.

.

.

March 4, 2011

စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်နဲ့ ကက (လေ)


စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်အား တိုက်ခိုက်ခံရပြီးတဲ့နောက် လေတပ်အတွင်းက အောက်ခြေ အရာရှိ စစ်သည်များရဲ့ ဝက်ဘ်ဆိုဒ်အပေါ် ထားရှိသော သဘောထားများနဲ့ ကာကွယ်ရေး ဦးစီးချုပ် (လေ) ရဲ့ ထင်မြင်ယူဆ ပြောဆိုချက်များကို လေတပ် အသိုင်းအဝိုင်းက အခုလို သတင်း ပေးပို့လာပါတယ်။ ၁၂- ၆- ၂ဝ၁ဝ နေ့မှစပြီး နောက်ပိုင်းမှာ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်ကို အားတိုင်း ဝင်ကြည့်သော်လည်း လုံးဝဖွင့်မရတော့တဲ့ အခြေအနေကို တွေ့ရတာကြောင့် နီးစပ်ရာ အချင်းချင်း လက်တို့ မေးမြန်းခဲ့ကြရပါတယ်။ ၁ဝ/၆/၂ဝ၁ဝ မှ ၁၂/၆/၂ဝ၁ဝ ထိ လထခမှာ ပြုလုပ်ခဲ့တဲ့ လေးလပတ် အစည်းအဝေးမှာ အစည်းအဝေး မှတ်တမ်းတွေကို အထူး လျှို့ဝှက်ထားဖို့ ညွှန်ကြားချက်နဲ့အတူ စာဝင်/ထွက် ကြေးနန်းများ အားလုံးကို ပိုမို တင်းကြပ် စီစစ်လာတဲ့အပြင် ဖုံးနှင့်အင်တာနက် သုံးစွဲမှုအားလည်း စောင့်ကြည့်ခိုင်းလာခဲ့ပါတယ်။

လေတပ်အတွင်းက အဖြစ်အပျက်များနဲ့ ပတ်သက်ပြီး စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်ပေါ်မှ တင်ပြချက်များဟာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ တပ်မတော်မှ အတွင်းရေးများကို မိမိ အကျိုးစီးပွါးအတွက် သစ္စာဖောက်သူများ၊ နိုင်ငံတော်မှ ကျွေးတဲ့ ထမင်းကိုစားပြီး အကျိုးမဲ့လုပ်ရပ်ကို လုပ်နေသူများရဲ့ လက်ချက်များသာဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် (လေ) မှ ရောက်လေရာ တပ်စခန်းများတွင် ရှုတ်ချ ပြောဆိုနေပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် “လေတပ်သတင်းများကို စုစည်းကာ ရှာဖွေပေးနေသူများနဲ့ ပြည်ပတွင် အကြောင်းအမျိုးမျိုကြောင့် ရောက်ရှိနေတဲ့ လေတပ်သားဟောင်းများဟာ ရည်ရွယ်ချက် တစ်ခုအတွက် ကွန်ယက်တည်ဆောက် ဆောင်ရွက်နေကြခြင်း” ဟု လေတပ်ရှိ အရာရှိ စစ်သည် အများစုကတော့ လက်ခံ ယုံကြည်နေကြပါတယ်။ အမှန်တရားကို တင်ပြလို့မရဘဲ မျက်စိပိတ် နားပိတ် ခံထားရတဲ့ တပ်မတော်သားတွေနဲ့ ပြည်သူလူထုတွေအတွက် လွတ်လွတ်လပ်လပ် ရင်ဖွင့်ဖို့ နေရာလေးတစ်ခုအဖြစ် စည်းလုံးခြင်းရဲ့အင်အားဟာ ပေါ်ထွက်လာတယ်လို့လည်း လက်တို့ပြောကြား ဖြန့်ဝေနေကြပါတယ်။

လေတပ်သားတို့ရဲ့ ဖြစ်ရပ်မှန်များကို ဖော်ထုတ်ပေးနေတဲ့အတွက် လေတပ်ဟာ နအဖခေတ်မှာ နှိပ်ကွပ်ခံနေရတာတွေကို မှတ်တမ်းတင် သိမြင်နိုင်သလို အရာရှိ စစ်သည်တို့ရဲ့ ရင်ဖွင့်သံများအဖြစ် ဗွီအိုအေမှ ထုတ်လွှင့်ပေးသော စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်မှ ဆောင်းပါးများကို အသံလွှင့်အပြီးမှာလည်း လေတပ်အရာရှိ စစ်သည်အများစုက ပိုမိုအားပေးကာ စောင့်မျှော် နားထောင်နေကြပါတယ်။ အင်တာနက် လွတ်လွတ်လပ်လပ် သုံးရန်မှာမူ စောင့်ကြည့်မှုများကြောင့် လူတိုင်းအတွက် အဆင်မပြေနိုင်သော်လည်း လေတပ်စခန်းမှူးများ၊ တပ်မှူးများကတော့ တဖက်လှည့်ဖြင့် ဤဝက်ဘ်ဆိုဒ်ပေါ်မှ သတင်းများကို အမောတကော စောင့်ဖတ်နေကြပါတယ်။

တကယ်တော့ တပ်မတော်ဟာ နိုင်ငံတော်အတွက် ဖြစ်ရပါမယ်။ ခေါင်းဆောင်မှု မှားယွင်းနေခြင်းကို ခေါင်းငုံ့မခံဘဲ မတရားသော အမိန့်များအောက်မှ ရုန်းထွက်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ တပ်မတော်တရပ်လုံးမှ မဟုတ်စေကာမူ မိမိတပ်ဖွဲ့အလိုက် မှားယွင်းနေတဲ့၊ အဆင်မပြေတဲ့၊ စစ်သည်များရဲ့ ဘဝအခြေအနေများ၊ တပ်မတော်ရဲ့ပုံရိပ်ကို အကျည်းတန်စေတဲ့ ဖြစ်ရပ်များအား တင်ပြခြင်းဖြင့် ပြည်သူများအား သိရှိစေသလို၊ တပ်မတော်အတွင်းရှိ အဆင့်အတန်းများ အားလုံးကိုလည်း သိရှိစေပြီး အမှားများကို ရပ်တန်းကရပ်စေလိုတဲ့ ရည်ရွယ်ချက်ဖြင့်၎င်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ ပြည်သူ့ဘက် အခြေအနေ ပေးလာပါက ရပ်တည်ပေးစေလိုတဲ့ ရည်ရွယ်ချက်များဖြင့်၎င်း၊ ပြည်တွင်းပြည်ပက ဆောင်းပါးရှင်များမှ ဤဝက်ဘ်ဆိုဒ်တွင် တင်ပြနေကြခြင်း ဖြစ်ကြောင်းကို လေတပ်အရာရှိ စစ်သည်များ နားလည်သဘောပေါက်ကာ အချင်းချင်း ပြောဆိုကြကြောင်း သိရှိရပါတယ်။ ပြည်တွင်းက ဆောင်းပါးရှင်များအနေနဲ့ တချက်မှားပါက တသက်လုံး ထောင်နံရံတွင်း သော်လည်းကောင်း၊ စစ်ကြောရေးဝင်စဉ် သော်လည်းကောင်း ဘဝဆုံးနိုင်သည်ကို သိရက်ဖြင့် ရဲဝင့်စွာ စွန့်စား တင်ပြနေရတာကိုလည်း စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်က ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်လျက် ရှိနေပါကြောင်း တင်ပြအပ်ပါတယ်။

No comments: