြလို့ ဦးပိုင်အရာရှိများအား အထူးမှာကြားခဲ့ကြောင်း သိရပါတယ်။ အများသိချင်တဲ့ အဖြေတစ်ခုကို ပြောရရင် ဗိုလ်သန်းရွှေဟာ ပြဿနာတက်တဲ့ ထိပ်ပိုင်း ဗိုလ်ချုပ်များအား ရှင်သန်ခွင့် လုံးဝမပေးဘဲ နိပ်ကွပ်တဲ့ ထုံးစံရှိကြောင်း၊ ယခင်က ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်သိန်းစိုးအား ရွေးကောက်ပွဲမှာ ပြဿနာများရှိခဲ့ရာ မကျေလည်လို့ အစားထိုးခြင်း ဖြစ်ကြောင်း၊ ဗိုလ်တင်အေးကို ပြဿနာတက်လို့ နုတ်ထွက်ခိုင်းတာထက် သူ့အား နေရာပေးချင်လို့ လုပ်ထုံးလုပ်နည်းအရ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ရာထူးအတွက် နုတ်ထွက်ခိုင်းတာဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

No comments: